1. 1. 1.

Wednesday, September 12, 2012

တရားခံအစစ်

     သားသမီးရတာ ကံကောင်းတယ်ပဲ ပြောရမလား... ကျတော့်မှာ သမီးလေးတစ်ယောက်ရှိတယ်.. တစ်ယောက်ဆိုမှ တစ်ယောက်ဆိုသလိုပဲ သမီးလေးက ထူးထူးခြားခြားကို လိမ္မာတာဗျ... အနေ၊ အထိုင်၊အပြော၊ အဆို ယဉ်ကျေးသိမ်မွေ့သလို ပညာရေးမှာလည်း ပြောစရာမလိုအောင် ထူးချွန်ပြီး မိဘနှစ်ပါးကိုလည်း ရိုသေလိုက်တာ...တစ်ကယ့် သမီးအလိမ္မာလေးပါပဲ... သမီးလေးက ဂျပန်မှာ ပညာသင်သွားတာ ကြာလှပေါ့... သမီး မသွားခင်ကဆို ကျတော်တို့ မိသားစုသုံးယောက်ရဲ့ ကမ္ဘာလေးက စံပြလို့တောင်ပြောလို့ရတယ်ဗျ... ပြီးတော့ သမီးက အချက်အပြုတ်လဲတော်တယ်လေ.. သူ့အမေအတိုင်းပါပဲ... အိမ်မှာ ထမင်းဟင်းချက်ဖို့ စာဖိုမှူးခေါ်မယ်ဆိုတော့ သမီးလေးက...

“ မခေါ်ပါနဲ့ ဖေဖေရယ်.. ဖေဖေနဲ့မေမေကို သမီးကိုယ်တိုင်ချက်ကျွေးမှာပေါ့... ဖေဖေတို့က အသက်ကြီးလာပြီဆိုတော့ ကျန်းမာရေး ဂရုစိုက်ဖို့လိုပြီလေ.. ကျန်းမာရေးနဲ့ ညီညွတ်မယ့် အစားအစာ ချက်ပြုတ်နည်းတွေကို သမီး လေ့လာထားပါတယ်... ”တဲ့

ပြီးတော့ သမီးလေးက အချိန်ရရင်ရသလို စာဖတ်တယ်ဗျ.. သုတ၊ ရသနဲ့ စိတ်ခွန်အားဖြစ်စေမယ့် စာအုပ်တွေလေ... စာပေလေ့လာတာကတော့ ကျတော့်အတိုင်းပါပဲဗျာ.. သမီးလေး အဝေးတစ်နေရာမှာ ကျန်းမာချမ်းသာလို့ အန္တရာယ်ကင်းပါစေလို့ ဆုတောင်းနေစဉ်...ကျတော့်အမျိုးသမီးက

“ဖေကြီးရေ... ဘာတွေစဉ်းစားနေတာတုန်း... ကော်ဖီတွေလည်း အေးကုန်တော့မယ်”
“အေးပါကွ မေကြီးရ.. ငါ့သမီးလေးကို သတိရလို့ပါကွာ”
 ကလင်.... ကလင်....ကလင်.(ဖုန်းမြည်သံ)
“ဟော... ဖုန်းလာနေတယ် မေကြီးရေ.... ကိုင်လိုက်ပါအုံးကွာ”
“ဟလို... သမီးလား.... ” “သမီးဆီကဖုန်း ဖေကြီးရေ... ရှင်နဲ့ပြောချင်လို့တဲ့... လာပြောလှည့်အုံး”

“ဟလို... သမီးလား.. ”
“ဟုတ်ကဲ့ ဖေဖေ”
“အခုလေးပဲ ဖေဖေနဲ့ မေမေ သမီးအကြောင်းပြောနေတာ”
“ဟုတ်ကဲ့ပါဖေဖေ.. သမီးလည်း ဖေဖေနဲ့မေမေကို သတိရနေတာ... အော်..ဖေဖေတို့ကို သမီး ၀မ်းသာစရာပြောမလို့... သမီး ကျောင်းပြီးလို့ အိမ်ကိုပြန်ရတော့မယ်... (......) ရက်နေ့ သမီးပြန်လာခဲ့မယ်”
“ဟေ့...ဟုတ်လား... ၀မ်းသာလိုက်တာ သမီးရယ်.. ဖေဖေလည်း ငါ့သမီးလေး မြန်မြန်ပြန်လာပါစေလို့ ဆုတောင်းနေတာ”.... သမီးနဲ့ ကျတော် စကားတွေအများကြီး ပြောဖြစ်လိုက်တယ်။

“ဖေကြီးရေ... သမီးလေး ပြန်လာပြီဟေ့”
“မေမေ့ သမီးလေး မတွေ့ရတာကြာတော့ ချောလာ၊ လှလာလိုက်တာကွယ်”

