1. 1. 1.

Thursday, May 31, 2012

အကျိုးအကြောင်းကို သိခြင်း

     ကျမဖတ်မိသမျှ ကံတရားနဲ့ ပတ်သက်တဲ့ စာပေအတိုအစလေးတွေနဲ့  ခရီးသွားရင်း ဗဟုသုတအဖြစ် ကျမအတွေ့အမြင်လေးနှစ်ခုကို ပေါင်းစပ်လို့  ရင်ထဲက ခံစားချက်လေးတွေနဲ့ ရေးသားထားတဲ့ ဒီပိုစ်လေးကို ကျမချစ်တဲ့ သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်နော်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဝေဖန်အကြံပေးနိုင်ပါတယ်ရှင်။
     
            ကံတရားနဲ့ ပတ်သက်လာရင် လူတော်တော်များများဟာ အမြဲတမ်းမှားယွင်းနေတက်ပါတယ်။ ကံတရားဟာ မိမိတို့ရဲ့အသိမှာ သူထိုက်တန်တဲ့ နေရာကို ဘယ်တော့မှ မရပါဘူး။ လောကကြီးမှာ လူနဲ့ကံတရား ဘယ်အရာက ပိုအဓိကကျပါသလဲ? အယူဝါဒစွဲကင်းကင်းနဲ့ဖြေရရင် လူဟာပိုပြီးအဓိကကျကြောင်း တွေ့ပါလိမ့်မယ်။ ကံက ဘယ်လောက်ပဲ ကောင်းသည်၊ ဆိုးသည်ဖြစ်စေ လူရဲ့ အပြုအမူပေါ် မူတည်ပြီးတော့သာ အကျိုးသက်ရောက်မှုတွေ ဖြစ်လာရတာပါ။ ခုတစ်လော ငါလုပ်သမျှတွေ ကံကောင်းလို့ အောင်မြင်နေတယ်ဆိုပြီး ဘာမှမလုပ်ပဲထိုင်နေရင်တော့ 
ကံဘယ်လောက်ကောင်းကောင်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဒီလိုပါပဲ ကံဆိုးနေပေမယ့်လည်း ဆင်ခြင်ဥာဏ်နဲ့ ထိန်းပြီးအများထက်  ပိုကြိုးစားရင် အောင်မြင်မှုဟာ ဘယ်မှပြေးမလွတ်ပါဘူး။ ပြောရမယ်ဆိုရင်တော့ ကံကြမ္မာဟာ လူရဲ့အစေအပါးသာဖြစ်ပါလိမ့်မယ်။ လူကပြုမူတဲ့အတိုင်း လူက ဆုံးဖြတ်လုပ်ကိုင်တဲ့အတိုင်း ကံကြမ္မာရဲ့ အကျိုးအကြောင်း အဆိုးအကောင်းဟာ ဖြစ်ပေါ်လာပါလိမ့်မယ်။      

          သူဟာ လူရဲ့နောက်မှာ လူထားတဲ့နေရာမှာသာ နေရမှာပါ။ လူရဲ့အရှင်သခင်တော့မဖြစ်နိုင်ပါဘူး။ 
ဒါပေမယ့် လူအများစုကတော့အမြင်မှားတက်ကြပါတယ်။ တစ်ခါတစ်လေများဆို ကောင်းရင်လည်း ပိုကောင်းအောင် ကံကိုပသရ၊ ဆိုးရင်လည်း မဆိုးတော့အောင် ကံကိုမြှင့်တင်ရနဲ့ ကံဟာ လူရဲ့အစေအပါးကြီးလုံးလုံးကို ဖြစ်နေရတော့တာပါပဲ။ ကံကြမ္မာဆိုတာ မရှိဘူးမဟုတ်ပါဘူး၊ ရှိပါတယ်။ ဒါပေမယ့် သူဟာ ကိုးကွယ်ဖို့မဟုတ်ပါဘူး၊ ပုံပြီးယုံလိုက်ဖို့လည်း မဟုတ်ပါဘူး။ တစ်ကယ်တော့ သူ့ရဲ့ စွမ်းဆောင်နိုင်မှုက သိပ်နည်းပါးပါတယ်။ 
          
