1. 1. 1.

Thursday, November 1, 2012

“နှိုင်းနှိုင်းချိန်ချိန် သုခမိန်”

                    ယနေ့ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်သည် ကော်ဖီကို နေ့စဉ်သောက်သုံးနေလေ့ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း ကော်ဖီသောက်သုံးသူဦးရေ မနည်းလှပေ။ ကော်ဖီကို လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀ ခန့်မှစ၍ အာရေဗျကျွန်းဆွယ်တွင် စတင်သောက်ခဲ့လေသည်။
          
          အမှန်စင်စစ် ဆေးပညာရှုထောင့်မှကြည့်လျှင် ကော်ဖီတွင် ကဖင်းခေါ်ဓာတ်တစ်မျိုးပါဝင်၍ ယင်းကဖင်းဓာတ်သည် အနည်ငယ်မျှဆိုပါက လူသားတွေအတွက် ဆေးဘက်ဝင်သော်လည်း များပါက အန္တရာယ်ဖြစ်စေသည်။
         
           ကော်ဖီတစ်ခွက်တွင် ပျမ်းမျှခြင်းအားဖြင့် ကဖင်းဓာတ် ၁၀၀ မီလီဂရမ်မျှသာပါဝင်၍ ယင်းကို ကျောက်ကပ်မှ ကောင်းမွန်စွာ စွန့်ပစ်နိုင်သောကြောင့် လူကို အန္တရာယ်မပြုနိုင်ပေ။ သိုဖြစ်၍ ကော်ဖီတစ်ခွက်နှစ်ခွက် သောက်ခြင်းသည် ပင်ပန်းနွမ်းနယ်မှုကို ဖြေပျောက်ပြီး လူကို လန်းဆန်းတက်ကြွစေသည်။
          
            သို့သော် တစ်နေ့လျှင် ကော်ဖီငါးခွက်ထက် ပိုသောက်ပါက လူ၏အာရုံကြောများကို ထိခိုက်၍ ဂဏာမငြိမ် ဖြစ်စေ၏ အစာအိမ်မှ အက်ဆစ်ဓာတ်ကို အထွက်များစေပြီး အစာအိမ်ရောဂါဖြစ်ရေးကို အားပေးလေသည်။ ထို့ပြင် နှလုံးနှင့်ကျောက်ကပ်ကိုလည်း အနည်းငယ်ထိခိုက်စေသည်။ 
        
           ယခုအခါ လူကြိုက်များ၍ သောက်သုံးသူအလွန်များပြားလှသော လက်ဖက်ရည်တွင်လည်း ဆေးပညာရှုထောင့်မှ ကြည့်လျှင် သီအင်းဓာတ်နှင့် တန်နင်ဓာတ်တို့ ပါဝင်၏။ သီအင်းဓာတ်သည် ကော်ဖီတွင် ပါဝင်သော ကဖင်းဓာတ်နှင့် အာနိသင်ခြင်း တူညီလေသည်။ တန်နင်ဓာတ်ကို နို့ထဲရှိ အသားဓာတ်တစ်မျိုးနှင့် ခန္ဓာကိုယ်တွင်းရှိ အသားဓာတ်များက ဓာတ်ပြယ်စေနိုင်သဖြင့် ယင်းကလူကို အန္တရာယ်မပြုနိုင်ပေ။ သီအင်းဓာတ်မှာ လက်ဖက်ရည်တစ်ခွက်လျှင် ၆၀ မီလီဂရမ်ခန့် ပါဝင်၍ ယင်းပမာဏလောက်သည် လူကို အန္တရာယ်မဖြစ်စေနိုင်သော်လည်း တစ်နေ့လျှင် ငါးခွက်ထက်ပို သောက်ပါက အာရုံကြောအဖွဲ့အစည်းကို ထိခိုက်၍ ဂဏာမငြိမ်ဖြစ်စေကာ နှလုံး၊ အစာအိမ်နှင့် အဆုတ်တို့ ကိုလည်း အန္တရာယ်ပေးနိုင်လေသည်။
         
          သို့ဖြစ်ရာ ကော်ဖီ၊ လက်ဖက်ရည်အနည်းငယ် သောက်ခြင်းသည် လူကို ကြည်လင်လန်းဆန်း စေနိုင် သော်လည်း တစ်ကြိမ်တည်း နှစ်ခွက်ထက်ပို၍လည်းကောင်း တစ်နေ့လျှင် ငါးခွက်ထက်ပို၍ လည်းကောင်း မသောက်သင့်ကြောင်း သတိပြုသင့်ပေသည်။
          
