1. 1. 1.

Friday, April 20, 2012

အမှန်တော့ အချစ်ဆိုတာ

တစ်ချို့က အချစ်ကို
မေ့ဖျောက်ဖို့မလွယ်တဲ့
သတိရ လွမ်းဆွတ်ခြင်းလို့ပြောကြတယ်။

တစ်ချို့က အချစ်ကို
ကောက်ကွေ့မှုအပြည့်နဲ့
ဖွဲ့ယှက် တည်ဆောက်ထားတယ်လို့ ပြောကြတယ်။

တစ်ချို့က အချစ်ကို
ရင်သပ်ရှုမောဖွယ် စိတ်ကူးနဲ့
ဖန်တီးထားတဲ့ စွမ်းအားလို့ ပြောကြတယ်။

တစ်ချို့က အချစ်ကို
ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်
ကြင်နာ တွယ်တာခြင်းလို့ ပြောကြတယ်။

တစ်ချို့က အချစ်ကို
နက်ရှိုင်းတဲ့ စိတ်ခံစားချက်ကို
ဖြစ်ပေါ်စေတယ်လို့ ပြောကြတယ်။


တစ်ချို့က အချစ်ကို
အလိုဆန္ဒတွေ သာယာမှုတွေ
တမ်းမက်မှုတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ပြောကြတယ်။

တစ်ချို့က အချစ်ကို
အပြုသဘော ဆောင်သလိုလိုနဲ့
အပျက်သဘောလည်း ဆောင်စေတယ်လို့ ပြောကြတယ်။

တစ်ချို့က အချစ်ကို
ဥာဏ်မမှီသောအရာ နက်နဲသိမ်မွေ့မှု
မျက်နှာစာအမျိုးမျိုး တပ်ဆင်ထားတယ်လို့ပြောကြတယ်။

တစ်ချို့က အချစ်ကို
ကြည်နူးဆွတ်ပျံ့ဖွယ် စိတ်ဇောအဟုန်ထက်
ခွန်အားထက်မြတ် သန်စွမ်းတယ်လို့ ပြောကြတယ်။

တစ်ချို့က အချစ်ကို
ပဟေဠိဆန်ဆန် ဆက်နွယ်နေတဲ့
အကြောင်းအရာလို့ ပြောကြတယ်။

တစ်ချို့က အချစ်ကို
ပဉ္စလက်ဆန်ဆန် အသွင်ပြောင်းလဲတက်လို့
စိတ်ကိုလှုပ်ရှားစေတဲ့ အရေးကြီးတဲ့အရာလို့ ပြောကြတယ်။

အချစ်ဆိုတာကို
လူတိုင်းက အသွင်သဏ္ဍာန်အမျိုးမျိုနဲ့ ပုံဖေါ်နေကြတာပါ။


အာသာပြင်းပြမှု မကင်းတဲ့ ရမ္မက်တွေနဲ့
ချစ်ခြင်းမေတ္တာ အသွင်သဏ္ဍာန်တွေကြောင့်သာ
အချစ်ဆိုတဲ့ ဝေါဟာရကို
အရောင်ဆိုး ညစ်ညမ်းသွားစေတာပါ။

အချစ်ဆိုတာကို
လူသားတိုင်း အကြင်နာစိတ်ဓါတ် ခွင့်လွှတ်ခြင်းတရားတွေနဲ့
သမာရိုးကျ ဖြူစင်တဲ့ အသွင်သဏ္ဍာန်မျိုးနဲ့လည်း
ပုံဖေါ်နိုင်ကြပါတယ်။

အမှန်တော့ အချစ်ဆိုတာ
အာသာပြင်းပြမှုကင်းပြီး ရမ္မက်မပါတဲ့
ချစ်ခြင်းမေတ္တာစစ် မေတ္တာမှန် 
သံယောဇဉ် အသွင်သဏ္ဍာန်တွေက
ပူပင်သောက ကင်းဝေးလို့
အချစ်ကို အေးမြစေပါတယ်။

No comments:

Post a Comment