1. 1. 1.

Wednesday, September 19, 2012

နံရံတွေလည်း ခြားခဲ့ပြီလေ

         ဒီနေ့ကျမ စူပါမားကတ်တစ်ခုမှာ ဈေးဝယ်ထွက်ရင်း မလှမ်းမကမ်းမှ ကျမကိုလူတစ်ယောက် စူးစိုက်ကြည့်နေမှန်း ကျမသိတာပေါ့... ကျမစိတ်က အလိုလိုကိုသိနေတာ... ဒါနဲ့ ကျမလည်း ကိုယ့်ကိုကြည့်နေတဲ့သူ ဘယ်သူဆိုတာ မသိမသာလေး သတိထားကြည့်မိလိုက်တော့ ဟောတော့...သူပါလား.. ကျမပုံမှန်မဟုတ်တဲ့ ခြေလှမ်းတွေနဲ့ ခပ်သွက်သွက်လေးလှမ်းရင်း ကျမကားဆီကို ရောက်လာခဲ့တယ်.. ကားပေါ်တက် စက်နှိုးပြီး ဘက်ကြည့်မှန်ထဲ ကျမအကြည့်က အလိုလိုရောက်သွားခဲ့တယ်လေ..သူပေါ့ ကျမကို မမှိတ်မသုန်ကြည့်နေပြန်တယ်လေ...သူ့အကြည့်တွေကို ဖယ်ပြီး အိမ်အပြန်လမ်းမှာတော့ အတိတ်ကအရိပ်တစ်ချို့ အတွေးထဲမှာ စီးမျောလို့ပေါ့...
       သူဆိုတာက ကျမတို့ အထက်တန်းကျောင်းသူဘ၀ နယ်မှာတုန်းကပေါ့.. ကျမတို့ရဲ့ ခြံနဲ့ကပ်ရပ်နေတဲ့သူလေ.. ကျောင်းသွားတော့လည်း အတူတူ.. အတန်းတော့မတူပါဘူး.. ကျူရှင်သွားတော့လည်း အတူတူ.. ကျောင်းပြန်လည်းအတူတူ.. ကျောင်းက လေ့လာရေးခရီးသွားတော့လည်း အတူတူပေါ့... တစ်ခါတစ်လေ အကြည့်ချင်းဆုံလို့ ရင်ခုန်ရတာလည်း အတူတူပဲလေ.. အဲ့ဒီလို အတိတ်ရဲ့ အတွေးလေးထဲစီးမျောရင်း ကျမရဲ့ မသိစိတ်ထဲမှာ သံသယတစ်ပိုင်းတစနဲ့ တစ်ချက်ကလေး နောက်ကို စောင်းငဲ့ကြည့်မိတော့ ကားအဖြူရောင်လေးတစ်စီးက နောက်ကနေ လိုက်လာမှန်း သတိထားမိလိုက်တယ်... 
သိပ်သေချာတာပေါ့.. ကျမဘ၀မှာ ပထမဦးဆုံး ရင်ခုန်ခဲ့ရတဲ့သူလေ.. ကျမသိပ်မှတ်မိတာပေါ့.. သူမှန်းသေချာသိတော့ ကျမစိတ်ထဲ ကျိတ်ပြုံးမိတယ်.. သူဒီလို ကျမနောက်လျှောက်လိုက်နေတာ ကျမအကြောင်း မသိသေးလို့ပါ... ကျမ ပြောပြချင်ပါတယ်.. ကျမရဲ့အကြောင်းအကုန်လုံးကိုပေါ့.. ဒါပေမယ့် သူက ကျမကို စကားစမပြောတော့ ခက်ပါတယ်... ဘယ်လိုလုပ်ရမလဲ.. ကျမဘက်က စပြောရအောင်လည်း အရင်ကတည်းက သူနဲ့ ကျမက စကားပြောဖူးတာမှမဟုတ်တာ.. ပြီးတော့ ကျမက မိန်းကလေးပါ...
         ဟော..ကြည့် သူ ကျမကားကို မှီလာပြီ...ကျမကားနဲ့ ဘေးချင်းယှဉ်မောင်းရင်း သူ ကျမကိုကြည့်နေမယ်ဆိုတာ ကျမသိတာပေါ့..ဒီလိုကိစ္စတွေက ကျမအတွက် အစိမ်းသက်သက်မှမဟုတ် တာလေ.. ဒါပေမယ့် ရင်ခုန်သံကတော့ တစ်မျိုးကြီးပဲ...

