1. 1. 1.

Wednesday, August 15, 2012

နုပျိုရွှင်လန်းစွာ အသက်ရှင်ပါ

          

           ကျန်းမာခြင်း၊ နုပျိုခြင်း၊ အသက်ရှည်ခြင်းတို့သည် တခုနှင့်တခု ဆက်စပ်လျှက်ရှိသည်။ အသက်ရှည်ရှည်နေလိုလျှင် ပထမဦးဆုံး အဓိကဆောင်ရွက်ရမှာ အိုမင်းမစွမ်းခြင်းတည်းဟူသော ဇရာလမ်းမပေါ်တွင် မရောက်စေပဲ နုပျိုရွှင်လန်းစေမှုကို ထာဝစဉ်ပိုင်ဆိုင်ရရှိနေစေရန် ကြိုးစားရမည်သာဖြစ်သည်။
         
         သေနေ့စေ့လျှင်သေရမည်၊ အသက်ကြီးလာလျှင် မစွမ်းမသန်ဖြစ်လာသည်၊ ရုပ်ကျသည်၊ စသည့်အတွေးအခေါ်အယူအဆဟောင်းများကို စိတ်ထဲမှ ဖျောက်ဖျက်ပစ်သင့်ပေသည်။ တရားသဘောအရသော်လည်းကောင်း၊ဆေးပညာ ဇီဝဗေဒပညာ ရှုထောင့်များမှ ကြည့်လျှင်သော်လည်းကောင်း အသက်ကြီးခြင်းဖြစ်စဉ်သည် မိခင်ဝမ်းဗိုက်အတွင်း ကလလရေကြည်တည်သည့်အချိန်မှ အစပျိုးခဲ့ပါသည်။ ထို့ကြောင့် သဘာဝဖြစ်စဉ်တလျှောက် တစထက်တစ အသက်ကြီးလာခြင်းသည် မထူးဆန်းသော ရှောင်လွှဲမရသော ဖြစ်စဉ်ဟု လက်ခံယုံကြည်ထားရပေမည်။ 
          
          စိတ်ဓါတ်ကြံ့ခိုင်မှုနှင့် စိတ်၏စွမ်းပကားများသည် အသက် ၄၀ နှစ်အရွယ်အထိ တရိတ်ရိတ်တက်နေပြီး အသက် ၄၀ မှ ၆၀ နှစ်အရွယ်အထိ တဖြည်းဖြည်း ဆက်လက်မြင့်တက်ဆဲဖြစ်လေသည်။ တချို့ပညာရှိများက ဘ၀သည် အသက် ၄၀ နှစ် အရွယ်မှစပြီး အသက် ၆၀ နှစ်တွင် အသိဥာဏ်ပညာ မြင့်မားရင့်ကျက်ခိုင်မာမှု အရှိဆုံးဖြစ်သည်ဟု ယူဆကြသည်။ ထို့ကြောင့် အသက်ကြီးလာခြင်းသည် ဂုဏ်ယူစရာဖြစ်ပြီး စိတ်ဓါတ်ကျနေစရာ မလိုပေ။ နုပျိုရွှင်လန်းစွာ အသက်ရှည်ရှည်နေနိုင်ခြင်း၏ အဓိကသော့ချက်မှာ ထာဝရ စိတ်ရွှင်လန်း ချမ်းမြေ့မှု၊ ကြည်လင်မှုပင်ဖြစ်သည်။
          
          ယခင်က စိတ်ကို နာမ်ပစ္စည်းသက်သက်အဖြစ်သာ သတ်မှတ်ထားခဲ့ကြသည်။ ယခုခေတ်တွင် အီလက်ထရွန်းနစ်ကွန်ပျူတာများ၏အစွမ်းဖြင့် စိတ်၏အခြေအနေအမျိုးမျိုးအလိုက် ခန္ဒာကိုယ်၊ ဦးနှောက်နှင့် နှလုံးတို့ရှိ ကြွက်သားတို့၏ လှုပ်ရှားမှုများမှ လျှပ်စီးကြောင်းအမျိုးမျိုး ဖြစ်ပေါ်စေသည်ကို စူးစမ်းတွေ့ရှိလာခဲ့ကြသည်။ ထို့ကြောင့် စိတ်ညစ်ညမ်းမှု ပူပင်သောကရောက်မှုများသည် ခန္ဒာကိုယ်ရှိ ကလပ်စည်းများ၏ လုပ်ဆောင်ချက်များကို ယိုယွင်းစေပြီး ပျက်စီးလွယ်စေသောကြောင့် နုပျိုခြင်းမှ ကင်းဝေးစေသည့် စိတ်မရွှင်မလန်း မချမ်းမြေ့မှုများကို မိမိတို့၏ စိတ်အတွင်းမှ မောင်းထုတ်ပြစ်ရပေမည်။
         
