1. 1. 1.

Saturday, June 23, 2012

အိမ်ထောင်ဖက်ရွေးတဲ့အခါ သတိထားရမယ့် အချက်များ

     အိမ်ထောင်မကျသေးတဲ့၊ အိမ်ထောင်ပြု့ဖို့ ကြိုးစားနေကြတဲ့ လူပျိုကြီး၊ အပျိုကြီးများ မောင်လေး၊ ညီမလေးများအတွက် ရည်ရွယ်ပါတယ်နော်...။ အချစ်မှာ မျက်စိမရှိမဘူးတဲ့၊ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ရင် အပြစ်များတောင် မမြင်တော့ဘူးဆိုလားပဲ..။ဒီစကားလေးတွေက ချစ်သူတွေဘ၀မှာတော့ မှန်သင့်သလောက်ပဲမှန်ပါလိမ့်မယ်။ တစ်ကယ်တန်း နှစ်ကိုယ်တူ ဘ၀ခရီးလမ်းကို တူယှဉ်ကာ လျှောက်လှမ်းကြတော့မယ်ဆိုရင်တော့ “မျက်တောင်းမွှေးတစ်ဆုံးကိုမကြည့်ပဲ မျက်စိတစ်ဆုံးတော့ကြည့်ပါ” ဆိုတဲ့ စကားပုံလေးလိုပဲပေါ့နော်....။ အစကောင်းမှလဲ အနှောင်းသေချာပါလိမ့်မယ်။
          
          အိမ်ထောင်ပြုတယ်ဆိုတာက ဘာမှမသက်ဆိုင်တဲ့ ဆန့်ကျင်ဘက်သူစိမ်းလူသားနှစ်ဦး အတူတစ်ကွ ပေါင်းသင်းတာပဲလေအတူတကွ နေလာခဲ့ကြပြီးမှ စိတ်သဘောထားခြင်း မတိုက်ဆိုင်တော့လို့တို့၊ မေတ္တာမပါပဲ အချစ်တစ်ခုထဲကိုဦးစားပေးပြီ တစ်ယောက်အကြောင်းတစ်ယောက် သေချာမသိပါပဲ အိမ်ထောင်သက်လေးကြာလာတဲ့အချိန်မှာ အတိတ်က ဘာမဟုတ်တဲ့ အပြစ်သေးသေးလေး တွေကို အစပြု့လို ကွဲကွာသွားကြတာတို့၊ နောက်တစ်ခုက မျက်နှာများတဲ့ယောင်္ကျားတွေများ (အားလုံးကိုဆိုလိုတာ မဟုတ်ဘူးနော်) တိုးတက်နေတဲ့လောကကြီးမှာ မိမိအိမ်သူရဲ့ ခင်ပွန်းသည်ပေါ်မှာထားတဲ့ စစ်မှန်တဲ့မေတ္တာတွေကို နားမလည်ပဲ အသစ်အဆန်းတွေပေါ် သာယာတက်တဲ့စိတ်နဲ့ ခဏတာပျော်ရွှင်မှုကို မက်မောလို့ အကြောင်းပြချက်မခိုင်လုံပဲ ပစ်ခွာပြေးတက်ကြတာတို့ဟာ လုံးဝကို မဖြစ်သင့်တဲ့ကိစ္စတွေပါ။ 
       ဒါကြောင့် မိမိရဲ့ ဘ၀လက်တွဲဖေါ်ဟာ ဘယ်လိုလူမျိုးလဲ၊ မိမိအပေါ်ကို ဘယ်လို သဘောထားတဲ့သူလဲ၊ ရေရှည်မှာရော ဘယ်လိုစိတ်ပြောင်းလဲတက်တဲ့ လူစားမျိုးလဲ၊ အချစ်တစ်ခုတည်းနဲ့မဟုတ်ပဲ မိမိကို နားလည်မှုတွေ စစ်မှန်တဲ့အချစ်နဲ့ နွေးထွေးတဲ့မေတ္တာတွေ ပေးတက်တဲ့သူလားစတဲ့... စတဲ့   အချက်လေးတွေကို သေသေချာချာ စဉ်းစားပြီးမှ အိမ်ထောင်ဖက်ကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်နော်..။ အိမ်ထောင်ရေးဆိုတာ အစကောင်းမှ အနှောင်းသေချာဆိုသလို နောင်ပြင်ရန် ခက်တဲ့အမျိုပါ။ တစ်မိသားနဲ့ တစ်မိသား အချိန်တန် အရွယ်ရောက်လို့ တစ်ဦးနဲ့တစ်ဦး အကြောင်းဆက် ပေါင်းဖက်ကြရတာ ဓမ္မတာပါပဲလေ။ ၀ါဝင်တော့မယ် မခွဲနိုင်တော့ဘူး အရမ်းချစ်လို့ဆိုပြီး အပြေးအလွှား လက်ထပ်ချင် သူတွေလည်း မိမိဘ၀တစ်သက်တာမှာ သာယာပျော်ရွှင် ချမ်းမြေ့တဲ့ ခိုင်မြဲတဲ့ အိမ်ထောင်စုလေး ဖြစ်ဖို့အတွက် သည်အချက်လေးတွေက ရှိထားဖို့လည်းလိုအပ်လိမ့်မယ်လို ထင်ပါတယ်နော်.....

