1. 1. 1.

Monday, February 6, 2012

အလှစွမ်းအား၏ နောက်ကွယ်

           လှပမှုသည် ကောင်းဆိုးနှစ်မျိုး ရင်တွင်းခံစားချက် အဖုံဖုံကို အမြဲပွားများစေနိုင်၏။ မြတ်နိုးမှုမှ ယုံမှားသံသယသို့ ဖြစ်စေ၊ ပရိဒေ၀မီး တောက်လောင်နေရာမှ   ပျော်ရွှင်ချမ်းမြေ့မှုတို့ဖြစ်စေ၊ အမျိုးမျိုးပြောင်းလဲ သွားစေနိုင်သည်။ လူသားတို့၏ စိတ်ကူးယဉ်တက်မှုအပေါ် လှပမှု၏ ဂယက်ရိုက်ခတ်မှုသည် ကြီးမားပြင်းထန် လွန်းလှ၏။ ပိုင်ဆိုင်သူထံသို့ စိတ်လှုပ်ရှားမှုဆိုင်ရာ ဧရာမစွမ်းအား တန်ခိုးအာဏာအပ်နှင်းထားသည်။ 
     
          မိန်းပပျိုလေးတစ်ဦး၏ လှပမှုအန္တရာယ်ကြီးနှင့် ယင်းကတစ်ဆင့် ပွားများဖြစ်ပေါ်လာစေသော ရမ္မက်ဇော ပြယုဂ်ကို Helen of Troy
ဒဏ္ဍာရီတွင် တွေ့နိုင်သည်။ ဟိုးမား၏  The Iliad လင်္ကာရှည်ကြီးအရ ဟယ်လင်၏ ချစ်ခင်စွဲလန်းဖွယ် ကောင်းမှုကြောင့် ဂရိနှင့် ထရွိုင်တို့ ဖျက်ဆီးရေး               ရေရှည်စစ်ပွဲကြီးဖြစ်ပေါ်လာခဲ့ရသည်။ ဂရိနတ်ဘုရားမများ ဖြစ်ကြသည့် Aphrodite, Athene နှင့် Hera တို့သည် အလှဆုံးဆုအဖြစ် ပေးအပ်မည့် ရွှေပန်းသီးကို ရယူလိုကြသည်။ ထရိုဂျန်မှ ပဲရစ်မင်းသား အကဲဖြတ်မည့် အလှဆုံးပြိုင်ပွဲသို့ မိမိတို့၏ အလှဂုဏ်အသီးသီးဖြင့် ဂုဏ်မောက်စွာ ပြိုင်ပွဲဝင်ကြသည်။ ပဲရစ်မင်းသားရှေ့မှောက်တွင် အလှအသီးသီးပြကြသည်။ 
             ပဲရစ်က အချစ်နတ်သမီး  Aphrodite ကို အလှဆုံးအဖြစ် ရွေးချယ်လိုက်သည်။ Aphrodite က ပဲရစ်မင်းသားအား ကမ္ဘာပေါ်တွင် အလှဆုံး မိန်းမတစ်ဦး ပေးမည်ဟု ကတိပေးခဲ့သည်။ Aphrodite က ပဲရစ်မင်းသားကို စပါးတားဘုရင်မ ဟယ်လင်၏ မေတ္တာကို အရယူရန် အားပေးအားမြှောက်ပြုသည်။ ခင်ပွန်းဖြစ်သူကို ပစ်ခဲ့ပြီး ထရိုင်သို့ ပဲရစ်မင်းသားနှင့်အတူ ထွက်ပြေးစေခဲ့သည်။ စိတ်မကြေသော ဂရိရေတပ်ကြီးက ထရိုင်မြို့နှင့် မြို့နေလူထု အားလုံးကို ဖျက်ဆီးလိုက်သည်။