           **********************************************
         
          သူမကတော့ ဘယ်လိုနေမလဲမသိဘူး.. ကျတော်ကတော့ တစ်ကိုယ်လုံး ထူပူပြီး လေထဲမြောက်တက်နေသလို ခံစားနေရတယ်.. သူမမျက်နှာကို သတိထားမိတာက သူမက ငယ်ငယ်တုန်းကလို မျက်နှာထားက တင်းမနေတော့တာပဲ...ကျောင်းတုန်းကဆို သူမရဲ့မျက်နှာက အမြဲတင်းနေတာဗျ... ဘယ်သူနဲ့မှလည်း သိပ်မရောဘူး..အမြဲတမ်း တည်တည်ကြီးနေတာ... သူမရဲ့ အမူအယာကသာ ခက်ထန်မာကျောတာ.. အတွင်းစိတ်ထားလေးက အရမ်းကိုကျင်နာ သနားတက်တာ ပြီးတော့ သူမရဲ့ အသံလေးက နူးညံ့သာယာသလို သူမရဲ့ လက်လေးတွေ သူမရဲ့ခြေဖ၀ါးလေးတွေကို ဘယ်သူမှမသိအောင် ကျတော် တိတ်တဆိတ်မြတ်နိုးမိခဲ့တာပါ...
        အခုလိုမျိုး စကားမပြောသေးပဲ လျှောက်လိုက်နေလို့မဖြစ်သေးဘူးဆိုတာ ကျတော်သိတာပေါ့.. ခက်တာက တစ်ခြားနေရာတွေမှာသာ စကားသွက်သလောက် သူမနဲ့ပတ်သက်လာရင်တော့ ကျတော့ပါးစပ်က မရဲဘူးဗျ.. ပြီးတော့ ခုလို သူမနောက်ကို လိုက်ပြီး သူမကိုမြင်နေရုံနဲ့တင် ပြောစရာမလိုအောင် ကျတော် ကြည်နူးနေမိတာ..ကျတော် အမှန်အတိုင်းပြောရရင် အခုလို သူ့ကားနဲ့ ယှဉ်မောင်းနေမယ့်အစား ချစ်သူစုံတွဲတွေလို သူနဲ့ကျတော် လက်ချင်းချိတ်ပြီး ယှဉ်တွဲလျှောက်ချင်တာပါ.. သူမကိုကျတော် ကြည့်မိတော့ သူမမျက်နှာက ကျတော့်ကို စိတ်ဆိုးဟန်မရှိသလို ကြည်ဖြူဟန်လဲမပြပဲ ငယ်စဉ်ကအတိုင်း သူမက တည်ငြိမ်စွာပဲဗျ...
      သူမရဲ့ကားလေး လမ်းချိုးကွေ့လေးတစ်ခုထဲသို့ကွေ့အ၀င် ဟော..ဒါသူမတို့ရပ်ကွက်ပဲထင်ပါတယ်. အခုချိန်မှာ ကျတော်သတိထားမိတာက သူမရဲ့မျက်နှာလေး အနည်းငယ်ပျက်နေသလိုပါပဲ.. ကျတော်လဲ အလိုက်သိစွာပဲ ခပ်ခွာခွာကနေပဲ လိုက်ပါတော့တယ်.. ရင်ထဲကစကားသံချင်း ပြင်းထန်စွာတုံ့ပြန်ရင်း သူမနဲ့ကျတော် တိတ်တဆိတ်ပဲပေါ့...
        ဒီလိုနဲ့ သူမက စတိုးဆိုင်လေးတစ်ခုရှေ့မှာ ကားလေးခဏရပ်ပြီး မုန့်လေးတစ်ထုပ် ဆင်းဝယ်တယ်ဗျ.. ကျတော်လည်း ခပ်တည်တည်ပဲ စီးကရက်တစ်လိပ်ဝယ်ပြီး မီးညှိလိုက်တယ်.. သူမလည်း ၀ယ်စရာရှိတာတွေဝယ်ပြီး ကားဆက်မောင်းလာခဲ့တယ်.. လမ်းတွေလည်း တစ်လမ်းပြီးတစ်လမ်း ကျော်လာပါတယ်.. ကျတော်သိချင်နေမိတယ်.. သူမရဲ့အကြောင်းနဲ့ သူမတို့အိမ် ဘယ်အိမ်ဆိုတာကိုလေ..တဖြည်းဖြည်းနဲ့ သူမရဲ့ကားလေး အရှိန်လျှော့လာတယ်.. ပြီးတော့ သူမက ကားထဲကနေပြီး ကျတော့်ကို မျက်စိတစ်ချက်စွေကြည့်တယ်.. “ဘာလဲ ဆက်လိုက်မလို့လား”ဆိုတဲ့အကြည့်ပေါ့..  ဒီလိုနဲ့ ကျတော်လည်း အလိုက်သိစွာပဲရပ်နေလိုက်တယ်..သူမကားလေးလဲ တဖြည်းဖြည်းနဲ့ အိမ်တစ်အိမ်ရှေ့အရောက်မှာ တုံ့ကနဲ့အရပ် “ငါတို့မေမေ ပြန်လာပြီဟေ့” ဆိုပြီး တီတီတာတာနဲ့ ချစ်စရာကောင်းတဲ့ ခလေးငယ်လေးတစ်ယောက် ပြေးအကြိုမှာ သူမလည်း ထိုခလေးငယ်လေးကို ပွေ့ချီပြီး ခုနလေးက၀ယ်လာတဲ့ မုန့်ထုပ်ကလေးကို ပေးလိုက်တယ်...
         ခလေးငယ်လေးလက်ထဲက လှုပ်တုန့် လှုပ်တုန့်နဲ့ မုန့်ထုပ်ကလေးကိုင်ရင်း ပေကလပ် ပေကလပ်နဲ့ကြည့်နေတဲ့ မျက်လုံးလေးတွေက ကျတော့်ကို လှောင်ပြောင်နေသယောင်.. ပြီးတော့ တည်ငြိမ်နေတဲ့ မျက်နှာလေးနဲ့ စောင်းငဲ့ကြည့်လာတဲ့ သူမရဲ့ မျက်ဝန်းက ပြောတဲ့ “အာနာပါတယ်” ဆိုတဲ့ စကားသံလေးကို ကျတော့်နှလုံးသားက ရင်နာနာနဲ့ပဲ လက်ခံမိလိုက်တော့တယ်......************။  