သမီးက ထုံးစံအတိုင်း မိဘနှစ်ပါးကိုဖက်ပြီး မွှေးမွှေးပေးတယ်လေ... ကျတော်တို့နှစ်ယောက်ကလည်း သမီးလေးတစ်ယောက်ကို ချစ်မ၀နိုင်ဘူးပေါ့ဗျာ...
ဒီနေ့မနက်စောစောပေါ့ ကျတော်က

“မေကြီးရေ... သမီးလေးနိုးပြီလားဟေ့”
“နိုးတာဖြင့် ကြာပေါ့ ဖေကြီးရယ်.... သမီးက အစောကြီးနိုးနေတာ... ဘာလုပ်နေတယ်ထင်လဲ...ဘုန်းကြီးဆွမ်းလောင်းမလို့ ချက်ပြုတ်နေတာ.... ခုလည်း ဖေဖေ မေမေတို့အတွက် မနက်စာပြင်ဆင်နေလေရဲ့...”
အော်... သမီး ပင်ပန်းမှာပေါ့ မေကြီးရယ်... မညွန့် မရှိဘူးလား..  ဘယ်သွားနေလို့လဲ... သူ့ကို ချက်ခိုင်းလိုက်လေ”
“ချက်ခိုင်းတာပေါ့ ဖေကြီးရယ် သမီးက ဖေဖေမေမေတို့ကို သူ့စိတ်ကြိုက် ချက်ကျွေးချင်လို့တဲ့ ကိုယ်တိုင်ဝင်ချက်နေတာ... ကျမပြောလဲ မရဘူး... ရှင့်သမီးက”

ဒီလိုနဲ့ နေ့လည်စာ စားအပြီး မိသားစုသုံးယောက်ရဲ့ စကားဝိုင်းလေးပေါ့ဗျာ.. သမီးက

“ဖေဖေရယ်.. သမီးလေ ကျောင်းပိတ်တဲ့နေ့တွေမှာ ဗဟုသုမျိုးစုံ လေ့လာဖြစ်ပါတယ်... ဖေဖေတို့ကို ကိုယ်တိုင် ထမင်းဟင်း ချက်ကျွေးချင်လို့လဲ အစားအသောက်နဲ့ ပတ်သက်တာတွေ တော်တော်များများ သမီးလေ့လာခဲ့ပါတယ်...သူတို့တွေက ကျန်းမာရေးကို အရမ်းလိုက်စားတာပဲ... အစားအသောက်ဆိုလဲ ကျန်းမာရေးအတွက် အထောက်အကူပြုမယ့် အစားအစာတွေကို ဦးစားပေးစားကြတယ်... သူတို့ကိုကြည့်ရင် အမြဲတမ်း ကျန်းမာလန်းဆန်းနေတာပဲ...ပြီးတော့ ဟင်းချက်ရင် မပါမဖြစ်တဲ့ ကြက်သွန်နီမှာ အစွမ်းထက်တဲ့ အကျိုးအာနိသင်တွေ အများကြီးပါရှိနေတယ်ဆိုတာလည်း.. သမီး လေ့လာမှတ်သားခဲ့တယ်.. ဖေဖေမေမေတို့ကိုလည်း အမြဲတမ်းကျန်းမာအောင် သမီးကိုယ်တိုင်.. ပြုစုပါရစေနော်”
“သာဓု... သာဓု... သာဓုပါသမီးရယ်”

ဒီလိုနဲ့ နေ့စဉ်နေ့တိုင်း ဆွမ်းလောင်းဖို့နဲ့ အိမ်မှာစားဖို့ကို သမီးက တာဝန်ယူချက်ပြုတ်နေလေရဲ့... တနေ့မနက်မှာပေါ့.... စာဖိုမှူးကိုယ်တိုင်ဝင်လုပ်နေတဲ့ သမီးက တစ်ခုခုကို လှီးရင်းနဲ့ မျက်ရည်ကျနေတာကို ကျတော် နောက်ကနေမြင်လိုက်တယ်...အဲ့ဒါနဲ့ ကျတော်လည်း စိတ်ပူပြီး သူ့အမေကိုခေါ်ပြီးတော့ပြရတာပေါ့ဗျာ...