            ထိုရှေ့ဟောင်းဇာတ်လမ်းသည် လှပခြင်း အချစ်နှင့် အချစ်ကြောင့် အိမ်ထောင်မှုတစ်ခုအတွင်း ပျက်သုဉ်းသွားစေမှုတို့ အဆိုးအကောင်း ဖက်စပ်ဆက်နွယ်နေမှုဆိုင်ရာ သံပိုင်းမော်ကွန်း သာဓကတစ်ရပ်ပင်ဖြစ်သည်။ အလွန်အမင်းလှပမှုသည် ဆန္ဒရမ္မက် သ၀န်တိုမှုနှင့် သစ္စာဖေါက်ဖျက်မှုတို့ကို ဖြစ်ပွားစေသည်။ ပြိုင်ဘက်ပေါ်လာစေနိုင်သည်။ မညီမညွတ်မှုနှင့် စစ်ပွဲကို ပေါ်ပေါက်လာစေတက်သည်။ သမိုင်းကြောင်းအရ အလှအပ၏ ဂယက်ရိုက်ခတ်မှုကြောင့်   နိုင်ငံရေးသမားကြီးများ၊ စစ်သည်တော်ကြီးများကို တာဝန်မှ သွေဖည်ပြီး နိုင်ငံတော်ကြီးများ၏ ကံကြမ္မာကို အဆုံးအဖြတ် ပြု့ခဲ့ကြသည်။ “ထိုသို့သာ ကလီယိုပါထရာ၏ နှာခေါင်းသာ ယခုထက် ပိုတိုနေမည်ဆိုလျှင် ကမ္ဘာ့မျက်နှာစာကြီး တစ်ခုလုံး ပြောင်းလဲသွားပေလိမ့်မည်” ဟု ပြင်သစ်တွေးခေါ်ရှင် Blaise Pascal ကရေးဖူးသည်။
            ထိုနေရာတွင် ပါစကယ်က အလှနှင့် ပတ်သက်သော သစ္စာစကားကိုဆိုထားသည်။ အလှ၏ အန္တိမလျှို့ဝှက်စွမ်းအင်သည် ချုပ်တည်းမရနိုင်လောက်အောင် ဆွဲဆောင်အားကြီးသော အသေးအဖွဲကိစ္စရပ်ကလေးများအပေါ် တည်မှီနိုင်သည်ဟူသော အချက်ဖြစ်သည်။ ပုရိသအလှ က္ကုတ္ထိယအလှ နှစ်မျိုးစလုံးသည် ပင်ကိုစရိုက် လက္ခဏာအပေါ် မူတည်သည်။ မကြာခဏဖြစ်လေ့ရှိသော ယဉ်ကျေးမှုနှင့် အလှဗေဒ ဟန်ပန်များအပေါ်တွင်လည်း တည်မှီလျှက်ရှိသည်။ ၀မ်းဗိုက်လုံးလုံး၊ လက်မောင်းသေးသေး၊ ရင်သားငယ်ငယ် အလယ်ခေတ်အလှများနှင့် Ruben ၏ ပန်းချီကားထဲမှ ရင်ထွားထွား၊ ကိုယ်လုံးတုတ်တုတ်၊ နတ်သမီးပုံများကို နှိုင်းယှဉ်ကြည့်လျှင် အလှအပနှင့် ပတ်သက်သော အတွေးအမြင် အယူအဆ ပြောင်းလဲတက်ကြောင်း သိနိုင်သည်။ အလှတွင် ပါရှိနေဆဲ ထာဝရတရားတစ်ရပ်မှာ အလှတွင် ယစ်မူးမိသော မြင်တွေ့သူအပေါ် လိုလားတောင့်တစေတက်မှုနှင့် ဆွဲငင်အားတို့ပင်ဖြစ်သည်။ ကဗျာဆရာ John Donne က “မြင်မိ စွဲလန်းမိပြီး ရအောင်ယူလိုက်ချင်သော အလှမျိုးသာရှိနေခဲ့လျှင် မင်းနှင့်ပတ်သက်သော စိတ်ကူးယဉ်အိမ်မက် တစ်ခုမျှပါပဲ” ဟု ရေးခဲ့သည်။

No comments:

Post a Comment