1. 1. 1.

Tuesday, March 13, 2012

သံယောဇဉ်

ငွေနှင်းမှုန်တွေ ထိုးဖေါက်ဝင်ရောက်လို့
နေရောင်ခြည်အောက်မှာ တောက်ပနေတဲ့
သစ်ခွရုံလေးထက်က နှင်းရည်စက်တွေကိုငေးရင်း
မဆိုင်တော့တဲ့ နင့်အကြောင်းပဲ တွေးနေမိတယ်။


အတိတ်က အရိပ်တွေဟာ
တိမ်ဝတ်လွှာတွေ တရွေ့ရွေ့ လွင့်မျောနေသလို
ညတစ်ညရဲ့ လရိပ်တွေကြား
တိုးဝှေ့တိုက်ခတ်နေတဲ့ လေပြေနဲ့အတူ
ကျွန်မရဲ့စိတ်တွေကို နှိုးဆွနေလေရဲ့။

ရွာအ၀င် မြေနီလမ်းဆီက
ခပ်ပါးပါး ခြေရာလေးတစ်ချို့နဲ့
သာယာလှတဲ့ ကျေးငှက်လေးတွေရဲ့ တေးသံတွေကို
ခုထိမျှော်လင့်မိသလို မေ့ပစ်ဖို့လည်းမလွယ်လှပါဘူး။

အချစ်ဟာ ဘ၀နဲ့မဆိုင်ဘူးလို့ခံယူရင်း
တစ်ယောက်ဘ၀ထဲ တစ်ယောက်ဝင်မလာနိုင်သလို
တစ်ယောက်ကိုတစ်ယောက် အားငယ်တမ်းတမှုတွေနဲ့ပဲ
သတိတရ ရှိခဲ့ကြတယ်။

နှလုံးသားက 
အတိတ်ကို တစ်ချိန်လုံးပျိုးထောင်နေမှတော့
ဒဏ်ရာတွေက အနာမကျက်တာ
အဆန်းမဟုတ်တော့ပါဘူးလေ။

နင့်အပေါ်ထားခဲ့မိတဲ့ ချစ်ခြင်းမေတ္တာတရားတွေက
နင်ရှိမယ့် နေရာနောက်
အရိပ်လေးတစ်ခုလို တကောက်ကောက်လိုက်နေတာ
ဘယ်လိုမှ တားဆီးလို့မရနိုင်ပါလားကွယ်။

အခုတော့လည်း
ခြားနားထားတဲ့ စည်းတွေနဲ့
အသက်မပါတဲ့ ခံစားမှုတွေကြား
မြုပ်လိုက် ပေါ်လိုက် ဖြစ်နေကြပုံများ
တစ်ခါတုန်းက စကားလုံးတွေကိုအသက်သွင်း
အလုအယက် သီကုံးခဲ့ဖူးကြတဲ့
ငါတို့နှစ်ယောက် မဟုတ်ကြတော့သလိုပဲနော်...။

No comments:

Post a Comment