1. 1. 1.

Thursday, January 3, 2013

ကျောက်ဆောင်ပမာ စိတ်ထားပါ

            ကမ္ဘာလောကမှာ ရှိရှိသမျှ ခပ်သိမ်းသောအရာတွေကို လူသားတို့က လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရှိတယ်။ နေ့စဉ်နဲ့အမျှ လူသားတွေဟာ မိမိတို့ ရွေးချယ်ရမယ့် လမ်းဆုံ လမ်းခွတစ်ခုပေါ်ကို ရောက်သွားတက်ကြပါတယ်။ လမ်းဆုံလမ်းခွဆိုတာကတော့ လမ်းတစ်လမ်းကို ရွေးချယ်လျှောက်လှမ်းရမယ့် နေရာကို ရောက်တယ်လို့ ဆိုလိုပါတယ်။ လူ့ဘ၀ကြီးမှာ ရွေးချယ်ခွင့်ဆိုတဲ့ သဘောတစ်ခုရှိတယ်၊ ဥပမာ- အကောင်းအဆိုး၊ အကြိုက်မကြိုက်၊ ဆိုတာထဲက တစ်ခုခုကို ရွေးချယ်နေကြရတယ်။ ဆန့်ကျင်ဘက်တွေနဲ့ ရောထွေးနေတဲ့ ဘ၀ထဲမှာ ဘက်နှစ်ဖက်ရှိတယ်။ အဲ့ဒီထဲကမှ တစ်ဖက်ဖက်ကို ရွေးချယ်ရတယ်။
    
           ရွေးချယ်ခွင့်ဆိုတဲ့ အခွင့်အရေးကို လူသားတိုင်းပိုင်ဆိုင်သလို ရွေးချယ်ခွင့်ဟာလည်း နေရာတိုင်းမှာရှိပါတယ်။ ဈေးဝယ်တဲ့အခါ ကိုယ်ကြိုက်တာကို ရွေးဝယ်ရသလို၊ အနားယူ အပန်းဖြေချိန်မှာတောင် ရုပ်ရှင်ကြည့်ပြီး အပန်းဖြေမလား၊ ဘုရားကိုသွားပြီး အပန်းဖြေမလား တစ်ခုခုကို ရွေးချယ်ရပါလိမ့်မယ်။ ထမင်းစားပြီးတဲ့အခါ ပါးစပ်ချဉ်တယ်၊ ထန်းလျှက်ခဲစားမလား၊ ရေနွေးကြမ်းသောက်မလား လက္ဖက်စားမလား ကိုယ်ကြိုက်တာကိုရွေးချယ်နိုင်သလို အိမ်ထောင်ပြုရာမှာလည်း မိမိစိတ်ကြိုက် ရွေးချယ်မှု ရှိရတာပဲလေ။
    
           ရွေးချယ်ခွင့်ဟာ လူသားတိုင်းရဲ့ လွတ်လပ်ခွင့်ပါပဲ။ ဒီလွတ်လပ်ခွင့်အရ ရွေးချယ်ပြီး ပြုမူဆောင်ရွက်တဲ့အခါ လူသားတို့ရဲ့ဘ၀မှာ “တာဝန်” ဆိုတဲ့ ကိစ္စပေါ်လာပါတယ်။ တစ်ခုခုကို မိမိကကြိုက်လို့ ရွေးချယ်ယူလိုက်ရင် အဲ့ဒီရွေးချယ်မှုရဲ့ ထိုက်သင့်တဲ့ တာဝန်ကို မိမိကယူရမှာပါပဲ။ ဈေးဝယ်တဲ့နေရာမှာတောင် ပစ္စည်းတစ်ခုခုကို ကိုယ်က ကြိုက်လို့ရွေးပြီး ဈေးစစ်မယ်၊ ရောင်းတဲ့သူကလည်း စစ်တဲ့ဈေးကို သဘောတူတယ်ဆိုရင် အဲ့ဒီပစ္စည်းကို ၀ယ်သူဟာ မ၀ယ်ချင်တော့ဘူးဆိုပြီး စိတ်ပြောင်းလို့ မရတော့ဘူး။ ၀ယ်ကိုဝယ်ရတော့ပါမယ်။ ဒါဟာ သူ့အပေါ်ကျရောက်လာတဲ့ တာဝန်ပဲ။
     
