1. 1. 1.

Monday, April 8, 2013

ကမ္ဘာဦးရဲ့ ချစ်ခြင်းသံစဉ်



     ချိုသစ္စာ ဆိုတဲ့ သူမရဲ့နာမည်ကို ရင်ထဲမှာ ပဲ့တင်ထပ်နေအောင် အမြတ်တနိုးနဲ့ 

ခေါ်ဆိုနေပါရစေ..... 

သူမကိုကြည့်လိုက်ရင် သူမရဲ့အမှုအယာတွေက အမြဲတမ်း တည်ငြိမ်အေးချမ်းနေတာပဲ… 

သူမကိုစတွေ့တဲ့နေ့က နွေနံနက်ခင်းလေးဆိုပေမယ့် ချိုသာတဲ့ လေပြေ နုနုလေးတွေက 

ကျနော့်ရင်ထဲမှာ ညှင်သာစွာ တိုက်ခတ်နေသလိုမျိုး အေးမြနေခဲ့တာပါ… 

ကျနော်တို့ကျောင်းကို သူမ စပြောင်းလာတဲ့နေ့ပေါ့ ... ကျောင်းသူအသစ်ဆိုပေမယ့် တွေ့သမျှ 

အတန်းသူအတန်းသားတွေကို...................

 “ဟုတ်ကဲ့ အားလုံးမင်္ဂလာပါရှင် ကျမနာမည် ချိုသစ္စာလို့ခေါ်ပါတယ်... ကျမကို 

ချစ်ခင်တဲ့သူငယ်ချင်းတွေကတော့ ချို လို့ခေါ်ကြပါတယ်ရှင်” 

 ဆိုပြီး အေးချမ်းတဲ့ သူမရဲ့မျက်နှာမှာ ဖေါ်ရွေတဲ့အပြုံးလေးနှောလို့ ချိုသာတဲ့အပြောလေးတွေနဲ့ 

လှိုက်လှဲစွာ နှုတ်ဆက်နေတက်တဲ့ သူမကို ကြည်နူးစွာနဲ့ ကျနော်ငေးကြည့်နေခဲ့မိတာ… 

ဖေါ်ရွေတဲ့အမှုအယာတွေနဲ့ ဆည်းလည်းလေးတွေ ပွတ်သပ်ရိုက်သံလေးလို 

ချိုသာတဲ့အသံလေးတွေက ကျနော့်ရဲ့အမြင်လွှာနဲ့ အကြားအာရုံတို့ကို 

ညှို့ယူဖမ်းစားနိုင်လွန်းလှပါတယ်… သူမရဲ့ ရင်းနှီးဖေါ်ရွေတဲ့ အမှုအယာလေးတွေကြောင့် 

အတန်းသူအတန်းသားအားလုံးက သူမကို စိမ်းမနေတော့ဘဲ နွေးထွေးစွာနဲ့ ကြိုဆိုကြတာပေါ့…။

****************************************************************        
       အမှန်တစ်ကယ် မညာတမ်းဝန်ခံရရင် အဲ့ဒီအချိန်ထဲက သူမရဲ့ ပုံရိပ်လေးတွေ၊ သူမရဲ့ 

စကားသံတွေကို ရင်ထဲမှာနက်ရှိုင်းစွာနဲ့ 

မြတ်နိုးနေခဲ့မိတာပါ… ပြီးတော့သူမရဲ့ဘ၀က အရာရာမှာ ပြည့်စုံတဲ့သူလို့လဲ ကျနော်သိထားတယ်… 

ညီအစ်ကိုမောင်နှတွေရဲ့ 

ဝိုင်းဝန်းဂရုစိုက်ခြင်းကို ခံရတဲ့အပြင် သူမရဲ့အိမ်မှာ သူမကအငယ်ဆုံး အလိမ္မာဆုံးမို့လဲ အားလုံးက 

လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးထားကြတာတဲ့လေ… သူမအကြောင်းတွေ တွေးနေမိတဲ့ 