          အသက်အရွယ်ကြီးရင့်လာသူများအနေဖြင့် သေခြင်းတရားကို ကြိုတင်ပူပင်ကြောက်ရွံ့ပြီး သောကပိုမနေသင့်ပါ။ လူတိုင်းလူတိုင်း တွေ့ကြုံရမည်ဖြစ်သော သေခြင်းတရားကို တယောက်ထဲ သောကများနေလျှင် မသေမီ ဘ၀ဖြစ်ရှုံးနေသည်နှင့်သာတူလေသည်။

 
ပျော်ပျော်နေ သေခဲ
         

          ပျော်ပျော်နေသေခဲ ဟူသည့်စကားအတိုင်း စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် နုပျိုလန်းဆန်းပြီး ကျန်းမာခြင်းသုခကို ထာဝရ ရရှိကာ အသက်ရှည်ရှည်နေထိုင်သွားနိုင်ရန် လူတိုင်းလူတိုင်း အောက်ဖေါ်ပြပါစိတ်နှင့်ပတ်သက်သည့် နည်းလမ်းကောင်းများကို ထာဝစဉ် လက်ခံကျင့်သုံး နေထိုင်သင့်ပါသည်။

၁။    စိတ်ပူပင်သောကများ စိတ်ညစ်ညူးစရာများကို တက်နိုင်သမျှ ဖယ်ရှားပြစ်ပါ။ အရာရာတွင် စိုးရိမ်စိတ် လွန်ကဲခြင်းကို ရှောင်ကြဉ်ပါ။

၂။     မနာလိုဝန်တိုမှု မစ္ဆေရစိတ်မုန်းတီးမှုများ၊ လောဘ ဒေါသကြီးခြင်း မာန်မာနခက်ထန်ခြင်း၊ စိတ်တိုတက်ခြင်း၊ တကိုယ်ကောင်းဆန်ခြင်း စသည့် မကောင်းသည့် စိတ်ဆိုးစိတ်ယုတ်များကို သင့်စိတ်တွင်းမှ လုံးဝ ဖယ်ရှားပြစ်ခြင်းဖြင့် မိမိ၏စိတ်အသွင်ကို ပကတိကြည်လင်ဖြူစင်စွာ နေစေသင့်ပါသည်။

၃။     ပတ်ဝန်းကျင် လောကဓံလှိုင်းဂယက်၏ ရိုက်ပုတ်ချက်ဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေးအတွက် စိတ်ဓါတ်ရင့်ကျက်ခိုင်မာနေစေရန် အတက်နိုင်ဆုံးကြိုးစားပါ။ ပြသ၁နာတရပ်ရပ် ပေါ်ပေါက်လာခဲ့လျှင် ခေါင်းအေးအေးထားပြီးဆုံးဖြတ်ခြင်း၊ စိတ်အပြောင်းအလဲမမြန်ဆန်ခြင်း၊ စိတ်အေးအေးတည်ငြိမ်ခြင်း၊ သတ္တိရှိခြင်း၊ မှန်ကန်သည့်အတိုင်း ဆုံးဖြတ်နိုင်ခြင်း စွဲမြဲမှုရှိခြင်း၊ ပျော်ရွှင်စွာနေတက်ခြင်း၊ သည်းခံစိတ်ပြည့်ဝခြင်း၊ ဥပေက္ခာစိတ်ထားတက်ခြင်း၊ စိတ်ထားမွန်မြတ်ခြင်း၊ စိတ်ကိုလိုသလိုထိန်းချုပ် ကွပ်ကဲနိုင်ခြင်း၊ စသည်တို့သည် စိတ်ဓါတ်ရင့်ကျက်မှု၏စွမ်းရည်များပင် ဖြစ်ပါသည်။