           တရားရုံးတွေမှာလည်း တစ်စုံတစ်ယောက်က အတင်းအဓမ္မခိုင်းစေလို့ ပြစ်မှုတစ်ခုကို ကျူးလွန်ရတဲ့ တရားခံအပေါ်မှာ ပြစ်မှုပြစ်ဒဏ်မကျရောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့သဘောနှင့်သူ လွတ်လပ်တဲ့စိတ်နဲ့ ရွေးချယ်ပြီး ပြုလုပ်ခဲ့တာမဟုတ်လို့ သူ့မှာ တာဝန်မရှိပါဘူး။ ဒါကိုသဘောပေါက်လို့ရှိရင် လူတစ်ယောက်ဟာ မိမိအပေါ် တာဝန်ကျလာမယ့် ကိစ္စတစ်ခုကို ရွေးချယ်ရတဲ့အခါ သူ့မှာလွတ်လပ်ခွင့်ရှိတယ်ဆိုပေမယ့် ကျရောက်လာမယ့်တာဝန်ဆိုတဲ့ ၀န်ထုပ်ကို ထမ်းဆောင်ရမှာမို့လို့ သူဟာဆုံးဖြတ်ဖို့ကျတော့ အလွယ်တကူ မလုပ်နိုင်တော့ပါဘူး။ 
     
           ဘ၀ဆိုတာကလည်း အဆုံးအဖြတ်တွေတစ်ခုပြီးတစ်ခု ပေးနေရတဲ့အဖြစ်မျိုးဆိုတော့ လူဟာ မိမိတာဝန်ယူရမယ့်ကိစ္စတွေကို အဆုံးအဖြတ်ပေးဖို့ကျတော့ တွန့်ဆုတ်တဲ့စိတ် ရှိပါတယ်။ ငါ့အဆုံးအဖြတ် မှားယွင်းသွားမလား၊ ငါ့အဆုံးအဖြတ်ကြောင့် အကျိုးစီးပွါးထိခိုက်မှုတွေ ဖြစ်ပေါ်လာမလား၊ ဒီအဆုံးအဖြတ်ကို လူတွေက ပြစ်တင်ကဲ့ရဲ့ကြမလား၊ စသည်အားဖြင့် ကိုယ့်ကိုယ်ကို မဝေခွဲနိုင် ချီတုံချတုံနှင့် တွေဝေလာတက်ပါတယ်။ ဆုံးဖြတ်ချက်ပေးသူဟာ ကျရောက်လာမယ့်တာဝန်အတွက် နောက်ဆံတင်းမှုတွေ ကြောက်ရွံ့မှုတွေ ဖြစ်တက်ပါတယ်။ ဘာကိုကြောက်သလဲဆိုတော့ မိမိအပေါ် တာဝန်ကျမှာ၊ အပြစ်တင်ခံရမှာ ကြောက်တာပါ။ ဒါ့ကြောင့် တာဝန်ကြီးကြီးယူထားရတဲ့လူဟာ ပိုပြီးကြောက်တက်ပါတယ်။ တစ်ချို့ လူကြီးလူကောင်းဆိုတဲ့ ပုဂ္ဂိုလ်တွေကျတော့ သတ္တိလည်းရှိတယ်၊ တာဝန်လည်းယူရဲတယ်၊ ဆုံးဖြတ်တဲ့နေရာမှာလည်း ပြတ်သားကြတယ်။ ဒါကြောင့် သူတို့ရဲ့ဆုံးဖြတ်ချက်တွေဟာ မှန်ကန်တာများပါတယ်။ အကျိုးရှိတာများပါတယ်။ 
     
          တစ်ချို့လူကြီးလူကောင်းအမည်ခံတွေကတော့ အကြောင်းအားလျှော်စွာ စိုင်ကော်လို့ချုံပေါ်ကို ရောက်ကြရတယ်။ သူတို့ကိုယ်သူတို့ အရည်အချင်းရှိတယ်လို့လည်း မယုံကြည်ကြဘူး။ ဒါကြောင့် သူတို့လိုလူတွေက တာဝန်တွေနဲ့ကြုံလာရင် တုန်လှုပ်တဲ့စိတ်ရှိတယ်။ ဒါပေမယ့်သူတို့အပေါ် ကျရောက်လာမယ့်အပြစ်ကိုမခံရအောင် တာဝန်ကို ဘော်လီဘောပုတ်သလို ဟိုဘက်ပုတ်ထုတ်၊ ဒီဘက်ပုတ်ထုတ်နှင့် ခေါင်းရှောင်လေ့ရှိကြပါတယ်။ ဒါကြောင့် လောကမှာ ရဲရင့်တဲ့ဆုံးဖြတ်ချက်၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်၊ အကျိုးပြုတဲ့ဆုံးဖြတ်ချက်ပေးတဲ့လူတွေကို ခေါင်းဆောင်လို့ သက်မှတ်ခဲ့ကြတာပါ။ ခေါင်းဆောင်လုပ်တဲ့လူဟာ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို လျင်လျင်မြန်မြန် ဘာကြောင့်ချမှတ်နိုင်သလဲ ဆိုတော့ စိတ်တည်ငြိမ်သူတွေဖြစ်လို့ပါပဲ။
     