အချိန်တိုင်းမှာလဲ ကျတော့်ရင်ထဲ အသွေးအသားထဲ စိမ့်စမ်းရေတွေ စီးဆင်းနေသလို 

အေးချမ်းမှုတွေပဲ ဖြစ်ပေါ်စေပါတယ်… လည်တိုင်ဖွေးဖွေးလေးနဲ့ သေသပ်ကျနစွာ 

ဝတ်စားဆင်ယင်တက်တဲ့ သူမရဲ့ 

ဟန်ပန်တွေက အားလုံးထက် တစ်မူထူးခြားနေလို့ သူမအပေါ် 

တိတ်တခိုးလေးရင်ခုန်ပြီး သံယောဇဉ်တွယ်နေခဲ့မိပါတယ်... ကျနော့်ရင်ထဲက 

ချစ်ခြင်းမေတ္တာတွေကို 

သူငယ်ချင်းတွေကတဆင့် သူမ သိနေမှာပါ … ဒါပေမယ့် ကျနော်နဲ့သူမတို့ နှစ်ယောက်ကြားက 

ခင်မင်မှု အဖြူရောင်စည်းလေးကို ရိုက်ချိုးဖျက်ဆီးဖို့ ကျနော်ဘယ်တုန်းကမှ 

စိတ်ကူးမရှိခဲ့ပါဘူးဗျာ… သူမရဲ့ ရိုးသားဖြူစင်တဲ့ မျက်ဝန်းတွေနဲ့ ဆုံလာတိုင်း အဆုံးအစမရှိတဲ့ 

မြတ်နိုးခြင်းတွေနဲ့ ရင်ခုန်မိခဲ့တယ်ဆိုတာတော့ ၀န်ခံပါရစေ… ကျနော့်ကိုတွေ့တိုင်းလဲ ဖေါ်ရွေတဲ့ 

အပြုံးမျက်နှာလေးနဲ့ နှုတ်ဆက်တက်တဲ့ သူမကို အချိန်ရှိတိုင်း သတိရနေခဲ့မိတာပါ …
         
************************************************************
ကျနော့်ဘ၀မှာ ဘယ်တော့မှမမေ့နေိုင်တဲ့ အမှတ်တရနေ့လေး တစ်နေ့ပေါ့ဗျာ... 

ကျနော်တို့အတန်းက ကျောင်းသူကျောင်းသားအားလုံး ကျေးလက်လူနေမှုစနစ်ကို 

လေ့လာတဲ့အနေနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို ကွင်းဆင်းလေ့လာရေးခရီး 

ထွက်ခဲ့ကြတယ်လေ... 

ပျော်ရွှင်နေကြတဲ့ သူငယ်ချင်းတွေရဲ့ကြားမှာ သူမကို မြင်တွေ့လိုက်ရတော့ ကျနော့်ရင်ထဲ 

ပင်လယ်ရေနောက်ပေမယ့် ကြည်လင်အေးမြလို့ပေါ့ဗျာ... ညနေချိန်ရောက်တော့ 

ကမ်းခြေရဲ့သဲသောင်ပြင်ပေါ်မှာ Present Change ကြတယ်၊ ပဟေဋိဆန်တဲ့ Game 

ကစားနည်းတွေနဲ့ ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြတယ်... အပြာရောင်လွင်လွင်လေးမှာ 

ရောင်စုံပန်းပွင့်တွေကပ်ထားတဲ့ ဂါဝန်လေးကို ကမ်းခြေနဲ့ လိုက်ဖက်စွာ 

ဝတ်ဆင်ထားတဲ့သူမအလှက အားလုံးရဲ့အလယ်မှာ ထင်ရှားပေါ်လွင်စွာ ၀င့်ကြွားနေလေရဲ့...

ပင်လယ်ကမ်းခြေရဲ့ ညနေခင်း နေ၀င်ဆည်းဆာအလှထက် သာတယ်ဆိုရင် 

 ပိုတယ်လို့ပြောကြမလားပဲ... ဘယ်တော့မှ ဖျောက်ဖျက်လို့မရတော့မယ့် စွဲလန်းမှုပါပဲ ချိုရယ်... 

ပုံမှန်မဟုတ်တော့တဲ့ ရင်ခုန်သံတွေကို ဟန်ဆောင်သိုဝှက်ဖို့ကြိုးစားရင်း အသည်းနင့်အောင် 

မြတ်နိုးတွယ်တာမိခဲ့တဲ့ ကျနော့်ကို မိုက်မဲလေခြင်းလို့ ဝေဖန်ပြောဆိုကြမယ်ဆိုရင်လည်း 

ခေါင်းငုံ့ရင်စည်းခံဖို့ အသင့်ပါပဲလေ... 

