1. 1. 1.

Thursday, December 8, 2011

အချစ်နှင့် ကြေကွဲဖွယ်

စိတ်ကူးယဉ်ဆန်သောအချစ်သည် မိမိ၏အထိမခံ ကျိုးပဲ့လွယ်မှုကို အမြဲဂရုမူမိခဲ့သည်။ အရှိန်မြင့်လာသော စိတ်လှုပ်ရှားခံစားရမှုက ဘ၀အစွန်းသို့ တွန်းပို့တက်သည့်နည်းတူ ကျွန်ုပ်တို့၏ မရဏတရားသိစိတ်ကို တိုးမြင့်စေသည်။ ယဉ်ကျေးမှုအမျိုးမျိုးအပြားပြားရှိ ဒဏ္ဍာရီများ၊ လူလက်ရာများတွင် တမလွန်ဘ၀အထိ အချစ်တည်မြဲနေမည်ဟူသော  မျှော်လင့်ထားချက်ကို တွေ့နိုင်သည်။ Orpheus အကြောင်းကို မကြာမကြာပြောမိတက်ကြသည်။ Orpheus သည်ချစ်သူ Eurydice ကို Hades ငရဲမင်းကြီးထံမှ
ကယ်ဆယ်ရန် ကြိုးပမ်းခဲ့သည်။ မရဏတရားသည် ချစ်သူများကို မလွဲမသွေခွဲပစ်မည်ဟူသော အယူအစကို လူသားအများစုတို့ လက်မခံ တွန်းလှန်ကြကြောင်း ဖေါ်ပြထားပုံရသည်။ ရှေးဟောင်းပစ္စည်းများအနက် တွဲဖက်သင်္ချိုင်းဂူများ၊ John Donne ကသေဆုံးပြီးနောက် မိမိလက်မောင်းတွင် ချည်နှောင်သွားလိုသည့် တောက်ပြောင်သောဆံပင်၊ လက်ကြပ်ကဲ့သို့ အမှတ်တရပစ္စည်းမျိုးများက ချစ်သူတို့ကြာမြင့်စွာ အတူနေလိုမှု ဆန္ဒကိုဖေါ်ညွှန်းသည်။ ထိုသို့သောခံစားချက်များနှင့် အချစ်ကိုယ်တိုင်၏ ကြေကွဲဖွယ်အဖြစ်သည် ကျိုးကြောင်းဆင်ခြင်ပြီး သိရှိမှုနှင့် စိတ်ပိုင်းအရ ခံစားရမှုတို့ကြားတွင် သိသိသာသာကွဲပြားပေါ်လွင်သည်။ လူသားတို့သည် သေဆုံးမှုကို သဘောပေါက်သည်။ သို့ရာတွင်တစ်ကြိမ်က မဆုံးအစမရှိဟု ယူဆထားသော စိတ်လှုပ်ရှားခံစားမှု ချုပ်ငြိမ်းသွားမှုကိုမူ လက်မခံတက်ကြချေ။
        ၁၉ ရာစုနှစ်တွင် မရဏတရားအပေါ် စိတ်ကူးယဉ်ဆန်ဆန်စွဲလန်းခြင်း ဥပါဒါန်တစ်ရပ်ပေါ်လာသည်။ အချစ်သည် မရဏတရားထက် ပိုမိုရှင်သန် တည်မြဲနိုင်မည်လော ဟူသောပြသ၁နာလည်း စဉ်းစားလာသည်။ ခရစ်ယာန်ဘာသာရေး ယုံကြည်ချက်တစ်ရပ်က Elizabeth Barrett Browning ကို အားတက်စေခဲ့သည်။ Elizabeth က ခင်ပွန်းဖြစ်သူ Robert Browning ထံသို့ ကဗျာရေးပို့ခဲ့သည်။ “ ထွက်သက်ဝင်သက်နှင့်အမျှ ရှင့်ကိုချစ်ပါသည်။ အပြုံးများ မျက်ရည်များ၊ ကျမဘ၀တစ်ခုလုံးနှင့်အမျှ ချစ်ပါသည်။ ဘုရားသခင်ကသာ ရွေးချယ်ခိုင်းပါက ကျမသည် အသက်သေဆုံးပြီးချိန်အထိ ရှင့်အပေါ်ချစ်မြဲချစ်နေပါမည်။” ဟူပြီး ရေးခဲ့သည်။ 