၁။ မိမိအိမ်ထောင်ဖက်သည် ရောဂါဘယကင်းရှင်းပြီး ကျန်းမာရေးကောင်းဖို့ လိုအပ်ပါသည်။

၂။ ဘွဲ့ရ ၊ ခေတ်ပညာတက်ကြီး မဟုတ်ရင်တောင်မှ သင့်တင့်တဲ့ ပညာအရည်အချင်းလေးတော့ ရှိထားရပါမယ်။

၃။ နှစ်ဦးနှစ်ဖက် သင့်တင့်တဲ့စီးပွားရေး ရှိဖို့လည်းလိုပါတယ်။ မရှိသေးရင်လည်း ရှိလာအောင်ကြိုးစားပြီးမှ လက်ထပ်သင့်ပါတယ်။ တူနှစ်ကိုယ် တဲအိုပျက်မှာ ထမင်းရည်ပူလျက်ရစေတော့ ဆိုတာ သီချင်းထဲမှာပဲ ရှိပါတယ်။

၎။ မိမိပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင် ပေါင်းသင်းတက်ဖို့နဲ့ လူဝင်ဆံ့ဖို့လည်းလိုအပ်ပါတယ်။ လူကောင်းသူကောင်းနဲ့ ပေါင်းဖေါ်တက်သူ ဖြစ်ဖို့လိုပါတယ်။

၅။ စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူဖြစ်ဖို့ လိုသလို အကျင့်စာဂ၊ စာရိတ္တကောင်းမွန်သူ တစ်ယောက်ဖြစ်ရန်လည်း အရေးကြီးပါတယ်။

နောက်တစ်ခုက မိမိရဲ့အိမ်ထောင်ဖက် ရွေးချယ်ခြင်းနဲ့ ပတ်သက်ပြီး “ ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ” လို့ဆိုတဲ့ ရှေးရိုးစဉ်လာ စကားလေးတွေကိုလည်း ကောင်းမွန်စွာ မှတ်သားလိုက်နာဖို့ လိုပါတယ်။ အဲ့ဒါတွေကတော့....

“ပါသုံးပါ” ဆိုတာ
၁။ အကြွေးတွေ ပါလာသူ 
၂။ ရောဂါဘယ ပါလာသူ
၃။ အပိုစားမယ့်သူ ပါလာသူ

“ချာသုံးချာ” ဆိုတာ
၁။ ပညာအရည်အချင်း နုံချာသူ
၂။ အကျင့်စာရိတ္တ နုံချာသူ
၃။ အလုပ်အကိုင် နုံချာသူ

“ကွာသုံးကွာ” ဆိုတာ
၁။ တိုင်းနိုင်ငံနဲ့ လူမျိုးမတူ ကွာခြားသူ
၂။ အယူဝါဒမတူ ကွာခြားသူ
၃။ စိတ်သဘောမတူ ကွာခြားသူတို့ပဲ ဖြစ်ပါတယ်။

ရှေးလူကြီးများရဲ့ ပြောပြချက်အရ ထိုအချက်ကိုးချက်နဲ့ မကိုက်ညီတဲ့ အိမ်ထောင်ရေးတွေဟာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်တက်ကြပြီး သည်အချက်တွေနဲ့ပြည့်စုံတဲ့ အိမ်ထောင်ရေးတွေကတော့ များသောအားဖြင့် အဆင်ပြေပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြတယ်လို့ ဆိုပါတယ်။

ဝန်ခံချက်။      ။နန္ဒာမိုးကြယ်ရဲ့ သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀) စာအုပ်ထဲက ကောက်နှုတ်ကိုးကားထားခြင်းပဲ  ဖြစ်ပါတယ်ရှင်။  

No comments:

Post a Comment