*************************************************************************
တစ်ချို့လူအတော်များများက “ ရလိုမှုအတွက် ပေးဆပ်ရင်းနှီးမှု ” ဆိုတာကို အချစ်လို့ 

ခေါင်းစဉ်လှလှ တပ်လိုက်ကြတယ်... အမှန်တော့ အဲ့ဒီအကြောင်းပြချက်က နည်းနည်းလေးမှ 

 အဓိပ္ပါယ်မရှိသလို ကမ္ဘာဦးအစက ရှင်သန်ပေါက်ဖွားလာတဲ့ အချစ်ဆိုတဲ့ 

ပုံစံသက်မှတ်ချက်နဲ့လည်း လုံးဝမသက်ဆိုင်ပါဘူး....

ကျနော်သူမအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေအတွက် သူမဆီက တစ်စုံတစ်ရာပြန်လည် 

တုန့်ပြန်လာမှုမျိုးကိုမှလဲ  မျှော်လင့်မထားခဲ့ပါဘူးဆိုတာ မှန်ကန်သော သစ္စာစကားပါ… 

သူမအားငယ်နေတဲ့ အချိန်ဆို ဘေးနားကနေ 

ကျနော်အားပေးချင်တယ်… သူမငိုနေမယ်ဆို မျက်ရည်စတွေကို ကျနော်အသာအယာ 

သုတ်ပြီးနှစ်သိမ့်ပေးချင်တယ်… သူမ အရမ်းပျော်ရွှင်နေတဲ့အချိန် ကျနော့်ကို 

မေ့ထာမယ်ဆိုရင်တောင် 

ကျေကျေနပ်နပ်ကြီး နားလည်ပြီး သူမနဲ့ထပ်တူ ပျော်ရွှင်နေမှာပါ… သူမစိတ်ချမ်းသာ 

 ပျော်ရွှင်ဖို့အတွေက် အရာရာပေးဆပ်ချင်တဲ့စိတ်က သူမအပေါ်ထားရှိတဲ့ ကျနော့်ရဲ့ 

ချစ်ခြင်းမေတ္တာတွေပါ…။ အဲ့ဒီအချစ်တွေကို သူမ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ 

ကျနော့်ရင်ဘက်ထဲမှာတော့ ထာဝရ ကိန်းအောင်းနေမှာပါ … ။

***************************************************************** 
ကျနော့်ရင်ထဲမှာ စိတ်အာရုံထဲမှာ သူမအမြဲရှိနေခဲ့ပေမယ့် သူမရင်ထဲမှာ ဘယ်သူဘယ်ဝါ 

ရှိနေမယ်ဆိုတာ 

ကျနော် တွေးလည်မတွေးခဲ့ မေးလည်မမေးခဲ့ပါဘူး… အခြားတစ်ယောက်ယောက် ရှိနေခဲ့မယ် 

ဆိုရင်တောင် သူမစိတ်ချမ်းသာဖို့အတွက် ကျနော့်အချစ်တွေကို နှုတ်ဆိတ်လို့ မျိုသိမ့်သွားမှာပါ… 

အကယ်၍များ 

တစ်ချိန်ချိန်မှာ ကျနော်မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို သူမ လက်ထပ်သွားမယ်ဆိုရင်လည်း 

သူမကိုချစ်တဲ့ အချစ်တွေကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံးအခန်းငယ်လေးထဲ 

အမြတ်တနိုးသိမ်းဆည်းရင်း 

ဖြူစင်တဲ့မေတ္တာတွေနဲ့ အဝေးတစ်နေရာကနေပဲ သူမ မမြင်အောင် တိတ်တိတ်လေး 

လွမ်းနေခွင့်ရရုံနဲ့  ကျေနပ်နေမှာပါ… ကျနော်ချစ်တဲ့ သူမဘ၀လေး သာယာလှပဖို့ဆိုရင် ကျနော့် 

