1. 1. 1.

Wednesday, April 11, 2012

သင်္ကြန်ဆိုတာ...

သင်္ကြန်ရက်မှာ အားနေတာနဲ့ အမှတ်တရလေးဖြစ်အောင် ဒီပိုစ်လေးကို ရေးဖြစ်ခဲ့ပါတယ်.. ကျမ ဖတ်မိသမျှ ပုံပြင်လေးပေါ့၊ ဒဏ္ဍာရီဆိုလည်းမမှားပါဘူး...
     သင်္ကြန်ဆိုတာ ကျမတို့နိုင်ငံမှာ ပျော်စရာအကောင်းဆုံး ပွဲတော်ဖြစ်တာနဲ့ လိုက်လျောစွာပဲ ညှို့ယူဖမ်းစားနိုင်တဲ့ ဒဏ္ဍာရီလည်း ရှိခဲ့ပါတယ်။

     အဲ့ဒီဒဏ္ဍာရီအရ နတ်ဘုရင်သိကြားမင်းဟာ ဗေဒင်ကိန်းတစ်ခုနဲ့ ပတ်သက်ပြီး အထက်တန်းစား နတ်တစ်မျိုးဖြစ်တဲ့ ဗြဟ္မာကြီးတစ်ပါးနဲ့ အပြင်းအထန် အငြင်းအခုံဖြစ်ကြပါသတဲ့။

     သူတို့နှစ်ဦးစလုံးဟာ အလျှော့မပေးကြပဲ ငြင်းခုံမှုဟာ သိပ်အပူတပြင်း ဖြစ်လာတဲ့အတွက် အသေအလဲအလောင်းအစားတစ်ရပ်ကို လုပ်ကြတယ်လေ။ အဲ့ဒါကတော့ ရှုံးတဲ့သူကို ခေါင်းဖြတ်ကြေးတဲ့။


     သူတို့ဟာ အဆုံးအဖြတ်ခံဖို့ က၀ါလမိုင်းအမည်ရှိတဲ့ ပညာရှိကြီးဆီသွားတော့ ဆရာကြီးက သိကြားမင်းကို အနိုင်ပေး ဆုံးဖြတ်လိုက်တယ်။


     ဒါနဲ့ ဗြဟ္မာကြီးကို ခေါင်းဖြတ်လိုက်တော့ ဒီခေါင်းပြတ်ကြီးးကို ဘာလုပ်ရပါ့ဆိုတဲ့ ပြသနာအကြီးစား တစ်ခု ပေါ်လာပါလေရော။

     ဒီကိစ္စမှာ အကျပ်ရိုက်တာက ဗြဟ္မာကြီးဟာ တန်ခိုးကြီးလှတဲ့ပုဂ္ဂိုလ်မို့ သူ့ဦးခေါင်းကို ပင်လယ်ထဲ ပစ်ချလိုက်ရင် ပင်လယ်ရေတွေအားလုံး ခန်းခြောက်သွားမတဲ့။

     ဦးခေါင်းကို မြေကြီးထဲမြှုတ်ရင် မြေသြဇာဓာတ်ပျက်ပြားပြီး သစ်ပင်ကြီးငယ်တွေဟာ သုံးနှစ် သီးကြပွင့်ကြမှာ မဟုတ်တော့ဘူးတဲ့။

     မိုးပေါ်ကို ပစ်တင်လိုက်ပြန်ရင်လည်း မိုးက သုံးနှစ်တောင် ခေါင်မတဲ့လေ။ သိကြားမင်းခမျာ သနားစရာပါလားနော်၊ အတော်မလွယ်တဲ့ ပြသနာနဲ့တိုးနေပြီ။

     သူစိတ်မကြည်တာတွေ့တော့ သူ့မိဖုရားတစ်ပါးက (သူ့မှာမိဖုရား လေးပါးနဲ့ အငယ်လေးတွေ တထောကြီး ရှိတယ်သိလား) သူ့ကိုဘာက ဒုက္ခပေးနေသလဲလို့ မေးတယ်။

     သူ့မိဖုရားကို မြင်လိုက်ခြင်းဟာ သူ့ကို စိတ်ကူးကောင်းလေးတစ်ခု ရသွားစေတယ်လေ။ ငါ့မိန်းမတွေ အဲ့လေ ငါ့နတ်သမီးတစ်ချို့ကို အဲ့ဒီဟိုဒင်း ဗြဟ္မာကြီးဦးခေါင်းကို ကိုင်ထားဖို့ သုံးရင် ရမှာဘဲပေါ့။

     သူ့မှာ နတ်သမီးဇနီးတွေ ပေါများလှလေတော့ နေ့ခုနှစ်နေ့ကို ကိုယ်စားပြုတဲ့ နတ်သမီးခုနှစ်ဖေါ်ကို သူဘာမှ အသုံးမချပဲ ဗြဟ္မာကြီးဦးခေါင်းကိုင်ထားဘို့ တာဝန်အတွက် သူကောင်းကောင်းကြီး သုံးနိုင်တာပေါ့။ (အဲ့ဒီနတ်သမီးခုနှစ်ဖေါ်က ရုပ်ရည်မထူးခြားဆုံးနဲ့ ဆွဲဆောင်မှုအနည်းဆုံး နတ်သမီးတွေဖြစ်မယ် ထင်တယ်နော် :PPP)

     နတ်သမီးတွေဆိုတော့ သူတို့ဟာ ဗြဟ္မာကြီးဦးခေါင်းရဲ့ ဖျက်ဆီးတက်တဲ့ သတ္တိတွေရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိခဲ့ကြတယ်၊ အခုထိလဲ ရှိကြတုန်းပဲလို့ ယူဆရတယ်ပေါ့နော်။