           အချုပ်အားဖြင့်ဆိုရသော် လူတိုင်းလူတိုင်း မှန်ကန်သော ကျန်းမာရေးပညာကို အခြေခံပြီး “နှိုင်းနှိုင်းချိန်ချိန် သုခမိန်” ဟူသော စကားနှင့်အညီ မိမိအတွက် လုံလောက်မျှတမည့် အာဟာရဓါတ်များ ပါဝင်သော အစားအစာများကို ရွေးချယ်ဆင်ခြင် စားသုံးကြမည်ဆိုလျှင် အနာမဲ့ကင်း ရောဂါရှင်း၍ ကျန်းမာခြင်းသုခဖြင့် ထာဝရပြည့်စုံပြီး အသက်ရှည်ရှည်နေနိုင်မည်မှာ မလွဲဧကန် အမှန်ပင် ဖြစ်စေတော့သည်။

မှတ်ချက်။     ။တစ်နေ့ သူငယ်ချင်းတစ်ယောက်က ကျမအိမ်ကိုလာလည်တာ... သူငယ်ချင်းတွေတွေ့တုန်းလေး အလာဘသလာဘ စကာတွေပြောကြတာပေါ့... ပြီးတော့ အိမ်မှာရှိတဲ့ အချိုရည်၊ ကော်ဖီနဲ့သူ့ကိုဧည့်ခံတော့ သူက 

“ကျုပ်ကို ကော်ဖီပဲတိုက်ပါ သယ်ရင်းရယ်.. ကျုပ်အိမ်မှာဒီအချိန်ဆို ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည် အနည်းဆုံး သုံးခွက်လောက်တော့ သောက်ပြီးသွားပြီ... ရှင့်ကို အားနာလို့မပြောတာ”

အဲ့ဒါနဲ့ ကျမလည်း ကော်ဖီခွက်ကြီးကြီးလေးနဲ့ (ဆိုင်မှာရောင်တဲ့အတိုင်းဆို နှစ်ခွက်စာလောက် ရှိမယ်) ဖျော်ပေးလိုက်တာ.. ဘာပြောကောင်းမလဲ... သူလေ... အငမ်းမရပဲ...သောက်လိုက်တာ... ကျမတောင် အံ့သြတယ်.. အချိန်က နေ့လည် ၁ နာရီတောင်မရှိလောက်သေးဘူး... စဉ်းစားမိတာ ဒီအချိန်မှာ သူသုံးခွက် လောက် သောက်ပြီးပြီဆို တစ်နေ့ကို သူ (၆)ခွက် (ရ)ခွက်လောက် သောက်မှာ သေချာပဲ... အဲ့နေ့က ဒီစာအုပ်လေး မဖတ်မိသေးတော့ သူ့ကို အဲ့လောက်သောက်တာ မကောင်းဘူး ဆိုတဲ့အကြောင်း မပြောဖြစ်ဘူး... ခုမှ ဒီစာအုပ်လေးဖတ်မိတော့ သူ့ကို စိတ်ပူ သွားတယ်.. ဘလော့သူငယ်ချင်းတွေဆီလည်း ဒီပိုစ်လေး မျှဝေဖို့ စိတ်ကူးလေးပေါ်လာတယ်လေ...။ ပိုစ်တောင်မတင်ဖြစ်သေးဘူး သူ့ကို ဖုန်းဆက်ပြီး သတိပေးရတယ်.... ။ ဘာပဲဖြစ်ဖြစ်ပါ... ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတာတော့ သူ့ကို ပြောပြရ တာပေါ့... အရမ်းကြိုက်တယ်.. အရမ်းစွဲလန်းတယ်.. ဆိုတာတွေက ဘယ်အရာမဆို မကောင်းနိုင် သလို လောကကြီးနဲ့လည်း သဟဇာတ မဖြစ်နိုင်ပါဘူး...။ အဓိကကတော့ စိတ်ပါပဲ... စိတ်ရဲ့စေရာမဖြစ်စေပဲ စိတ်ရဲ့ အလိုကို မလိုက်ပဲ... ဘယ်နေရာမဆို စိတ်ကို မိမိကသာ စေရမှာဖြစ်ပါတယ်..  ။ “နှိုင်းနှိုင်းချိန်ချိန် သုခမိန်” ဆိုတဲ့ အပေါ်က ဆောင်ပုဒ်လေးလို စဉ်းစားချင့်ချိန်ပြီး ဘ၀လမ်းခရီးတစ်လျှောက် ကျန်းမာခြင်း ဆိုတဲ့ လာဒ်ကြီးတစ်ပါး လူသားတိုင်း ထာဝရပိုင်ဆိုင်ရင်း အသက်ရှည်ရှည် နေနိုင် ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်...။
                        
