တရွေ့ရွေ့နဲ့ လေပြေချို တို့ သယ်ဆောင်တဲ့နောက် ကောက်ကောက်ပါအောင် လိုက်ပါ နေသလို ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးဆီမှာလည်း လှိုင်းဖွေးဖွေးလေးတွေက သွားလိုက်လာလိုက်နဲ့ ပြေဆော့ ကစားရင်း ကမ်းခြေကို ဆိုက်ကပ်တဲ့ လှိုင်းရိုက်တဲ့ အသံတွေကို နားစွင့်မိတော့ သာယာတဲ့ သံစဉ်တစ်ပုဒ်အလား သာယာ ညိမ့်ညောင်းလို့ နေလေရဲ့.... အခုလို ညှို့ယူ နိုင်လွန်းတဲ့ သဘာဝရဲ့ အလှတရား တွေကို ကျမ အရမ်းကို မြတ်နိုး နှစ်သက် မိပါတယ်...
ကောင်းကင်နဲ့ ပင်လယ်ပြင်ကြီးရဲ့ လိုက်ဖက်စွာနဲ့ တင့်တယ်နေတဲ့ သဘာဝအလှ လေးကို ရင်ခုန်သံ စည်းချက်မှန်စွာ နဲ့ ကဗျာဆန်ဆန်လေး ခံစားတက် တဲ့ကျမကို ရူးသွပ်နေတယ်လို့ ဝေဖန်ပြောဆို ကြမှာလားဟင်... ဝေဖန်သံလေးများ ကြားခဲ့ရင်လည်း ကျမ လစ်လျှူရှု့ထားမိမှာ မဟုတ်ပါဘူး.................. ဘာဖြစ်လို့လဲဆိုတော့ အဲ့လိုဝေဖန်တဲ့ စကားလုံးတွေကို လှလှပပလေး သီကုံးပြီး သီချင်းတစ်ပုဒ်လို ခံစား သီဆိုလိုက်မိမှာအမှန်ပါပဲ... သာယာလွန်းနေတဲ့ ဒီမြင်ကွင်းလေးမှာ ကြည်နူးစွတ်ပျံ့စွာ ညိမ့်ညိမ့်လေး စီးမျောရင်း ကျမရဲ့ စိတ်ဝိဥာဉ်ကို ဆွဲဆောင်နိုင်လွန်းတဲ့ ဒီရေလှိုင်းလေးတွေကို မနာလိုတောင် ဖြစ်ချင်မိပါရဲ့...။
ဒီနေ့မနက် နေရောင်ခြည်တွေ ကလန့်ကာအဖွင့်မှာ ကမ်းခြေရဲ့ သာယာတဲ့အလှကို ပန်းချီဆရာ များရဲ့ စုတ်ချက်ကတွေက အံ့သြစရာကောင်းလောက်အောင် အလှမ်းမမှီနိုင်သလို ကဗျာဆရာ တွေအတွက်တော့ ကာရံလှတဲ့ စကားစပ်တွေနဲ့ အတွေထဲစီးမျော သွားအောင် အရမ်းကို သာယာ လှပနေလိုက်တာလေ... သဘာဝရဲ့ အလှတရားတွေကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးတက်သူ ကျမတစ်ယောက် ကိုယ့်ခံစားချက်နဲ့ကို ရှုခင်းလေးတွေကို မမောနိုင် မပမ်းနိုင် တဖျတ်ဖျတ်နဲ့ ဓါတ်ပုံတွေ လျှောက်ရိုက်နေမိတာပေါ့.....။
ဒီပုံလေးက လိုက်ဖက်လှတဲ့ ကောင်းကင်ပြာပြာကြီးရယ်... ပြီးတော့ ရေပြာပြာမှာ လှိုင်းပြေပြေလေးတွေနဲ့ တင့်တယ်နေတဲ့ ပင်လယ်ပြင်ကြီးရယ်... ဟိုး.... အဝေးကြီးမှာ ထိစပ်နေပုံက ကျမရဲ့ အမြင်အာရုံတစ်ချို့ကို လန်းဆန်းနေစေတယ်လေ... ကောင်းကင်နဲ့ ပင်လယ်ဆိုတာ မိုးနဲ့မြေလိုပဲ အရမ်းကို အလှမ်းကွာလွန်းတယ် ဆိုပေမယ့် တစ်နေရာရာမှာတော့ သွားပြီး ဆုံတွေ့ခွင့် ရတာပဲနော်... သူတို့တွေရဲ့ အလှက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလိုပဲ... ခိုင်းနှိုင်းပြ ရရင်တော့ အရမ်းချစ်ကြတဲ့ ချစ်သူတွေလိုပေါ့... ဒီကောင်းကင်ကြီးကြောင့် ပင်လယ်ပြင်ကြီး အသက်ရှင်နေရသလို ဒီပင်လယ်ပြင်ကြီးကြောင့်လည်း ကောင်းကင်ကြီးက လှပစွာနဲ့ ရပ်တည်ခွင့် ရနေတာလေ... တစ်ယောက်ရဲ့ အတွင်းစိတ်ကို တစ်ယောက်က သိနေသလို ပင်လယ်ပြင်ကြီး လွမ်းနေချိန်မှာ ကောင်းကင်ကြီးက ငိုနေမှာ အသေအချာပဲနော်... အဟင့် ပြောရင်းနဲ့တောင် လွမ်းချင်လာပြီ... (ကြော်ငြာဝင်တာပါ)... အတွေးတွေနယ်လွန်ရင်း သူတို့နှစ်ဦးရဲ့ ဆုံမှတ်လေးဆီ အပြေးအလွှား သွားလိုက်မိတာတော့ ကျမရဲ့ စိတ်ဝိဥာဉ် လိပ်ပြာငယ်လေးပေါ့ကွယ်.....
ဒီမြင်ကွင်းလေးက တော့ စိတ်ကူးယဉ်ဆန်တဲ့ ပန်းချီကား တစ်ချပ်အလား ထင်ရတယ် ဆိုပေမယ့် သေသေချာချာ ဝေဖန် သုံးသပ်ကြည့်တော့ လောကကြီးက သဘာဝကျကျနဲ့ အပြစ်မြင်စရာ မရှိလောက်အောင် တရားမျှတမှု ရှိပါတယ်လေ... အမှန်တစ်ကယ်ပါ.. ကျမရဲ့စိတ်၊ ကျမရဲ့အမြင်လွှာ အာရုံတွေကို မယုံကြည်နိုင် လောက်အောင် အလစ်သုတ်ခြင်း ခံလိုက်ရပြီပဲ....
ဒီပုံလေးကတော့ ချစ်သူနှစ်ဦး ကမ်းခြေက သဲသောင်ပြင်မှာ သဲအိမ်လေးဆောက်နေတာလေ... ကြည်နူးစရာလေးပေါ့... နွေလယ်ခင်းကြီး ဘယ်လောက်ပူပြင်းပါစေ ချစ်သူနဲ့သာဆို တူနှစ်ကိုယ် သဲအိမ်လေးဆောက်လို့ ပျော်ရွှင်စရာ ရသလေးတွေ တစ်ခုပြီးတစ်ခု ဖန်တီးနေမိမှာ အမှန်ပဲပေါ့နော်...
အုန်းစိမ်းရေလေး သောက်ပါအုံးလား... နေပူဒဏ်ကို ခံနိုင်ရည်ရှိဖို့ အုန်းစိမ်းရေက ဖေးကူးထားတယ်တဲ့လေ... ပြီးတော့ အုန်းစိမ်းရေသောက်ပြီးမှ ရေထဲဆင်းရင်၊ လှိုင်းစီးရင် အပူမရှပ်တော့ဘူးတဲ့..... ရောင်းတဲ့သူတွေပြောတာပဲ... ကျမလည်း ကမ်းခြေရောက်ရင် အုန်းစိမ်းရေ ဘာကြောင့်သောက်ကြလဲဆိုတာ အခုမှပဲသိတော့တယ်။
ဒီလိုအချိန်မျိုး ကုန်ဆုံးသွားမှာကို ရင်တုန်အောင် ကြောက်နေမိသူက ကျမရယ်ပါ... တဖြည်းဖြည်းနဲ့ ဆည်းဆာချိန်ကို ကျောခိုင်းလို့ နေမင်းကြီးလည်း ပျောက်ကွယ်လုနီးပြီ... ဒီမြင်ကွင်း လေးတွေ ကြည့်မ၀ခင်မှာပဲ နေမင်းကြီးကွယ်ပျောက်လို့ အမှောင်ထုက ကြီးစိုးနေတော့မှာ... တိတ်ဆိတ်တဲ့ ဒီညမှာ အမှောင်ယံကို အန်တုလို့ ကဗျာတစ်ပုဒ် ဖန်ဆင်းနေတုန်း တစ်ချက်တစ်ချက် ကြားမိလိုက်တဲ့ ဟိုအမှောင်ထဲက ထစ်ချုန်းလာတဲ့ မိုးခြိမ်းသံကို ကျမနှလုံးသားက လက်မခံနိုင်လောက်အောင် မုန်းတီးမိတာတော့ မဆန်းလောက်ပါဘူးနော်... အိပ်စက်ခြင်းဆိုတဲ့ အကြီးမားဆုံးရန်သူကို လစ်လျှူရှုလို့ မပြီးနိုင်သေးတဲ့ ၀တ္ထုတစ်ပုဒ်ကို ဆက်ရေးရင်း တစ်မိုး သောက်ခဲ့ပြန်ပါတယ်...
