1. 1. 1.

Friday, April 13, 2012

စိတ်ဓါတ်မကျပါနဲ့

အခုတစ်လော သူငယ်ချင်းတော်တော်များများနဲ့ စကားပြောဖြစ်ခဲ့တယ်.. သူတို့တွေရဲ့ ကိုယ်စီအကြောင်းအရာ တွေနဲ့ စိတ်ဓါတ်ကျနေရတဲ့ အကြောင်းအရင်းတစ်ချို့လည်းပါတယ်လေ.. ကိုယ် ကိုယ်တိုင်ကလည်း လက်ရှိအချိန်မှာ အတိတ်ကခံစားချက်တစ်ချို့ကို မမေ့နိုင်သေးလို့ အဆင်မပြေမှုလေးတွေနဲ့ စီတ်ဓါတ်က ကျချင်နေတာနဲ့ ကိုယ့်ကိုယ်ကိုလည်းအားပေးရင်း သူငယ်ချင်းတွေကိုလည်း မျှဝေရင်း ဒီပိုစ့်လေးကို ရေးဖြစ်ခဲ့တယ်...


လောကကြီးမှာ လူရယ်လို့ဖြစ်လာရင်...
အရှုံးကြီးလည်း ရှုံးနိမ့်တက်ပါသည်
ဘယ်လိုဆုံးရှုံးမှုမျိုးနဲ့ ရင်ဆိုင်ရပါစေ။

အမှောင်ကြီးလည်း ကျတက်ပါသည်
အမှောင်ထုကြီး ဘယ်လိုကြီးစိုးပါစေ။

တိမ်တိုက်များလည်း ဖုံးနေတက်ပါသည်
တိမ်တိုက်တွေ ဘယ်လိုအုံ့ဆိုင်းနေပါစေ။

မဟာဇနကမင်းသားလို သင်္ဘောလည်းပျက်တက်ပါသည်
သမုဒ္ဒရာကြီး ဘယ်လောက်ကျယ်ပြောပါစေ။

လေမုန်တိုင်းများလည်း ထန်နေတက်ပါသည်
မုန်တိုင်း ဘယ်လိုထန်နေပါစေ။
စိတ်ဓါတ်မကျပါနဲ့ 
“ဘ၀တိုင်းမှာ ငွေနားကွပ်ကလေး ရှိပါတယ်”
Steps To The Top စာအုပ်ကိုရေးသားသူ ”ဇစ်ဇဂလာ“ က “ဘ၀တိုင်းမှာ ငွေနားကွပ်ကလေး ရှိသည်” ဆိုတဲ့ ဆောင်ပုဒ်လေးကို ကျမ သတိရလိုက်မိတယ်..။ အဲ့ဒီစာအုပ်ထဲမှာ ဇစ်ဇဂလာက“There`s a silver lining in every cloud” လို့ရေးထားတယ်၊ တိမ်တိုက်အတွင်းတွင် ငွေနားကွပ်လေးတော့ ရှိစမြဲပါ။ မုန်တိုင်းတွေထန်နေပါစေ တိမ်တိုက်တွေအုံ့ဆိုင်းနေပါစေ၊ ဘ၀တိုင်းမှာ ငွေနားကွပ်လေးတော့ ရှိပါတယ်တဲ့။