“မေကြီးရေ... သမီးလေးကိုလည်း ဂရုစိုက်အုံးနော်”
“ဘာဖြစ်လို့လဲ.. ဖေကြီးရဲ့”
“မနက်က သမီး ထမင်းဟင်းချက်နေတုန်း သူမျက်ရည်ကျနေတာ ငါမြင်လိုက်တယ် ဘာဖြစ်လို့များလဲ မေကြီးရယ် ငါတို့သမီးလေး ပင်ပန်းလို့များလား”
“မဖြစ်နိုင်ပါဘူးရှင်.. ရှင် အမြင်မှားတာနေမှာပါ”

အဲ့ဒါနဲ့ကျွန်တော်လည်း ပြိုင်ပြောမနေတော့ပဲ ငါပဲအမြင်မှားတာနေမှာပါဆိုပြီး နေလိုက်တော့တယ်.. တစ်ရက်ပြီး တစ်ရက် ကျွန်တော် သမီးလေးကို စောင့်ကြည့်တယ်... သမီးလေးက ခါတိုင်းလိုပဲ တစ်ခုခုကို လှီးနေရင်းက စဉ်းစားပြီး မျက်ရည်ကျနေတာမြင်တော့ ကျတော်လည်း မနေသာတော့ပဲ သူ့အမေကို ခေါ်ပြလိုက်တယ်...

“မေကြီး တွေ့လား ညည်းသမီးငိုနေတာ”
“ဟင်... ဟုတ်တယ်တော့ ဖေကြီးရေ.. ကျမတော့စိတ်ပူလာပြီ”
“ခုမှစိတ်ပူ.. ငါပြောသားပဲ.. မင်းကမှ မယုံတာ.. ခုတော့ယုံပြီမဟုတ်လား... သမီးလေးဘာဖြစ်လို့ မျက်ရည်ကျတယ်ဆိုတာ မင်း နဲနဲမှ မသိဘူးလား”
“အော်.. ရှင်လဲအမြင်ပဲလေ... သမီးလေးက အမြဲတမ်းပြုံးပျော်နေတာကို”
“ငါတို့သမီး တစ်ခုခုတော့ဖြစ်နေပြီး မေကြီး... ငါကြည့်နေတာကြာပြီး... မင်းလည်း နဲနဲပါးပါးမေးအုံး”
“ဟုတ်ပါပြီး ဖေကြီးရယ်... ကျမမေးပါ့မယ်... ရှင်လည်း သိပ်ပြီး စိတ်ပူမနေပါနဲ့နာ်”

စိတ်မပူနဲ့ဆိုပေမယ့်လည်း ဖခင်တစ်ယောက်အနေနဲ့ ကျတော့်သမီးလေးတစ်ခုခုဖြစ်မှာ ကို စိုးရိမ်နေမိတယ်ဗျာ..  သမီးလေးဘာဖြစ်တာလဲ? ဂျပန်မှာများ တစ်ခုခုဖြစ်ခဲ့လို့လား? သမီးချစ်သူနဲ့ အဆင်မပြေဖြစ်ခဲ့လို့လား? ဒါမှမဟုတ် သမီးချစ်သူကို လွမ်းနေတာလား? ငါတို့ကို ချက်ပြုတ်ကျွေးရလို့ ပင်ပန်းနေတာများလား? ဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကျတော့်ရင်ထဲမှာလည်း ပူလောင်နေပါတော့တယ်.. ကျတော်လည်း စိတ်တိုတိုနဲ့ သူ့အမေကို...

“ငါ့သမီးကို မျက်ရည်ကျအောင် လုပ်တဲ့ တရားခံကို သိမှဖြစ်မယ်မေကြီး...သမီးလေးမျက်ရည်ကျတာ ငါမမြင်ရက်နိုင်ဘူး...အဲ့ဒါ မင်းမှာလည်း တာဝန်အပြည့်ရှိတယ် ဒါပဲ”

ဒီမနက်မှာ ကျတော်လည်း ခါတိုင်းလိုပဲ သမီးလေးရဲ့အခြေအနေကိုသိချင်ဇောနဲ့ အကဲခတ်မိပြန်တယ်... ဟောဗျာ.. ဒီနေ့တော့ သမီးက ခါတိုင်းလိုမဟုတ်ပဲ သူ့မေမေနဲ့  ရယ်ရယ်မောမောပဲ ထမင်းဟင်းချက်ပြုတ်နေလေရဲ့ဗျာ...သမီးက ဟင်းရွက်တစ်ချို့ကို သင်လို့... သူ့မေမေက ကြက်သွန်လှီးလို့ တဖက်တလမ်းက ကူနေလေရဲ့ဗျာ...သားအမိနှစ်ယောက် ဘာတွေပြောနေလဲဆိုတာ ကျတော် သဲသဲကွဲကွဲ မကြားပေမယ့် တစ်ခုခုကိုပြောပြီး ဟက်ဟက်ပက်ပက်ကို ရယ်နေလိုက်ကြတာ... ကျတော်လည်း သိချင်လာတဲ့အတွက် သူတို့စကားဝိုင်း ထဲ ၀င်ရတော့တာပေါ့ဗျာ... ဒီတော့မှ သမီးက