အသည်းအသက်တွေ စတေးလိုက်ရလို့ နှလုံးသားလေး လောင်ကျွမ်းနေပါစေ… 

နောင်တတရားကင်းမဲ့စွာနဲ့ အရာရာကိုပေးဆပ်ဖို့ အသင့်ပါပဲ…။

**************************************************        
    တစ်ကယ်လို့များ ကျနော်မြတ်နိုးတဲ့ သူမရဲ့မေတ္တာတွေကို တောင်းခံခွင့် မရရှိတော့ရင်တောင်  

သူမနဲ့တွေ့မှ 

ကြည်နူးစွာရင်ခုန်တက်ခဲ့တဲ့ ရင်ခုန်သံတွေရဲ့ အဓိပ္ပာယ်ကို အချိုမြိန်ဆုံး 


ခံစားသိရှိခွင့် ရခဲ့တာတွေ၊ ပြီးတော့

သူမနဲ့ ဆုံတွေ့ခွင့်ရခဲ့တဲ့ မေ့မရတဲ့ ရက်စွဲတွေ၊ စိတ်သဘောထားဖြူစင်ပြီး ရိုးသားပွင့်လင်းတဲ့ 

သူမရဲ့ခင်မင်မှုတွေနဲ့ အကျွမ်းတ၀င် ရင်းနှီးခွင့် ရရှိရုံနဲ့ပဲ ဒီကမ္ဘာလောကကြီးကို 

ကျနော်ကျေးဇူးတင်နေမိမှာပါ… တစ်ခါတစ်ခါ သူမကို ပြင်းပြင်းပြပြ သတိရမိတဲ့အခါမျိုးမှာ 

သူမအကြောင်း စဉ်းစားမိတိုင်း ရင်ထဲမှာ အေးချမ်းပြီး ကြည်နူးနေခဲ့တာ သူမသိနေမလား... 

ပြီးတော့ သူမရော ကျနော့်လိုများ 

ခံစားမိနေမလား… ကျနော်ကြည်နူးမိသလို သူမကိုလဲ ကြည်နူးနေစေချင်တယ် … တစ်ချို့က 

အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းတဲ့… ကျနော်ကတော့ ရယူပိုင်ဆိုင်ခြင်းထက်

ရိုးသားစွာချစ်တက်ဖို့နဲ့ 

ကိုယ်ချစ်တဲ့သူကို အမြတ်တနိုး တန်ဖိုးထားချစ်နေခွင့်လေးပဲလို့ 

လက်ခံယုံကြည်ထားတယ်ချစ်သူ… ဝေးကွာခြင်း၊ လွမ်းဆွေးခြင်း၊ 

နာကျည်းမုန်းတီးခြင်းဆိုတဲ့ ပူလောင်တဲ့ အချစ်မျိုးတွေကို ချစ်သူကိုမခံစားစေချင်ခဲ့တာ 

ချစ်သူအပေါ်ထားရှိတဲ့ ကျနော့်ရဲ့ဖြူစင်တဲ့ မေတ္တာစေတနာတွေပါ… ကျနော့်ရင်ထဲက 

သူမကိုချစ်တဲ့ အချစ်ဆိုတဲ့ 

 အဓိပ္ပာယ်လေးကို သူမသိရှိခံစားမိတိုင်း ကြည်နူးခြင်း၊ အေးချမ်းခြင်း၊ နူးညံ့သိမ်မွေ့ခြင်းဆိုတဲ့ 

ချိုသာတဲ့ ရသလေးတွေပဲ ပေးချင်ခဲ့တာပါ… ကျနော့်ရင်ထဲက ဖွဲ့ဆိုထာတဲ့ အချစ်ဆိုတဲ့ 

အက္ခရာလေးကလည်း

သူမအတွက် နားခိုစရာ အိုအေစစ်လေးတခုလိုပဲ သူမအနားမှာ 

အမြဲရှိနေပေးချင်ခဲ့ပါတယ်.. ။

*********************************************************        
          ပုံစံအမျိုးမျိုးနဲ့ လှနေတဲ့အချစ်ကို လူတွေက ပုံစံအမျိုးမျိုးနဲ့ လက်ခံထားကြတာ 