မှတ်ချက်။     ။ ၀ါသနာက တားမရလို့ မအားတဲ့ကြားက အပြေးအလွှား ရေးသားထားခြင်း ဖြစ်ပါသည်။ စိတ်ကူးယဉ်သက်သက်သာ... မည်သူ့ကိုမှ ရည်ရွယ်ခြင်းမဟုတ်ပါ။ တိုက်ဆိုင်မှုလေးများ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေ။ ဆီနီးယာ(Senior)ဘလော့ဂါ မောင်နှမတွေကို အားကျလို့ ရေးသားမိခြင်း ဖြစ်ပါသည်။.. အချိန်ပေးပြီး လာရောက်ဝေဖန်အားပေးတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးအထူးတင်ပါသည်။
                   
                        စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများကို လေးစားချစ်ခင်လျှက်
                                                  လေပြေချို         10:18 PM
 

6 comments:

  1. ခေါင်းစဉ်နဲ့ စာသား လုံးဝကွက်တိပါပဲ
    ရေးတတ်တာပဲ ဟုတ်လှပေါ့ jas ကအဲလိုတွေမရေးတတ်လို့
    ရေးတတ်ချင်နေတာ

    ReplyDelete
  2. သဘာဝကျကျဖြစ်လေ့ရှိတတ်တဲ့ ဆောင်းပါးလေးတစ်ပုဒ် အားပေးသွားတယ် လေပြေရေ။
    အပြေးအလွှားလေးရေးခဲ့ပေမယ့် စိတ်ကူးလေးကောင်းတော့ ဖတ်လို့ကောင်းတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဒါကြောင့်အချစ်ဆိုတာ မြိုသိပ်မထားသင့်ဘူး။ နံရံတွေခြားတံတိုင်းတွေခြားကုန်တာကမှ သိပ်ရင်နာစရာကောင်းတာ။

    ReplyDelete
  4. ဆွဲဆောင်မှု ရှိလှတဲ့ ဇာတ်လမ်းလေးပါပဲ
    လက်နှေးရင် ခွက်ဆေးရတယ်ဆိုတာ ဒါမျိုးထင်တယ် :P
    မြိုသိပ်မထားပဲ ဖွင့်ပြောလိုက်ရင်တော့ ကောင်းသားပဲနော်
    ပျော်ရွှင်နိုင်ပါစေနော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  5. ကြိုက်တယ်။ မရေးတတ်တော့ ရေးတတ်သောသူကိုဘဲ အားပေးသွားသည်။

    ReplyDelete
  6. တကယ့်ကိုကောင်းပါလား အားပေးလျက်နော်

    ReplyDelete