အလုပ်ကိစ္စနဲ့ ခရီးသွားရင်း အမှတ်မထင် ချောင်းသားကိုရောက်သွားတယ်... အမှတ်တမဲ့ပေမယ့် အမှတ်တရဖြစ်အောင်း ကျမမြတ်နိုးတဲ့ သဘာဝရဲ့အလှတွေကို မှတ်တမ်းတင်နိုင်ခဲ့တယ်လေ... ကျမချစ်တဲ့ ဘလော့ဂါမောင်နှမ မိတ်ဆွေ သူငယ်ချင်းတွေဆီလည်း အလည်မရောက်တာတောင် အတော်ကြာပေါ့... ကျမရဲ့ဘလော့အိမ်လေးကို ကျမမရှိတဲ့အချိန်မှာ အလည်လာပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်နော်... ပိုစ်တွေမတင်ဖြစ်တာလည်း အရမ်းကြာသွားသလို ဒီအိမ်လေးကို ပြစ်ထားမိလို့ အားငယ်နေမလားပဲ... အလုပ်ဘယ်လောက်များပေမယ့် စာရေး၊ စာဖတ်တာရူးသွပ်သူမို့ မကြာမကြာတော့ ရေးနိုင်အောင်ကြိုးစားပါ့မယ်...
အားပေးသူ သူငယ်ချင်းမိတ်ဆွေများကို
အစဉ်လေးစားချစ်ခင်လျက်
လေပြေချို (11:30 PM)
ပုံလေးတွေကလှလိုက်တာ
ReplyDeleteကျွန်တော်လည်း အဲလိုမျိုးသဘာဝအလှတွေကို ကြိုက်တယ်
အဲလိုမျိုးကမ်းခြေနားမှာတွေတစ်ခါမှ မသွားဖူးတော့ ပုံထဲမှာနဲ့တင်ကို ကြည့်ရတာ တော်တော်ပျော်စရာကောင်းမဲ့ပုံပဲနော်
သဘာဝအလှတွေဆိုတော့လည်း ဘယ်ပုံကြည့်ကြည့်လွမ်းစရာလေးတွေပါပဲလား
တစ်ယောက်တည်းဓါတ်ပုံသွားရိုက်တာလား မမလေပြေချိုက
အုန်းသီးနှစ်လုံးတွေ့တော့ အဟိ နှစ်ယောက်ထင်တယ်နော်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
ဓါတ်ပုံဆရာမကဒီလောက်လှနေမှတော့ သူရိုက်တဲ့ပုံတွေမလှရှိပါ့မလားကွယ်
ReplyDeleteအရမ်းမိုက်တယ် ပုံတွေလဲ တကယ်ခံစားလို့ရအောင်ကိုဆွဲဆောင်စေတယ်
အုန်းရည်လဲသောက်ခဲ့တယ်နော်......လေပြေချိုလှလှရေ
သီချင်းလေးနားဆင်ရင်း ရိုက်ချက်ကောင်းတဲ့ သဘာဝရဲ့ အလှတရားလေးတွေကို
ReplyDeleteခံစားသွားတယ် လေပြေချိုရေ။ ကမ်းခြေသောင်စပ်မှာ သောက်ရတဲ့အုံးစိမ်းရေ ချိုချိုမွှေးမွှေးရဲ့ အရသာကိုခံစားဘူးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သဘာဝရှုမျှော်ခင်းတွေက ပန်းချီကားတစ်ချပ်လိုပါပဲ ။
ReplyDeleteလှလိုက်တာ....