        ဥပမာပြရရင် ကောင်းတဲ့ကံဆိုတာဟာ ကိုယ့်နားနီးနီးလေးမှာ ညွတ်ကျနေတဲ့ သစ်သီးဖြစ်ပြီး ဆိုးတဲ့ကံကတော့ ဟိုးအမြင့် ခပ်လှမ်းလှမ်းက သစ်သီးလိုမျိုးပါပဲ။ ကံကောင်းနေတယ်ဆိုရင် အလွယ်တကူ ဆွတ်ယူနိုင်ပြီး ကံဆိုးတယ်ဆိုတာကတော့ ခုန်ပြီးဆွတ်ခူးရမယ်ပေါ့နော်၊ အားစိုက်ရမယ်၊ ခက်ခဲမှုရှိမယ်၊ အဓိကကျတာကတော့ လူပါပဲ။ ကံက အခွင့်အလမ်းလောက်လေး နည်းနည်းပဲပေးနိုင်တာပါ၊ အကျိုးသက်ရောက်မှုကို ဖန်တီးနိုင်တာကတော့ လူကိုယ်တိုင်ပါပဲ။ ကံကို လုံးဝပစ်ပယ်လိုက်ရမှာတော့ မဟုတ်ပါဘူး။  သူ့အကြောင်း သူ့ရဲ့ သဘောသဘာဝကိုတော့ သိနားလည်ထားရမယ်လေ။ နို့မို့ဆိုပုံမှန်ထက် ပိုခက်ခဲတဲ့ အခြေအနေမျိုးတွေ ပိုလွယ်ကူတဲ့အခြေအနေမျိုးတွေမှာ ဘယ်လိုနေထိုင်ရမှန်း မသိ ဖြစ်တက်ပါတယ်။ အဓိကကတော့ ကံကြမ္မာရဲ့ အရှိတရားကိုလည်း လက်ခံပါ။ ပြီးတော့ ကိုယ်လုပ်စရာ ရှိတာတွေကိုလည်း မဆုတ်မနစ် ဆက်လုပ်ရပါမယ်။
    


                       
                    အသက် ၈၀ ကျော် ဘိုးဘိုးတစ်ယာက် ဘုရားပန်လာကပ်တဲ့ ပုံလေးပါ 
   
                            နောက်ပြီး ကျမရဲ့ ကိုယ်တိုင်အတွေ့ အမြင်လေးနှစ်ခုကတော့
 ကျမတို့ အလုပ်ကိစ္စနဲ့ မွန်ပြည်နယ်မှာရှိတဲ့ ရေး ၊ လမိုင်းဆိုတဲ့ မြို့ငယ်လေးကိုရောက်ခဲ့တယ်.. ရေးမြို့ရဲ့ မြို့လယ်ခေါင်မှာရှိတဲ့ ဆုတောင်းပြည့် ရွှေဆံတော်စေတီတော်ကို ကျမတို့ ဖူးမျှော်ခွင့်ရခဲ့တယ်.. မနက်စောစောလေးဆိုတော့ အရမ်းလည်းသာယာတာပဲ။ အဲ့ဒီမှာ ဘယ်လိုစိတ်နူးမှုတွေ တွေရလဲဆိုတော့ ဖိုးဖိုး၊ ဘွားဘွား အရွယ်တွေက အစ၊ ကျမရဲ့ မိဘအရွယ်တွေရော၊ အသက်ငယ်ငယ် မောင်လေး၊ ညီမလေးးအရွယ်တွေရောပါပဲ၊ မိုးလင်းရင် ဘုရားဆွမ်းတော်ကပ်ဖို့ ဗန်းလေးတွေ ခေါင်းမှာရွက်လို့၊ ကျမငယ်ငယ်လေးတုန်းကပဲ မြင်ဖူးတာပါ၊ အခုနောက်ပိုင်းအဲ့လိုမျိုးတွေ မတွေ့မိတာ အတော်ကြာပေါ့။
                                          ကျမ ဘိုးဘိုးနဲ့ အရမ်းတူတာပဲ သတိရမိတယ်

