1. 1. 1.

Friday, May 11, 2012

ဖြစ်ကြတယ် ပျက်ကြတယ်

     ကျမ ပိုစ်လေးတွေ မရေးဖြစ်တာတောင် ကြာပေါ့။ သူငယ်ချင်းတွေဆီလည်း မလည်ဖြစ်ဘူး။ ဒီရက်ပိုင်းမှာ ကျမ အကြောင်းအရာတစ်ခုကို လေးလေးနက်နက် တွေးနေမိတယ်။ နေ့မြင်ညပျောက်ဆိုသလို ကျမနဲ့ မသိတဲ့သူတွေ သိတဲ့သူတွေ သေဆုံးတဲ့ သတင်းတွေပဲ ကြားနေရတယ်။ တစ်ချို့က ဝေဒနာတွေကို အချိန်အကြာကြီး ခံစားပြီးမှ သေဆုံးသွားကြသလို တစ်ချို့ကြတော့လည်း ချက်ချင်းကြီး သေဆုံးသွားတယ်။ ဘာဝေဒနာမှ မခံစားရဘူး။ မနက်ပိုင်းတွေ့တော့ အကောင်းကြီး ညနေလဲရောက်ရော ဆုံးသွားပြီတဲ့လေ။ မြန်လိုက်တာ။ 
        ကျမအမှတ်ရတာလေးတစ်ခုလောက် ပြောပြချင်တယ်၊ မကြာသေးပါဘူး၊ ကျမတို့အိမ်နောက်က အိမ်တစ်အိမ်က အန်တီတစ်ယောက်လေ.. ကျမသိသလောက် သူဖျားတာ ၊နာတာ သိပ်မတွေ့ရဘူး၊ ကျမတို့တောင် ရာသီဥတုတစ်ခါပြောင်းရင် တစ်ခါဆေးခန်းပြရတယ်လေ၊ သူဆို ဆေးခန်းသွားတာ တစ်ခါမှ မတွေ့ရဘူး၊ အဲ့ဒီနေ့မနက်ပိုင်းပေါ့၊ ၈ နာရီလောက် ကျမအိပ်ယာနိုးတော့ မျက်နှာမသစ်ခင် လေကောင်းလေသန့်ရအောင် အိမ်နောက်ဝရန်တာအထွက် ကျမသူ့အိမ်ဘက်ကို အကြည့်ကရောက်သွားတယ်။ သူက အိမ်ရှေ့မှာ ဘုရားပန်းလဲနေတာတွေ့တယ်။ အသားဖွေးဖွေးလေးနဲ့ သူ့ပုံစံက အရမ်းကို ကျက်သရေရှိတယ်လေ။ မနက်တိုင်း သူဈေးသွားတယ် ဘုရားပန်းလဲတယ်။ သူနေ့တိုင်းလုပ်နေကျအလုပ်လေးပေါ့။ သူ့ကိုအဲ့လိုလေးတွေ့လိုက်ရင် မရင်းနှီးပေမယ့် သူ့ကို ကျမချစ်တယ်။ 
         အဲ့ဒီနေ့ပဲ နေလည် ၁၁ နာရီလောက်ရှိမယ် ကျမ ထမင်းးစားဖို့ ထမင်းစားခန်းသွားတော့ တွေ့လိုက်တာက သူ့ယောက်ကျားနဲ့ သူအိမ်ကကောင်မလေးတစ်ယောက် သူ့ကိုတွဲပြီး ကားပေါ်တင်နေတာတွေ့တယ်.. ကျမစိတ်ထဲမှာတော့ ရိုးရိုးနေမကောင်းဖြစ်တာပဲပေါ့၊ သူကတစ်ခါမှမဖျားဖူးတော့ စိတ်ထဲတော့ တစ်မျိုးပဲ..အိမ်နီးချင်းပေမယ့် ကျမတို့က စကားအပြောအဆိုမရှိကြဘူး၊ အိမ်လည်တာတို့ ဘာတို့လည်းမရှိဘူး၊ မရင်းနှီးဘူးပေါ့နော်။ ဒါပေမယ့်လည်း စိတ်ထဲမှာတော့ အန်တီ မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းပေးနေမိတယ်။