စာတွေ ကဗျာတွေ အဆက်မပြတ်ရေးပါဦး လေပြေရေ .....
လေပြေရေ..
ReplyDeleteအလွမ်းဒဏ်တွေကို ထပ်ဆင့်ခံစားရင်း ပုံလေးတွေကြည့်သွားတယ်။
ရိုက်တဲ့သူကလည်းလှ ကမ်းခြေလေးကလည်း။ကွက်တိပါဘဲလားကွယ်
This comment has been removed by the author.
ReplyDeleteရိုက်ချက်တွေအရမ်းကောင်းတယ် ပညာရှင်လက်ရာပဲ ။အဲ့လိုရိုက်တတ်ချင်တယ် အားကျထှာ။
ReplyDeleteအပေါ်ကကော့မက်က အကောင့်မှားပြီးပေးမိတာ
ချောင်းသာသွားတာကို တို့တွေကို မခေါ်ဘဲပစ်ထားခဲ့တယ်။ အုန်းရေလေးသောက်ချင်လိုက်တာ။
ReplyDeleteအလုပ်ကိစ္စနဲ့ပုသိမ်ကိုသွားရင်း အမှတ်မထင်ရောက်သွားတာလေ... အပျော်ခရီးထွက်တိုင်း သူငယ်ချင်းတွေပါရင် သိပ်ကောင်းမှာပဲလို့ အမြဲတွေးမိတယ်... ရင်ထဲမှာလည်း အမြဲရှိတယ်... နောက်တစ်ခါသွားရင် အားလုံးကို အသိပေးပြီးမှသွားမယ်... တစ်ကယ်လိုက်ခဲ့ရမယ်နော်:)))
Deleteခင်တက်တဲ့
လေပြေ
တကယ်ခေါ်မှာလားမ....တကယ်လားဟင်...
ReplyDeleteဟိုရက်ကမှ ညလေးဦးလေးနဲ့ အဒေါ်လဲ ကားကိစ္စနဲ့ ပုသိမ်သွားရင်း
ချောင်းသာကို ရောက်ခဲ့သေးတယ်တဲ့...အဲဒိကတည်းက ချောင်းသာကို
သတိရနေတာ..မရောက်တာကြာပေါ့...ဓါတ်ပုံလေးတွေလဲ လှလိုက်မရယ်
တကယ့်ကို professional ရိုက်ချက်တွေပဲ...အဟဲ...ဟာလ၀ါများ
စားရမလားလို့..ဟုတ်ပါဝူး..တကယ်ပြောတာပါ...ပုံလေးတွေကလဲလှ
စာအရေးအသားကလဲ ညက်ညောတော့ ဒီပို့စ်ကို ဘယ်နှကြိမ်ပြန်ဖတ်မိမှန်းတောင်
မသိတော့.....:)))
ချစ်တဲ့...မိုးနတ်
ပင်လယ်ကမ်းခြေတွေရဲ့ အလှအပ နေဝင်ဆည်းဆာတွေနဲ့ဝေးခဲ့တာတောင် အတော်ကြာခဲ့ပြီပေါ့....
ReplyDeleteပုံတွေကြည့်ရင်း ခဏတာကြည်နူးသွားပါတယ်။
ကချင်ပြည်မှာတော့ ... ခုလောလောဆယ် ဗုံးသံ သေနတ်သံတွေနဲ့မို့....
အပင်ထက်က သစ်ခွပန်းတွေ အလှချင်းမပြိုင်နိုင်သလို သဘာဝတောပန်းနံ့တွေလည်း မသင်းပျံနိုင်တော့ပြီ....
မ ရေ.. တကယ်ကြည်နူးစရာမြင်ကွင်းတွေပဲ.. ပိုစ့်တွေကလည်း ထင်မထားအောင် အတော်လေးပြောင်မြောက်လာတယ်.. စိတ်လည်းချမ်းသာနေတယ်ထင်ပါ့.. ညလေးတောင် စိတ်ချမ်းသာသွားတယ်.. ဒီလိုအမြဲတမ်း တွေ့ခွင့်ရပါစေ.. မ .. နော်.. :)
ReplyDelete