1. 1. 1.

Thursday, March 8, 2012

မာယာမျဉ်းပြိုင်

ငါ့စကားတွေက လေပြေလေးလို ချိုသာတယ်တဲ့လား..:D
အခုမှ လာပြောမနေပါနဲ့တော့...
တစ်ချိန်တုန်းက ရယူလိုခြင်းမဟုတ်တဲ့ 
အသန့်ရှင်းဆုံး စေတနာတွေနဲ့ ငါပြောခဲ့တာတွေကို
ဟာသပြတ်လုံးလို နင်ရယ်နေခဲ့တာလေ...။

ငါက နင်ငါ့ကို အရမ်းချစ်တာကို မြင်ပေးပါတဲ့လား...:D
အခုမှ လာပြောမနေပါနဲ့တော့...
တစ်ချိန်တုန်းက နင့်ကို အရမ်းချစ်လို့ 
ရင်ကွဲမတက် ခံစားခဲ့ရတဲ့ နှလုံးသားထဲက
ဒဏ်ရာတွေနဲ့ ငိုနေတာကို
နင် မမြင်ချင်ယောင် ဆောင်ခဲ့တာလေ...။

ငါက နင့်ကို ယုံကြည်ပေးပါတဲ့လား...:D
အခုမှ လာပြောမနေပါနဲ့တော့...
တစ်ချိန်တုန်းက ကြယ်မစုံ လမသာတဲ့
မှုန်ဝါးဝါး ညတစ်ညမှာ အချစ်မျက်ကန်းတစ်ယောက်လို
ငါ့ကို ချောက်ကမ်းပါးထဲ 
နင်ကိုယ်တိုင် တွန်းပို့ခဲ့တာလေ...။

ငါက နင့်ကို ချိုမြိန်တဲ့ အချစ်တွေပေးတယ်တဲ့လား...:D
အခုမှ လာပြောမနေပါနဲ့တော့...
တစ်ကြိမ်တစ်ခါမှ ပျက်ကွက်မှုမရှိပဲ
ထာဝရစီးဆင်းနေတဲ့ ငါ့ရဲ့ ချိုမြိန်တဲ့ အချစ်တွေကို
သံသယ ရေလှိုင်းတွေက 
ဝါးမျို တိုက်စားသွားပြီလေ...။

နင် ငါ့ကို လွမ်းတယ်ဆိုတာ ကြယ်လေးတွေတောင် သိတယ်တဲ့လား...:D
အခုမှ လာပြောမနေပါနဲ့တော့...
နင် ငါ့ကို ထားခဲ့တုန်းက 
ကောင်းကင်ယံက ကြယ်လေးတွေနဲ့ 
နင့်ကို ငါလွမ်းကြောင်း စကားတွေပြောနေမိတာ..
ကြယ်လေးတွေခမျာ စိတ်နာနာနဲ့
ငါ့ကို နှစ်သိမ့်ပေးရှာတယ်လေ...။

အခုတော့
ငါတို့နှစ်ယောက်က နီးစပ်မှုရှိနေပေမယ့်
မာယာမျဉ်းပြိုင်တွေလို
ဘယ်တော့မှ မဆုံနိုင်တဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ
မာယာကိုယ်စီနဲ့ပေါ့...။

No comments:

Post a Comment