        တစ်ဦးတည်း အသက်ရှင်ကျန်ရစ်မှုထက် နှစ်ယောက်သားအတူ အသက်သေဆုံးလိုမှုကို ရာစုနှစ်ပေါင်းများစွာကပင် ကြေကွဲဖွယ်ပြဇာတ်၊ အော်ပရာများတွင် တွေ့ရသည်။ ရံဖန်ရံခါဆိုသလို ထိုသို့နှစ်ယောက် လက်တွဲသေရန် ဆုံးဖြတ်လိုက်မှုသည် ၀မ်းနည်းကြေကွဲဖွယ် အမြင်လွဲမှားမှုအပေါ် အခြေတည်တက်သည်။ ရှိတ်စပီးယား၏ Romeo နှင့် Juliet တို့ သေဆုံးသွားမှုများနှင့် Ovid ၏ Pyramus and Thisbe ပုံပြင်တို့ကို ကြည့်လျှင်သိနိုင်သည်။ အချစ်နှင့်မရဏ တွဲယှက် အယူအဆသည် Wagner ၏ Liebestod တေးဂီတမှ Tristan နှင့် Isolde တိုပအကြောင်းတွင် ပိုမိုပေါ်လွင်သည်။ တေးပြုစာဆိုကြီးသည် အလယ်ခေတ်၏အပြစ်မကင်းသော အချစ်ဇာတ်လမ်းကို အော်ပရာအဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်။ ထိုဇာတ်လမ်းမှာ အချစ်စစ်က မရဏတရားအပေါ် အောင်ပွဲခံနိုင်မှုဖြစ်သည်။ Tristan သေဆုံးသွားသောအခါ Isolde သည် စိတ်ဆန္ဒအတိုင်း ထရီစတန်အလောင်းပေါ်တွင် လဲကျသေဆုံးသွားသည်။ ချစ်သူနှစ်ဦးသည် မရဏကမ္ဘာတွင် အတူပြန်ဆုံရသည်။ ထိုအဖြစ်မျိုးသက်ရှိဘ၀တွင် ရနိုင်စရာမရှိချေး။ 
           အချစ်နှင့်မရဏ တွဲယှက်ထားသော ရသပန်းတိုင်တွင် စိတ်လျုပ်ရှားမှုဆိုင်ရာ သစ္စာတရား ထင်ဟပ်လျက်ရှိသည်။ ယင်းသစ္စာတရားကာ ချစ်သူမရှိပဲ ဘ၀ကို မရပ်တည်နိုင်ဟူသည်ပင်။ ဥပမာအားဖြင့် Puccini ၏ ဇာတ်ဆောင်အမျိုးသမီး Tosca သည် ချစ်သူ Cavaradossi အဆုံးစီရင်ခံရကြောင်း သိလိုက်ရပြီးနောက် အမြင့်မှခုန်ချ သေဆုံးသွားခဲ့သည်။ 
          အချစ်ကြောင့် အမှန်စစ်စစ် သေဆုံးသွားရသူ နည်းလှစွာ၏ သို့ရာတွင် ယင်းကိစ္စအတွက် စံနမူတစ်ရပ်မှာ မရေမတွက်နိုင်သော ကွဲကွာချစ်သူများသည် သေချင်တက်ကြခြင်းဖြစ်သည်။ မိမိချစ်မြတ်နိုးသူတစ်ဦးအား တမလွန်လောကသို့ တစ်ဦးတည်း စေလွှတ်လိုက်ရမည်ကိုလည်း အထူးစိုးရွံ့မိကြသည်။ ချစ်သူချင်း လက်ချင်းတွဲယှက်သွားလိုမှုသည် အဆင်ခြင်မဲ့မှုပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယင်းသို့သေဆုံးသွားလိုမှုသည် ချစ်စိတ်ပြင်းပြင်း ချစ်သူများ၏ စိတ်ရူးထမှုများပေတည်း...။

No comments:

Post a Comment