            သူတို့မှာ နောက်ဆံတင်းတဲ့စိတ်၊ ငဲ့ကွက်တဲ့စိတ်မရှိဘူး။ မအောင်ရင် အသေခံမယ်၊ အောင်မြင်ရင် အများကိုးကွယ်ရာဖြစ်စေမယ်ဆိုတဲ့ ကြီးမြတ်တဲ့စိတ်ပဲ ရှိတယ်။ ဒါ့ကြောင့်ဘယ်လိုအရေးအခင်းနှင့်ပဲကြုံကြုံ သူတို့ဟာ လေပြင်းမုန်တိုင်းကြားမှာ တုန်ခါလှုပ်ရှားခြင်းမရှိတဲ့ ကျောက်ဆောင်ကြီးတွေလိုပါပဲ။ လူသားတွေ စိတ်လှုပ်ရှားတယ် တုန်လှုပ်တယ်ဆိုတာ ဘယ်အခါဖြစ်တက်ပါသလဲ၊ ကိုယ်ကျိုးကို ငဲ့ကွက်မှုကြောင့် ကိုယ်ကျိုးထိခိုက်မှာစိုးတဲ့အခါ တုန်လှုပ်တက်ကြပါတယ်။ ဘ၀ခရီးလမ်းမှာ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန်ချနိုင်ဖို့ အထူးလိုအပ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက် မြန်မြန်ချနိုင်ပြီး မိမိရဲ့ဆုံးဖြတ်ချက် မှန်ကန်ဖို့ အတွက်ကတော့ စိတ်ကိုလှုပ်ရှားပျံ့လွင့်ခြင်းကင်းအောင် အာရုံတစ်ခုတည်းအပေါ်မှာ စူးစူးစိုက်စိုက် တည်မြဲနေအောင် လေ့ကျင့်ပြီးတော့မှ ဘ၀ရဲ့လမ်းဆုံမှာ လူတိုင်းကြုံဆုံရစမြဲဖြစ်တဲ့ အဆိုးအကောင်း ဆိုတဲ့ လမ်းဆုံလမ်းခွလေးကို မှန်ကန်စွာရွေးချယ်နိုင်ပြီး တာဝန်သိတဲ့ လူသားတစ်ယောက် အဖြစ် မိမိရဲ့တည်ငြိမ်တဲ့စိတ်နဲ့ အရာရာကို အောင်မြင်အောင်လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...
                                                
                                                              စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများကို အစဉ်လေးစားချစ်ခင်လျက်
                                                                                                 လေပြေချို
             

6 comments:

  1. ဗဟုသုတလဲရခဲ့တယ် တခုခုတော့ခံစားလိုက်ရတယ် အရေးကောင်းနော်
    ဂျက်တောင်အဲလိုမရေးတတ်ဘူး
    ၂၀၁၃ မှစပြီး အရာရာအောင်မြင် ပျော်ရွှင်ပါစေ

    ReplyDelete
  2. ရေးထားတာ ကောင်းမှကောင်း...
    ရေးတတ်လိုက်တာ မမလေပြေရယ်..
    နှစ်သစ်မှာပျော်ရွှင်ပါစေမ..
    ချစ်တဲ့...မိုးနတ်

    ReplyDelete
  3. လေပြေလေး..

    မရောက်တာကြာပေါ့။နေကောင်းကျန်းမာတော်မူပါစ။
    အရေးအသားတွေ အတော်ပြောင်မြှောက်လာပါပေတယ်။
    သေချာတိုက်ချွတ်ထားလို့နဲ့တူတယ်နော်။
    အားပါးတရ လာရောက်အားပေးသွားတယ်။
    ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ....


    ချစ်တဲ့
    အလွမ်း

    ReplyDelete
  4. လေပြေရေ မှတ်သားစရာစာတွေဖတ်သွားတယ်။လိုက်နာကျင့်သုံးဖို့လဲ ကြိုးစားရဦးမယ်။

    ReplyDelete
  5. သည်ပိုစ့်လေးက ဖတ်လို့လည်းကောင်းပြီး
    မှတ်သားစရာတွေ ပါတဲ့ ပိုစ့်လေးတစ်ခုပါပဲလား
    သည်နေ့အဖို့တော့ အားဆေးတစ်ခွက်သောက်လိုက်ရသလိုပါပဲ မမလေပြေရေ
    နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေနော်
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete
  6. မှတ်သားစရာလေးတွေအတွက်ကျေးဇူးပါ လေပြေရေ

    ReplyDelete