                                                                            စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများကို 
                                                                                   အစဉ်လေးစားချစ်ခင်လျက်
                                                                                                 လေပြေချို  
        

8 comments:

  1. အလှအပနှင့်ကျန်းမာရေးဆိုင်ရာသိမှတ်စရာများ
    မှတ်သားသွားပါတယ်အမလေပြေနေကောင်းတယ်နော်

    ReplyDelete
    Replies
    1. ပြီးခဲ့တဲ့ရက်က အလုပ်မှာ ကွန်ပျူတာကြည့်တာများသွားတယ်လေ.. ခေါင်းကတော့ ကိုက်နေတုန်းပဲညလေးရေ.. အဲ့ဒါကြောင့် လူလည်လုပ်လိုက်တာ..ဟီးဟီး

      Delete
  2. ကော်ဖီမသောက်ရမနေနိုင်တဲ့အထဲမပါသေးတာကံကောင်းတယ်ပြောရမယ်။ အရမ်းကြိုက်တယ်.. အရမ်းစွဲလန်းတယ်.. ဆိုတာတွေက ဘယ်အရာမဆို မကောင်းဘူးဆိုတဲ့စကားလေးတော့ သိပ်ကြိုက်တယ်။ ဘာလို့လဲဆိုတော့ ရိုးမြေကျကသိပ်အစွဲအလမ်းကြီးတယ်။

    ReplyDelete
    Replies
    1. ပြောသာပြောတာရိုးမြေကျရေ.. လေပြေလဲအရမ်းအစွဲအလန်းကြီးတာ..ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ်ဆုံးမရတာပေါ့.. ကော်ဖီကိုတော့ ကြိုက်ပါတယ်.. ဒါပေမယ့် လုံးဝသောက်လို့မရဘူး.. သောက်ချင်လို့နည်းနည်းလေး သောက်လိုက်မိတာနဲ့ ရင်တုန်ပြီး ဇောချွေးတွေပါပြန်လာတာ..။

      Delete
  3. ကော်ဖီနဲ့ ပက်သက်တဲ့ အသိပညာပေး ဆောင်းပါးလေးကို ဖတ်ခဲ့ပါတယ်ဗျာ ။

    ကျွန်တော်ကတော့ ကော်ဖီ လုံးဝ သောက်လို့မရပါဘူး ။

    ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

    ReplyDelete
  4. ကော်ဖီကိုကြိုက်တယ် အရမ်းကိုကြိုက်တာ သေချာနပ်ပြီးမှသောက်တဲ့အရသာကိုပိုကြိုက်တယ်
    ခု ကျန်းမာရေးနဲ့အဆင်မပြေလို့ မိုင်လို ပြောင်းသောက်နေရတယ် လုံးဝအာသာမပြေဘူးဖြစ်နေတယ်
    ခါးခါးလေးပိုတောင်ကြိုက်သေး----
    ချစ်တဲ့ sis jasmine

    ReplyDelete
  5. Un caloroso saluto dall'Italia...ciao

    ReplyDelete
  6. လေပြေရေ... အလွမ်းကတော့ ကော်ကော်ကို မသောက်ဖြစ်ပါ.တစ်ရံတစ်ရံ အရမ်းကြာမှ စိတ်ထဲကတောင်းတလို့ သောက်ဖြစ်တယ်။ ဘာဘဲပြောပြော အသိပညာ ဗဟုသုတပေးလေးကို အားပေးသွားတယ်။ ကျန်းမာရေးလည်း ဂရုစိုက်ဦး.သူငယ်ချင်းတွေဘဲ လွမ်းမနေနဲ့။ ချစ်ချစ်ကြီး
    ဘေးနားရှိတာ သတိရဦးနော်။ အဟဲ...


    ခင်တဲ့
    အလွမ်း

    ReplyDelete