     ဒီလိုနဲ့ သူတို့ ဗြဟ္မာကြီးဦးခေါင်းကို အလှည့်ကျကိုင်လာလိုက်ကြတာ တစ်ဂျူတီကို တစ်နှစ်ကြာပြီး နတ်သမီးတစ်ပါးက ဦးခေါင်းကိုင်ဖို့ တာဝန်အလှည့်ကျတဲ့ နောက်တစ်ပါးဆီကမ်းလိုက်တဲ့အခါမှာ သင်္ကြန်ကျပါလေရောကွယ်...။

သင်္ကြန်ဟာ ပြောင်းလဲခြင်းလို့ အဓိပါယ်ရပါတယ်၊ ဒုက္ခပေးတက်တဲ့ ဗြဟ္မာကြီးရဲ့ ဦးခေါင်းကို ကိုင်ထားဘို့ တာဝန်လွှဲအပ်ခြင်းခံရတဲ့ နတ်သမီးတွေ လက်ပြောင်းတာပေါ့၊ ဒါဟာ သင်္ကြန်ဆိုတဲ့ စကားလုံကို နောက်တစ်မျိုး ဖွင့်ဆိုခြင်းပဲပေါ့။

     ဒီဒဏ္ဍာရီကို ဖန်တီးခဲ့သူတွေကတော့ ရှေးခေတ်က မြန်မာမင်းများထံမှာ ဗေဒင်ဆရာများအဖြစ် အမှုထမ်းခဲ့ကြတဲ့ တစ်နည်းပြောရရင် ဇာတ်အမြင့်ဆုံး အိန္ဒိယသား ၊ ဟိန္ဒူဘာသာဝင်များပေါ့။

     သူတို့ဟာ သင်္ကြန်စာကိုလည်း စတင်သုံးစွဲခဲ့ပါတယ်။ အဲ့ဒါကတော့ သိကြားမင်း သင်္ကြန်အတွက် မြေပြင်ကို ဘယ်လိုဆင်းမယ်၊ ဘယ်အချိန်ရောက်မယ်၊ ဘယ်အချိန်ပြန်တက်မယ်၊ အဲ့ဒီနှစ်အတွက် မိုးဘယ်လောက်ရွာမယ်၊ ဘာညာဘာညာ ဟောကိန်းထုတ်တဲ့ စာလွှာပေါ့။

     အဲ့ဒီဗေဒင်ဆရာတွေရဲ့ အဆိုအရ သိကြားမင်းဟာ လူ့ပြည်ကို ဆင်းတဲ့အခါမှာ အမြဲတမ်း နွားလို၊ နဂါးလို အကောင်တစ်ကောင်ကောင် စီးပြီးဆင်တယ်။ လက်ချည်းသက်သက်လည်း ဘယ်တော့မှ မဆင်းဘူး။ မီးတုတ်လို၊ ရေချမ်းအိုးလို တစ်ခုခုကို ကိုင်ပြီးဆင်တယ်တဲ့။

     သူ့ရဲ့ စီးတော်ယာဉ်နဲ့ သူ့လက်ကကိုင်လာတဲ့အရာက လာမယ့်နှစ်ဟာ ဘယ်လိုနှစ်မျိုးဖြစ်မယ် ဆိုတာကို ညွှန်ပြတယ်ဆိုပါတော့။

     ဥပမာနော်.. သူက မီးတုတ်ကိုင်ရင် မီးတွေ စစ်မက်တွေ ထူပြောမယ်။ ရေချမ်းအိုးဆိုရင် လာမယ့်နှစ် အေးချမ်းမယ်၊ ဘာညာဘာညာပေါ့ကွယ်။

     သိကြားမင်းလာတာနဲ့ ပတ်သက်လို့ နောက်တစ်ခုရှိသေးတယ်နော် အဲ့ဒါအရေးကြီးတယ်၊ မြေပြင်ကို သိကြားမင်း စစ်ဆေးရေးလှည့်နေတုန်းမှာ ကလေးတွေဟာ အကောင်းဆုံးပြုမူနေထိုင်ကြရတယ်။ ကလေးတွေတင်မဟုတ်ပါဘူး၊ ဆိုးတဲ့လူတွေအကုန်ပါတယ်နော်၊ ဘာလို့လဲဆိုတော့ ဆိုးတဲ့လူတွေရဲ့ နာမည်တွေကို နောက်ပိုင်းမှာ အပြစ်ပေးဖို့ သိကြားမင်းက ခွေးရေပုရပိုက်ထဲမှာ ရေးမှတ် သွားလိမ့်မယ်လို့ ပြောထားကြလို့လေ။ အဲ့ဒီလိုမဟုတ်ပဲနဲ့ သင်္ကြန်အတွင်းမှာ သူတို့အပြုအမူ သိပ်လိမ္မာရင်တော့သူတို့နာမည်တွေကို ရွှေပုရပိုက်နဲ့ ရေးမှတ်သွားလိမ့်မယ်လို့ သူတို့တွေ ယုံတယ်လေ။ အဲ့ဒါကြောင့် သိကြားမင်းကြီးရဲ့ ခွေးရေပုရပိုက်နဲ့ ရေးမှတ်မခံချင်လို့ သင်္ကြတွင်းမှာ ကုသိုလ်ကောင်းမှုတွေ များများလုပ်ကြပါတော့သည်။

    

    

No comments:

Post a Comment