တို့နှစ်ယောက်ရဲ့ အတိတ်တွေက
အိမ်မက်တစ်ခု မဟုတ်ခဲ့ပါ။
နှောင်ဖွဲ့လို့ထားခဲ့ကြ
တို့နှစ်ယောက်ရဲ့ သံယောဇဉ်က
ခိုင်မြဲမယ်လို့ ထင်ခဲ့တာ။
တူယှဉ်ကာလျှောက်ခဲ့ကြ
တို့နှစ်ယောက်ရဲ့ ဘ၀ခရီးလမ်းက
သာယာလိမ့်မယ် ယုံခဲ့တာ။
တစ်ယောက်တည်းသာ ချစ်ခဲ့တာပါ။
အသွေးအသားထဲက ချစ်ခဲ့တာပါ။
နက်ရှိုင်းစွာ ချစ်ခဲ့တာပါ။
မာနတွေခ၀ါချလို့ အခါခါတောင်းပန်ပါရစေ...
ခွဲမသွားပါနဲ့ ငါ့ကို..
ထားမသွားပါနဲ့ ငါ့ကို..
ပစ်မသွားပါနဲ့ ငါ့ကို..
မရက်စက်ပါနဲ့ ငါ့ကို..
ရင်နင့်စွာ ငါပြောနေလည်း
ငါ့ရင်ခွင်ကို ခြေစုံကန်လို့
နင် လှည့်ထွက်ခဲ့တာ။
ငါ့ဘ၀ရဲ့ နေ၀င်အစမှာ
ဆည်းဆာချိန်ကို ကျောခိုင်း
ခပ်ရိုင်းရိုင်း တိမ်တိုက်တွေပမာ
နင်... ထွက်သွားခဲ့တာ။
ညနေခင်းရဲ့ ငိုရှိုက်သံကို
ကျီစယ်နေတဲ့ ငှက်တစ်ချို့လို
နင် ရက်စက်ခဲ့တာ။
နာကျဉ်းမှုဝေဒနာတွေက
ခံစားရ အခိုက်အတန့်ရယ်ပါ
အချိန်ဆိုတဲ့ သမားတော်က
ကုစားပေးမယ်လို့ ငါယုံကြည်တာ။
နင့်အပေါ်ထားရှိတဲ့
စစ်မှန်တဲ့ ဒီသစ္စာ
မေတ္တာတွေ ရောင်ပြန်ဟက်မယ့်
တစ်နေ့တော့ဖြင့် ရောက်လာလိမ့်မှာ
ငါ့ရင်မှာ ယုံကြည်တာ...။
No comments:
Post a Comment