“ဖေဖေရယ်  စိတ်ပူတက်ပါကော... သမီးက ငိုတာမဟုတ်ပါဘူး.. မျက်ရည်ကျတာပါ... ဘယ်သူ့ကြောင့်မှလည်း မဟုတ်ဘူး.. ကြက်သွန်နီမှာ လူတွေကို ကျန်းမာရေးနဲ့ပက်သတ်ပြီး တစ်ဖက်တစ်လမ်းက အများကြီး အကျိုးပေးတယ်တဲ့ အာနိသင်တွေ အများကြီးရှိတယ်လို့ သမီးက ဖတ်မှတ်ဖူးတော့ ဟင်းချက်တဲ့အခါမှာ ကြက်သွန်နီကို ခါတိုင်းထက် ခပ်များများလေး သုံးဖြစ်တယ်လေ.. ကြသွန်နီမှာက အခိုးအငွေ့ရှိတော့ သူ့ကို အခွံနွှာရင်၊ လှီးရင် အဲ့ဒီလိုပဲ အငွေ့မွှန်တက်တယ်ဖေဖေရဲ့.. အဲ့အငွေ့ကြောင့် သမီးမျက်ရည်ကျတာပါ... အဲ့ဒါကို ဖေဖေမြင်ပြီး စိတ်ပူတာနေမှာ.. မေမေရေ...”

“အော်... ဒီလိုလား” အခုမှပဲ ကျွန်တော့်စိတ်ထဲ ပေါ့သွားတော့တယ်..  ပြီးတော့ သမီးမေမေက..
“ ကဲ... ဖေကြီးရေ... ရှင်သိပြီလား.. ရှင်သိပ်သိချင်နေတဲ့ ရှင့်သမီးကို မျက်ရည်ကျအောင် လုပ်တဲ့တရားခံလေ... ရော့... ဒီမှာ.. ဒီကြက်သွန်နီပဲ... ရှင်ဘာလုပ်ချင်လဲ... ရှင်ကြိုက်သလို သူ့ကို ဆုံးမနိုင်တယ်”... ဆိုပြီး သားအမိနှစ်ယောက်သား ရယ်မောနေကြလေရဲ့....။ ကျတော်ကတော့ သမီးမေမေပေးတဲ့ ကြက်သွန်နီလေးကိုကိုင်ရင်း ငါ့သမီးကို မျက်ရည်ကျအောင်လုပ်တာ မင်းလားကွာ ဆိုပြီး အသာအယာလေးပဲ ခြင်းလေးထဲ ပြန်ထည့်လိုက်ပါတော့တယ်........။

မှတ်ချက်။      ။ ဒီလိုပိုစ်မျိုး တစ်ခါမှ မရေးဖူးပါဘူး.. ဝေဖန်ပေးကြပါဦးနော်...ဒီည အိပ်မပျော်တာနဲ့ စိတ်ထဲရှိရာ ချရေးနေမိတာ.. ဟာသရသလေးပါ... သူငယ်ချင်း တို့လည်း ပိုစ်လေးကိုဖတ်ရင်း  ပိုစ်လေးရဲ့ ဇာတ်သိမ်းပိုင်းလေးမှာ အနည်းငယ် ပြုံးမိကြမယ်ထင်ပါတယ်နော်:)))))
             
                                အားပေးကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲချစ်ခင်လျက်
                                                              လေပြေချို  (11.9.2012)  ည 11:30 PM

 

8 comments:

  1. ဖတ်ပြီးပြုံးသွားတယ် သယ်ရင်းရေ

    ReplyDelete
  2. လေပြေရေ...အလွမ်းအပြောလာ အားပေးသွားတယ်။
    ဒီလိုမိသားစုမျိုး လိုချင်ပါဘိ။

    ReplyDelete
  3. ပြုံးစရာလေးပါ ဆက်ရေးပါ အရေးအသားတွေကောင်းတယ်

    ReplyDelete
  4. လာအားပေးသွားတယ်။ပြုံးမိတယ်။

    ReplyDelete
  5. လာအားပေးသွားတယ်။ပြုံးမိတယ်။

    ReplyDelete
  6. ထင်တော့ထင်သား။ ကြက်သွန်နီဘဲဖြစ်မှာပါလို့။ ခံစားအားပေးသွားတယ် လေပြေလေးရေ။

    ReplyDelete
  7. ဘယ်ရောက်သွားတာလဲ ပျောက်သွားတယ်တော့

    ReplyDelete
  8. အရေးအသားတော့ ကောင်းတယ်နော်
    ဆက်ရေးပါဦး အားပေးပါတယ်

    ReplyDelete