      တိုက်ဆိုင်တာပဲပြောရမလား၊ ကျမကို သံဝေဂပဲပေးနေပြီလား၊ ညနေ ၄နာရီလောက် ရေသောက်ချင်လို့ ထမင်းစားခန်းအသွား ကျမအကြည့်က သူ့အိမ်ဘက်ကို ရောက်သွားပြန်တယ်။ သူဆုံးလို့ သူ့ရဲ့အိမ်ရှေ့မှာ မန်ဏ္ဍပ်ဆောက်နေကြတဲ့ လူတွေကို တွေ့လိုက်ရတယ်။ ကျမလေ အရမ်းကို အံ့သြသွားတယ်။ တိုက်ဆိုင်လိုက်တာနော်။ ကျမစဉ်းစားမိတယ်၊ ဒီနေ့ ငါ အိမ်နောက်ဖေးကို သုံးကြိမ်လာတယ် အဲ့ဒီသုံးကြိမ်လုံး သူ့အိမ်မှာ အဲ့ဒီအဖြစ် သုံးမျိုးဆုံတယ်။ ကျမရင်ထဲအရမ်းဝမ်းနည်းသွားတယ် အော် လူဖြစ်ရတာ ဘာမှလဲ မဟုတ်ပါလား။ သူ့ကိုလည်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးနေမိတယ်၊ အန်တီ ကောင်းရာမွန်ရာ ရောက်ပါစေပေါ့။ အန်တီ ကောင်းရာမွန်ရာရောက်သွားမှာပါ။ သူကံကောင်းတာက ဘာဝေဒနာမှ မခံစားလိုက်ရဘူး အရမ်းမြန်တာပဲ။ တစ်ချို့ဆို ဝေဒနာကို နှစ်နဲ့ချီပြီးခံစားရပြီးမှ သေတာလေ။ နောက်တစ်ခုက ငါလည်း သေရင် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ အဲ့ဒီအန်တီသေသလိုမျိုး သေရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားနေမိတယ်။ ကျမကို သံဝေဂတွေအများကြီးပေးသွားတဲ့အန်တီ့ကို ကျမ ဘုရားရှိခိုးတိုင်း အမျှဝေသလို ဆုလည်းတောင်းပေးနေမိတယ်။
          ၂၆.၄.၂၀၁၂ ညနေ သုံးနာရီမှာ အသက် ၉၉ နှစ်ရှိပြီဖြစ်တဲ့ ကျမရဲ့ဖိုးဖိုးဆုံးလို့ မော်လမြိုင်မှာ အကြာကြီးသွားနေဖြစ်တယ်။ ဖိုးဖိုးရဲ့ ရုပ်ကလာပ်ကို ထိုင်ကြည့်ပြီး ၀မ်းနည်းနေတဲ့ မေမေ့ကိုလည်း အရမ်းသနားမိတယ်။ မိဘမေတ္တာကိုလည်း ပိုလို့နားလည်ခံစားလာမိတယ်။ အလုပ်ကိစ္စတွေကို မေ့ထားပြီး အမျိုးတွေနဲ့ ဆုံတာနဲ့  ဘုရားတရားအကြောင်းတွေ ပြောဖြစ်ကြတယ်။ ဖိုးဖိုးကိစ္စပြီးလို့ ရန်ကုန်ကိုပြန်လာတော့ စိတ်ထဲမှာ ကျမသိချင်နေတဲ့ အသိတစ်ချို့ကို သိလိုက်ရလို့လားမသိဘူး။ အေးချမ်းတဲ့ ခံစားချက်တစ်ချို့ တော့ ကျမနဲ့အတူ ပါလာတာ သေချာတယ်။ သံဝေဂတွေနဲ့ လူကြီးတွေရဲ့ ဆုံးမတဲ့စကားသံတွေက ကျမကို ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရတဲ့ အသိလေးတစ်ခု လက်ဆောင်ထည့် ပေးလိုက်သလိုပါပဲ။ အော်...ဘ၀ဆိုတာ ဖြစ်ခြင်းနဲ့ ပျက်ခြင်းဆိုတဲ့ ကြားက ကာလလေးတစ်ခုကို အယူအဆတွေ မတူညီကြပဲ ဖြတ်သန်းနေကြတာပါပဲ။ အမှန်တစ်ကယ်တော့ ခဏလေးပါပဲလေ...။

No comments:

Post a Comment