နောက်တစ်ခုက ကျမဖတ်ဖူးသမျှတွေထဲကပြန်လည်ကိုးကားပြီး စိတ်အားတက်စရာ ကမ္ဘာကျော် ပုဂ္ဂုလ်ကြီးတစ်ယောက် အကြောင်း ပြောပြမယ်၊ သူက တစ်ခြားသူတော့မဟုတ်ဘူး အမေရိကန်သမ္မတကြီး အေဗရာဟင်လင်ကွန်း ပဲဖြစ်တယ်။
     သူဟာ အခြေအနေအကြောင်းကြောင်းကြောင့် အတန်းကျောင်းမှ  ထွက်လာရသူဖြစ်တယ်။ လှေထိုး လွှတိုက် လူမိုက်အားကိုးဆိုတဲ့ စကားပုံရှိသော်လည်း သူသည် ၁၉ နှစ်သားလောက်မှစပြီး လှေထိုးသမား လူငှား လုပ်ခဲ့ရတယ်၊ သူက တောပိုင်းဒေသလေးတစ်ခုမှာ ကုန်စုံဆိုင်လေးကိုဖွင့်ရာမှ သူ့လုပ်ငန်း ချွတ်ခြုံကျလာတယ်၊ အဲ့ဒီလုပ်ငန်းရဲ့ ဆုံးရှုံးမှုကြောင့် ၁၅ နှစ်လာက်  အကြွေးဆပ်ခဲ့ရသူဖြစ်တယ်။ သူသည် ပထမဦးဆုံး ချစ်သူနှင့်လည်း ကွဲခဲ့ရဖူး၏ နောက် သူအိမ်ထောင်ကျတော့ အိမ်ရှင်မဖြစ်သူရဲ့ အစဉ်အမြဲ ဂျီတိုင်ခြင်းကိုလည်း ခံခဲ့ရတယ် (ဘယ်လောက်ထိလဲဆို ကမ္ဘာပေါ်မှာ သူ့ဇနီးက ဂျီအတိုက်ဆုံး အမျိုးသမီးစာရင်းဝင်တယ်တဲ့)၊ နိုင်ငံရေးလောကထဲ ၀င်ပြန်တော့လည်း အောက်လွှတ်တော် အမတ်နေရာ တစ်ခုအတွက် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံရာ နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ရဖူး၏၊ အထက်လွှတ်တော်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ရာမှာလည်း နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ရပြန်တယ်။ နေ့စဉ်နဲ့အမျှ သတင်းစာလောကသားတွေရဲ့ တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရတယ်။ 
     သူ့နိုင်ငံရဲ့ တစ်ဝက်မျှသော သူတို့သည် သူ့အား အထင်သေး အမြင်သေးရှိ၏ သူ့ရဲ့ အရပ်အမောင်းနဲ့ ရုပ်ရည်မှာ လုံးဝပြေပြစ်မှုမရှိဘဲ ဥပဓိရုပ်ညံ့သူလို့ အပြောခံခဲ့ရ၏ စဉ်းစားကြည့်ပါ အရှုံးတရားတွေကို လင်ကွန်းထက် ဘယ်သူသည် ပိုရင်ဆိုင်ရပါသနည်း။ သမ္မတကြီးလင်ကွန်း၏ဘ၀တွင် အရှုံးတရားများသည် တိမ်တိုက်ကြီးမိုးသလို မိုးထားခြင်းခံခဲ့ရ၏ သို့သော် လင်ကွန်းသည် တွေ့ကြုံရသမျှသော အရှုံးတရားများကို သတ္တိရှိရှိဖြင့် ရင်ဆိုင်ကာ သူ့နိုင်ငံ၊ သူ့သမိုင်းတစ်လျှောက်လုံးတွင် အကြီးမားဆုံးသော သွေးထွက်သံယိုမှုကာလကြီးကို သူဦးဆောင်ပြီး ဖြတ်ကျော်ခဲ့သည်။
     လင်ကွန်းသည် ခိုင်မာသော စိတ်ဓါတ်၊ မလျှော့သော ဇွဲလုံးလတို့ဖြင့် လောကဓံရဲ့ ရိုက်ခတ်တဲ့ဒဏ်ကို အံတုကာ ကျော်ဖြတ်ခဲ့သည့်အတွက် ယခုချိန်အထိ သူ့နိုင်ငံသူနိုင်ငံသားတွေက သူ့အားသတိရနေကြဆဲဖြစ်သည်။ အမေရိကန်သမ္မတ အများအပြားရှိသည့်အနက် လင်ကွန်းသည် အထင်ရှားဆုံးနှင့် အမေရိကန်ပြည်သူတို့၏ မေတ္တာတရားကို အရရှိဆုံးဖြစ်ခဲ့ပါ၏။
     ဒါ့ကြောင့် သမ္မတကြီးလင်ကွန်းလို အရှုံးတရားတွေနဲ့ ရင်ဆိုင်ခဲ့ရသူ၊ နောက်တစ်ယောက်က လူမဲခေါင်းဆောင်ကြီး မင်ဒဲလားလို ထာဝစဉ်အမှောင်တိုက်ဖုံးနေသူတို့က လောကဓံရဲ့ ရိုက်ခတ်မှုကို လက်မြှောက်အရှုံးပေးခြင်းမရှိဘဲ စွမ်းအားသတ္တိတွေကို မွေးမြူထိန်းသိမ်းလာလို့ ဘ၀မှာအောင်ပွဲတွေရရှိလာတယ်ဆိုတာကို ဘယ်လိုအကြောင်းအရာတွေနဲ့ဖြစ်ဖြစ် စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းတွေအတွက် မျှဝေအားပေးလိုက်ပါတယ်နော်...။

No comments:

Post a Comment