                                           တယ်တယ့်အရွယ် ဦးလေးတစ်ယောက်ပါ


                                 

                                                      ဘွားဘွားတို့လဲ နေ့စဉ်ကုသိုသ်ယူကြပါတယ်

               ညနေဘက်ကျတော့လည်း ပန်းလေးတွေကို သီလို့ ဘုရားလာကပ်ကြတယ် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ မြင်ကွင်းလေးပါ။ ဘိုးဘိုး၊ ဘွားဘွားတွေက အများဆုံးပေါ့။ သူတို့ယူလာတဲ့ ပန်းလေးတွေကို ဘုရားမှာကပ်တယ်။ အရင်နေ့က ကပ်ထားတဲ့ပန်းအနွမ်းတွေကို စွန့်ပြီး ပန်းသီထားတဲ့နှီးတွေကို ပြန်ယူသွားကြတယ်။ အဲ့ဒီနှီးတွေနဲ့ ပန်းပြန်သီတယ်။ ဒါက နေ့စဉ် ပြုလုပ်နေကြ သူတို့ရဲ့ ကောင်းမှုကုသိုလ်လေးတွေပေါ့။


                           ပန်းအဟောင်းတွေကိုစွန့်ပြီး အဲ့ဒီနှီးတွေက နောက်နေ့ပန်းသီဖို့အတွက်ပေါ့

          
            ပြီးတော့လေ ရေးသူစစ်စစ်တွေက အရမ်းချောလှကြတယ်၊ အပြစ်ကင်းတဲ့ အလှတရားစစ်စစ်ပဲ၊ ကျမတို့ မိန်းမချင်းတောင် ငေးယူရတယ်လေ။ အရမ်းလဲ ဖော်ရွေကြတယ်။ သဘောလည်းကောင်းတယ်။ သူတို့လေးတွေက မြို့နဲ့ အလှမ်းဝေးပေမယ့် ပြင်တက်ဆင်တက်ကြတယ်။ ယဉ်ကျေးတဲ့ပြင်ဆင်မှုလေးတွေနဲ့ ကျက်သရေရှိတဲ့ အလှတွေကို ကိုယ်ဆီ ပိုင်ဆိုင်ထားကြတဲ့ ရေးသူ၊ ရေးသားတွေဟာ အတိတ်ဘ၀ရဲ့ ကုသိုလ်ကံအကြောင်းတရားကြောင့်ပဲလို့တော့ ကျမယုံကြည်သလို ခုလို အကျိုးတရားတွေကို ခံစားကြရတာပဲလို့ ကျမတော့မြင်မိတယ်။

           ရေးမြို့ကအပြန် လမိုင်းဆိုတဲ့ မွန်လူမျိုးသီးသန့် နေတဲ့ ရွာလေးရှိတယ်။ အဲ့ဒီရွာနားမှာ ပင်လယ်ဝဆိုတဲ့ ကမ်းခြေလည်းရှိတယ်။ ကျမတို့ရောက်တဲ့နေ့က ဆန်းဒေးဆိုတော့ အပန်းဖြေတဲ့ လမိုင်းသူ၊ လမိုင်းသားတွေနဲ့ စည်ကားနေတာပေါ့။ လမိုင်းသူလေးတွေက ပိုပြီးတော့လှကြပါတယ်။ ပြင်ဆင်ခြယ်သမှု ကင်းတဲ့ အေးမြတဲ့ အလှတွေပါ။ စိတ်ထားလေးလဲ နူးညံကြတယ်လေ။     ကျမကိုယ်တိုင်က ကံကံ၏အကျိုးကို ယုံကြည်သက်ဝင်တဲ့သူမို့ ဒီပိုစ်လေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ 
                   
          

             လမိုင်း ပင်လယ်ဝကမ်းခြေမှာ ပြန်ခါနီး ဒီပုံလေးကို အလျှင်အမြန်ရိုက်လိုက်တာ



No comments:

Post a Comment