1. 1. 1.

Tuesday, February 19, 2013

ခွဲခွာချိန်


သီချင်းတစ်ပုဒ်ရဲ့ နောက်ဆုံးအပိုဒ်ကို
စွဲလန်းလို့အဖန်ဖန်ဆို ထပ်တလဲလဲသီဆိုနေလည်း
ရင်ထဲမှာပြည့်ကျပ်နေတဲ့ စာသားတစ်ချို့က
ဘာလို့များ နှုတ်ဖျားထိ
ရောက်ရှိလို့ မလာရတာလဲ…..။

ပဉ္စလက်ဆန်တဲ့ ဂီတာတစ်လက်နဲ့
ဒီသီချင်းလေးကို ရူးသွပ်စွာသီဆို
သီဆိုရင်း အသံပျောက်တော့
အားတင်းကာဆိုခွင့်ရဲ့ နောက်ကွယ်က
ကြွေတစ်ချို့ဝေတစ်ချို့ နေ့ရက်တို့ကြား
ဖြေသိမ့်မရခဲ့တဲ့ ရှိုက်သံသဲ့သဲ့ကို
ဘယ်သူကများ ကြားနိုင်မလဲလေ…..။

ဝေဒနာတွေ သိုဝှက်ထားရာ
ဟင်းလင်းပြင် ကောင်းကင်ဆီက
မိုးသားတွေ ရန်ညှိုးဖွဲ့တော့
အနာဂါတ်သံစဉ်တွေလည်း အကျည်းတန်
မလိုလားမှုတွေလည်း အနှေးနဲ့အမြန်
အခုလို မနက်ခင်းလေးလည်း
ပိုပြီးတော့ အလင်းမဲ့နေပြန်…..။

ဟန်ဆောင်မှုတွေ ဆူညံနေတဲ့
အလွမ်းသွန်ရာ ကမ်းလွန်ပင်လယ်ပြင်ကြီးဆီမှ
ကူးစက်လွယ်တဲ့ ဝေဒနာလှိုင်းတွေက
နောက်ပြောင်သလို ကျီဆယ်လေတော့
ခပ်ပါးပါး အမုန်းနောက်ကွယ်က
အပြုံးမဲ့နေတဲ့ ငါ့ရယ်သံတွေလည်း
အသက်မဲ့နေခဲ့တယ်…..။

တိတ်ဆိတ်တဲ့ နေ့ရက်တွေမှာ
ရွေးသီခဲ့တဲ့ မျှော်လင့်ချက်တွေက
မျက်ဝန်းထဲမှာပဲ အကြိမ်ကြိမ်သေဆုံးခဲ့ပြီ….

အေးစက်လွန်းတဲ့ ညနက်တွေမှာလည်း
တိမ်ဖြိုမိုးက ရင်ဘက်မှာငိုလို့
ခွဲခွာချိန်ရဲ့ တစ်ခဏမှာ
ငါလေ….
ဖိုးလမင်းနဲ့ ရန်တွေဖြစ်လိုက်
ကြယ်စင်တွေနဲ့ ရန်ဖြစ်လိုက်
တိမ်တိုက်တွေနဲ့ ရန်ဖြစ်လိုက်
နေ့ရက်တွေနဲ့ ရန်ဖြစ်လိုက်
နာရီလက်တံတွေနဲ့ ရန်ဖြစ်လိုက်ပေါ့
ဒီကြားထဲ…
ရောက်မလာသေးတဲ့ အနာဂါတ်သန္ဓေသားလောင်းက
ငါတို့ ခွဲခွာရမယ့်အကြောင်း
အပ်ကြောင်းထပ် လှမ်းပြောနေလိုက်သေးတယ်…။

9 comments:

  1. တိတ်ဆိတ်တဲ့ နေ့ရက်တွေမှာ
    ရွေးသီခဲ့တဲ့ မျှော်လင့်ချက်တွေက
    မျက်ဝန်းထဲမှာပဲ အကြိမ်ကြိမ်သေဆုံးခဲ့ပြီ….

    ကဗျာလေးကကောင်းမှကောင်း ခံစားချက်ကို ပီပြင်စေတယ်

    ReplyDelete
  2. တိတ်ဆိတ်တဲ့ နေ့ရက်တွေမှာ
    ရွေးသီခဲ့တဲ့ မျှော်လင့်ချက်တွေက
    မျက်ဝန်းထဲမှာပဲ အကြိမ်ကြိမ်သေဆုံးခဲ့ပြီ….

    အေးစက်လွန်းတဲ့ ညနက်တွေမှာလည်း
    တိမ်ဖြိုမိုးက ရင်ဘက်မှာငိုလို့....

    မ ရေ....မိုက်စ် :)

    ReplyDelete
  3. လေပြေချိုရဲ့ ကဗျာချိုချိုလေးမှာ

    ခွဲခွာချိန်အတွက်

    နာကျင်မှုတွေကို

    ကျွန်တော် တွေ့မြင်ခံစားခဲ့ရပါတယ်။

    ReplyDelete
  4. လေပြေတောင် ပျောက်ချက်သားကောင်းနေတာကြာပီနော်။
    အော် အဲဒီအချိန်လေးအတွင်းမှာကိုပဲ ဖိုးလမင်းနဲ့ ရန်တွေဖြစ်လိုက်
    ကြယ်စင်တွေနဲ့ ရန်ဖြစ်လိုက်
    တိမ်တိုက်တွေနဲ့ ရန်ဖြစ်လိုက်
    နေ့ရက်တွေနဲ့ ရန်ဖြစ်လိုက်
    နာရီလက်တံတွေနဲ့ ရန်ဖြစ်လိုက်နဲ့လား

    ReplyDelete
  5. "ရောက်မလာသေးတဲ့ အနာဂါတ်သန္ဓေသားလောင်းက
    ငါတို့ ခွဲခွာရမယ့်အကြောင်း"
    အဲဒါ ဂယ်လားဟင်?

    ReplyDelete
  6. လေပြေရေ......

    ကဗျာတွေ အရမ်းအားကောင်းလာတယ်။
    အလွမ်းလာရောက်အားပေးခဲ့တယ်။

    ကြွေတစ်ချို့ဝေတစ်ချို့ နေ့ရက်တို့ကြား
    ဖြေသိမ့်မရခဲ့တဲ့ ရှိုက်သံသဲ့သဲ့ကို
    ဘယ်သူကများ ကြားနိုင်မလဲလေ…

    ရောက်မလာသေးတဲ့ အနာဂါတ်သန္ဓေသားလောင်းက
    ငါတို့ ခွဲခွာရမယ့်အကြောင်း
    အပ်ကြောင်းထပ် လှမ်းပြောနေလိုက်သေးတယ်…

    ကျန်းမာရေး ဂရုစိုက်ပါလေပြေရေ

    ချစ်ခြင်းအားဖြင့်
    အလွမ်း

    ReplyDelete
  7. ချစ်ကြသူတိုင်း ခွဲခွါချိန် နဲ့ကင်းဝေးပါစေလို့

    ReplyDelete
  8. ကဗျာလေး အရမ်းလှတယ် မမ ... အောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲ ... စကားမစပ် မမပျောက်နေလားလို့ ... နေမကောင်လို့လားဟင် ... သတိရနေပါတယ်နော် မမရေ ... :)

    ReplyDelete
  9. အောက်ဆုံးစာသားက တင်စားရေးတာလား....

    ReplyDelete