သဘာဝပဲလေ… တချို့က အချစ်ကြောင့်ရူးရတယ်၊ ဘ၀ပျက်ရတယ်၊ လွမ်းရတယ်၊ ဆွေးရတယ်၊ 

ပူပင်သောကရောက်ရတယ်ဆိုတာ သူတို့က အချစ်ကို မေတ္တာနဲ့ 

ရင်းနှီးဖွဲ့နှောင်ထားခြင်းမရှိပဲ အတ္တကြီးစွာ ရယူပိုင်ဆိုင်ခြင်းတစ်ခုတည်းကိုပဲကြည့်ပြီး 

မိမိစိတ်ဆန္ဒကို ရူးမိုက်စွာ အလိုလိုက်ခဲ့ကြလို့ပဲလို့

ကျနော်ယူဆတယ်… အမှန်တကယ်တော့ အဲ့ဒါ စစ်မှန်တဲ့ အချစ်စစ်မဟုတ်ပါဘူး… ကျနော် 

လက်ခံယုံကြည်ထာတဲ့ အချစ်စစ်က အတ္တ မာနကင်းစင်ပြီး  ဖြူစင်အေးချမ်းတဲ့ အချစ်မျိုးပါ… 
 
အဲ့လိုချစ်ခြင်းမျိုးနဲ့ ကျနော်ချစ်တဲ့သူကို တန်ဖိုးထားပြီး အမြတ်တနိုးချစ်နေချင်တာပါ … 

အမှန်တော့ 

 အဲ့ဒီလိုမျိုး ချစ်နိုင်ဖို့ဆိုတဲ့ သတ္တိက တော်တော်လေးကိုခက်ခဲပါတယ်… ဒါပေမယ့်လည်း 

အရမ်းလေးနက်သလို အရမ်းလည်းနက်ရှိုင်းပါတယ်…. ပြီးတော့ အရမ်းခိုင်မြဲသလို ထာဝရ 

တည်တံ့စေနိုင်တယ်လေ.. ။ မေတ္တာစွမ်းအားတွေ ပါမှလည်း ဒီလိုစိတ်မျိုး ထားရှိနိုင်မှာပါ… ။

*********************************************************         
            ဟိုး….. ကမ္ဘာဦးအစကတည်းက လူတွေဟာ အချစ်ဆိုတာကို မင်္ဂလာတစ်ပါးလို့ 

လက်ခံယုံကြည်ခဲ့ကြတယ်… စာပေတွေထဲမှာ ကျနော်လေ့လာမိသလောက်ကတော့ 

ချစ်ခြင်းမေတ္တာဆိုတဲ့ 

ဝေါဟာရလေးက တစ်ထောင့်ငါးရာဆိုတဲ့ ကိလေသာအတ္တမျိုးနဲ့ ဘယ်လိုမှမသက်ဆိုင်ပဲ 

ရိုးရိုးရှင်းရှင်းလေးနဲ့ ကျက်သရေရှိစွာ လှပနေခဲ့တာ … အဲ့လိုလှပနေတဲ့ 

အချစ်ဆိုတဲ့ ဝေါဟာရလေးကို လူတွေက အရောင်အမျိုးမျိုး ဆိုးကြလို့ 

တစ်ချို့လူတွေရဲ့ပါးစပ်ဖျားမှာ နာမည်ဆိုးနဲ့ အကျည်းတန်သွားရှာတာပါ…. ဘာပဲဖြစ်ဖြစ်လေ 

လောကလူသားတွေက အချစ်ကို ဘယ်လိုပဲ ကိုးကွယ်နေကြပါစေ… ဘယ်လိုပုံသဏ္ဍာန်မျိုးနဲ့ပဲ

အဓိပ္ပါယ်ဖွင့်ဆိုနေကြပါစေ… ဘယ်အရာမှ မတည်မြဲတဲ့ ဒီလောကကြီးမှာ 

ကျနော်လက်ခံယုံကြည်ထားတဲ့ ကျနော့်ရဲ့ လှပတဲ့ ချစ်ခြင်းမေတ္တာတွေဟာ ကမ္ဘာတည်သ၍ 

တည်တံ့ခိုင်မြဲစွာနဲ့ သူမတစ်ယောက်ထဲအတွက် မပျက်စီးမယိုယွင်းပဲ 

ထာဝရတည်ရှိသွားမှာပါ…။     


 မှတ်ချက်။     ။ ကျမမှာ အသက် ၂၀ အရွယ် အရမ်းချစ်ရတဲ့ မောင်လေးတစ်ယောက်ရှိတယ် 

မောင်ကအိမ်မှာ အငယ်ဆုံး အဆိုးဆုံးပေါ့... ဆိုးတယ်ဆိုပေမယ့်လည်း ပြောမနိုင် ဆိုမနိုင် 

 ဟော့ဟော့ရမ်းရမ်းဆိုးတာမျိုးလည်း မဟုတ်ပါဘူး... တစ်နေ့မှာ 

ဘာစိတ်ကူးပေါက်လဲမသိဘူး... 

