ခြောက်ကပ်တဲ့ ရယ်သံတွေကို
နာကျဉ်းစွာပဲ အန်ထုတ်နေမိတယ်
အသည်းကြွေ မျက်ရည်စတွေနဲ့အတူပေါ့.....
တစ်ကယ်တော့လေ
နင်ဟာငါ့အတွက်
ရယ်စရာမကောင်းတဲ့ ဟာသတစ်ပုဒ်ပါပဲ....
ဒါတွေကို
ငါ့အသည်းအိမ်လေးထဲမှာ
အချစ်တွေကို လှပပီပြင်တဲ့
ပန်းပုရုပ်လေး တစ်ရုပ်လို
ထုဆစ်ပုံဖေါ်ပြီးမှ သိခဲ့ရတယ်။
ဘယ်မှာလဲ.....
နွေးထွေးခဲ့တဲ့ နင့်အကြင်နာတွေ
ပူပြင်း လောင်ကျွမ်းမှုတွေနဲ့
အဆုံးသတ်ခဲ့တာလား..။
ဘယ်မှာလဲ.....
အေးမြခဲ့တဲ့ မေတ္တာတွေ
မိုင်းနပ်စ်ပြနေတဲ့ အပူချိန်လို
ရှင်သန်ခြင်း စိတ်ဝိညာဉ်ကို
နုတ်ယူစွမ်းနိုင်တဲ့ အေးစက်ခြင်းတွေနဲ့ပဲ
နိဂုံးချုပ်ခဲ့တာလား...။
ဘယ်မှာလဲ.....
ခန္ဒာတည်နေသမျှ ခိုင်မြဲနေမယ့်
သစ္စာတရားတွေ
ပြောင်းလဲခြင်းဆိုတဲ့
သင်္ခါရရဲ့အောက် သိမ်မွေ့စွာဒူးထောက်ပြီး
အသင်္ချေအရှုံးတွေနဲ့ ပြီးဆုံးခဲ့တာလား.....။
မိန်းမတစ်ယောက်ရဲ့ရှေ့မှောက်
ဒူးထောက်ဖို့ ၀န်မလေးခဲ့သလို
သစ်စိမ်းချိုးလည်း ချိုးရက်တဲ့
နင့်ချစ်ခြင်းကို
ငါ တမ်းတမနေတော့ဘူး။
ခွဲခွာခြင်းဆိုတဲ့ ဒီလမ်းခွဲမှတ်တိုင်မှာ
မာနတစ်ခု အရင်းပြုလို့
ငါ့နှလုံးသားကို အဆုံးစီရင်လိုက်မယ်။
စိန်လိုက်ချစ်သူ..
နင်ရွေးခဲ့တဲ့လမ်း
နောက်လှည့်မကြည့်ဘဲ ဆက်လှမ်းသွားပါ
နောင်တဆိုတာ မရှိကြစတမ်းပေါ့
No comments:
Post a Comment