1. 1. 1.

Wednesday, January 2, 2013

ပြောင်းလဲခြင်း အလင်းရောင်


ခါတိုင်းလိုပါပဲ
ဒီအာရုံဦးမှာ
နံနက်ခင်းကို နှုတ်ခွန်းဆက်ဖို့
ကျေးငှက်တစ်ချို့က သံစဉ်ချိုချို
ဆိုတေးသီလို့ ပျော်မြူးနေပေမယ့်
ရင်ထဲမှာတော့ နွမ်းနေခဲ့တယ်...။

ခါတိုင်းလိုပါပဲ
ဒီမနက်ခင်းမှာ
နေရောင်ခြည်တွေ ကလန့်ကာဖွင့်တော့
ဖြာလဲစီးဆင်း နေခြည်မင်းက
ပါးပြင်ထက်ဝယ် ရှိုက်နမ်းလို့နှိုးပေမေယ့်
ရင်ထဲမှာတော့ လွမ်းနေခဲ့တယ်....။

ခါတိုင်းလိုပါပဲ
မနက်ခင်းလေးမှာ
မင်္ဂလာပါလို့ အချိုသာဆုံးအပြုံးတွေပန်ဆင်
ရင်ထဲက နှုတ်ဆက်ချင်ပေမယ့်
စိတ်တိုင်းကျဖျော်စပ်
ငါသိပ်ကြိုက်တဲ့ ကော်ဖီတစ်ခွက်က
အရမ်းကို ခါးလွန်းနေပြန်တယ်....။

ခါတိုင်းလိုမဟုတ်တဲ့ ဒီနေ့ရက်မှာ
အတွေးတွေရွက်လွှင့် ကမ္ဘာပတ်ရင်း
ပြောင်းလဲမှုတွေကြား 
အမုန်းခါးခါးကိုဖက်နဲ့ထုပ် အဝေးဆုံးကိုမောင်းထုတ်လို့
ပြတင်းတံခါးကို အသာအယာဖွင့်တော့
လေပြေချိုက ဆောင်ယူလို့ပေးတယ်ကွယ်....
ငါသိပ်မြတ်နိုးတဲ့ ပန်းစံပယ်ရဲ့သင်းရနံ့ကို
ရင်ခွင်ခန်းရဲ့ အတွင်းဆုံးနံရံထိ
ရှိုက်နမ်းခွင့်ရခဲ့တယ်.....။ 

မှတ်ချက်။      ။ပုံလေးကတော့ ကျမရဲ့လက်ရာလေးပေါ့... (ကြွားလိုက်ပြန်ပြီး ဟိ)

2 comments:

  1. ကိုယ်တိုင်စွမ်းဆောင်နိုင်တဲ့ပုံလေးပဲ ကြွားတာဟုတ်ပါဘူး လေပြေချိုရေး)
    ခံစားချက်ကဗျာလေး မျှဝေခံစားသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. လေပြေ လေပြေ လေပြေ စိတ်ရှုပ်နေတာတွေပြေသွားလောက်ပီ ထင်ပါရဲ့။

    ReplyDelete