မောင်က ကျမကို သူမိန်းကလေးတစ်ယောက်ကို အရမ်းချစ်မြတ်နိုးနေတဲ့အကြောင်း 

လာရင်ဖွင့်တယ်...ကျမလည်း နားထောင်ရင်း ဝေဖန်ပေးတယ်ပေါ့... မောင်က 

ရုပ်ခံလေးရှိတော့ 

ရည်းစားလည်းအများသားလေ... ကောင်မလေးတွေကို ချစ်ခွင့်ပန်မယ် ကောင်မလေးတွေက 

အဖြေပေးတော့မယ်ဆိုရင် မောင်အတွေ့မခံတော့ဘူး...အဲ့ဒါ သူ့ကိုမေးတော့ “ငါသူ့တို့ဆီက 

အဖြေတောင်းပြီး သေချာစဉ်းစားကြည့်တော့ သူတို့ကို တစ်ကယ်ချစ်ခဲ့တာမဟုတ်ဘူးဆိုတာ 

သိလို့ 

 အတွေ့မခံတာပါ သူတို့ခံစားရမှာ စိုးလို့ပါ” တဲ့လေ ... အဲ့လိုအရမ်းဆိုးတဲ့မောင်ပေါ့... ခုမှ 

သူအရမ်းချစ်တဲ့ကောင်မလေးကို 

တွေ့တော့ “ချစ်တယ်ဆိုတာထက် တန်ဖိုးထားမြတ်နိုးတာ” ပါတဲ့... 

“တစ်ခြားကောင်မလေးတွေကိုပြောသလို ချစ်တယ်ဆိုတဲ့စကားကို လွယ်လွယ်မပြောချင်ဘူးတဲ့ 

ငါ့ကြောင့်လည်း သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး” တဲ့... “ငါတော့ 

ဝဋ်လည်ပြီးထင်တယ်မရယ်” တဲ့ “ဒါပေမယ် ခုချိန်ကစပြီး သူပြန်ချစ်တာမချစ်တာထက် 

ငါ့ရင်ထဲမှာ သူတစ်ယောက်ထဲကိုပဲ မြတ်မြတ်နိုးနိုးချစ်သွားတော့မယ်” တဲ့...ဒီအရွယ်ထဲက 

တစ်ခုခုလုပ်တော့မယ်ဆို သူ့စိတ်ကသေချာစဉ်စားပြီးမှ ဆုံးဖြတ်တက်တဲ့အတွက် 

လိမ္မာတယ်လို့လဲ 

 ပြောလို့ရတာပဲလေ... မောင့်ရဲ့အချစ်အပေါ်ခံယူချက်လေးကို 

ကျမရဲ့ခံစားချက်လေးနဲ့ကိုးကားလို့ 

ဆောင်းပါးလေးတစ်ပုဒ်အဖြစ် ဖန်ဆင်းပေးလိုက်ပါတယ်... ကျမနဲ့မောင်တို့ 

လက်ခံယုံကြည်ထားတဲ့ 

အဲ့လိုချစ်ခြင်းမျိုးက တစ်ကယ်ရှိနိုင်မရှိနိုင် တစ်ကယ်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာတော့ 

ဝေဖန်ပေးကြပါအုံးနော်....:)))
                                
                                       သူငယ်ချင်းမိတ်ဆွေများကို အစဉ်လေးစားချစ်ခင်လျှက်
                                                             လေပြေချို (2:30 PM)

1 comment:

  1. လူအမျိုးမျိုး စိတ်အထွေထွေမို့ .... ရှိတတ်ပါတယ်။

    စာအရေးအသား ညက်ညောမှုတွေကို မျှဝေခံစားခဲ့ပါတယ်။

    ဆက်လက်ရွေ့ပါ ညီမလေး။

    ReplyDelete