၎။     အတိတ်ကိုမေ့ပြီး ဥပေက္ခာပြုတန်သမျှပြု၊ အနာဂါတ်အတွက်လည်း ဖြစ်လာနိုင်ဖွယ်ရှိသော မျှော်မှန်းချက်၊ ရည်ရွယ်ချက်ထားရှိပြီးယခုမျက်မှောက်ကာလတွင် မိမိမျှော်မှန်းချက်အတိုင်း ဖြစ်မြောက် အောင်မြင်လာစေရန် အာရုံစူးစိုက်ပြီး အကောင်းဆုံးကြိုးစားဆောင်ရွက်ပါ။ ယင်းမှ ဖြစ်ပေါ်ရရှိလာသည့် အခြေအနေ အကြောင်းအချက် အကျိုးဆက်များကို ဖြစ်သမျှအကြောင်း အကောင်းချည်းသာဟုယူဆပြီး ရောင့်ရဲတင်းတိမ်နိုင်သောစိတ်ရှိသင့်ပါသည်။

၅။     ဘာသာရေးယုံကြည်သူဖြစ်ပါက မည်သည့်ဘာသာမဆို မိမိယုံကြည်သော ဘာသာအယူဝါဒ၏ လမ်းစဉ်နှင့်အညီ ကျင့်ကြံနေထိုင်ခြင်းဖြင့် စိတ်တည်ငြိမ်ခြင်း၊ ပူပင်သောကဗျာပါဒကင်းပြီး စိတ်နှလုံးနူးညံ့သိမ်မွေ့ ချမ်းမြေ့ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်သည်။

၆။     ရံဖန်ရံခါလိုအပ်သလို ခန္ဒာကိုယ်နည်းတူ စိတ်ကိုပါ အနားပေးသော အလေ့အကျင့်ကို ပြုလုပ်ပေးပါ။ အလုပ်သက်သက်ကိုချည်း တရားလွန် စူးစိုက်လုပ်ဆောင်မနေသင့်ပါ။ လူ့ဘ၀၏အရသာကိုလည်း ခံစားသင့်သလောက် ခံစားတက်ပြီး ပျော်ပျော်ရွှင်ရွှင်နေသင့်ပေသည်။
                                            
                             စာပေမြတ်နိုသူများကို အစဉ်ချစ်ခင်လေးစားလျှက်
                                                        လေပြေချို  

 

6 comments:

  1. မှတ်တားတွားပါတယ် လေပြေ။ အသက်ကြီးလေလေ အားမငယ်ဘူး။
    သေဖို့နီးလာလာလို့ မြင်ပြီး ပျော်လေလေ..ခိခိ
    ပျော်ပျော်နေ သေး ခဲဆိုတော့ သေးခဲတယ်ဆိုတယ် ကျောက်တည်လို့
    နေမယ်။ဆေးခန်းပြ...ခိခိ
    ချစ်လို့ စတာ...

    ReplyDelete
  2. ပျော်ပျော်နေသေခဲ
    ပျော်ပျော်ပဲ နေပါတယ်
    တခါတလေတော့လဲ လွမ်းရ ဆွေးရ တွေးရတာလဲ ကြည်နူးစရာပါပဲ :)
    လင့်ချိတ်ထားလိုက်တယ်နော်

    ReplyDelete
  3. မှတ်သားစ၇ာလေးတွေအတွက် ကျေးဇူးပါ ။

    ReplyDelete
  4. လူတိုင်းလူတိုင်း တွေ့ကြုံရမည်ဖြစ်သော
    သေခြင်းတရားကို တယောက်ထဲ သောကများနေလျှင်
    မသေမီ ဘ၀ဖြစ်ရှုံးနေသည်နှင့်သာတူလေသည်
    မှတ်သားသွားပါတယ်နော်


    ReplyDelete
  5. မှတ်သားခဲ့တယ်.. ချစ်မရေ.. :)

    ReplyDelete
  6. မှတ်သားစရာလေးတွေကို လာရောက်မှတ်သားသွားပါတယ်
    စိတ်ညစ်စရာတွေအများကြီးပေမဲ့ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်ပဲနေပါတယ်
ူတန်ဖိုးရှိလှတဲ့စာလေးတွေကိုအားပေးသွားတယ်နော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete