1. 1. 1.

Monday, April 1, 2013

တန်ခူးလနဲ့ ကျမ (မွေးနေ့အမှတ်တရ)

 ကျမမွေးနေ့   (၃.၄.၂၀၁၃) 

အိမ်မှာ ဘုရားအာရုံဆွမ်းကပ်မယ် သစ်သီးကိုးမျိုး ရည်စူးလှူမယ်... 
မိဘနှစ်ပါးနဲ့ ဆရာသမားတွေကို ကန်တော့မယ် လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးမယ်...
ချစ်သူ၊ ခင်သူ၊ မုန်းသူ အကုန်လုံးကို ဖြူစင်တဲ့စိတ်လေးနဲ့ မေတ္တာပို့ပေးမယ်...

ကြေနပ်မိတာက
ရိုးသားတဲ့ မိဘနှစ်ပါးစီက ဖြူစင်ပြီး သိမ်မွေ့နူးညံ့တဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်ခွင့်ရထားလို့ပါ...

ယုံကြည်မိတာက
ကံ ကံ၏အကျိုးတရားကို ပိုပြီး သက်ဝင်ယုံကြည်လာတယ်...

လက်ခံမိတာက
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်... ကောင်းကံ ဆိုးကံဆိုတာ ကိုယ်နဲ့ပဲဆိုင်တယ်...

ဆင်ခြင်မိတာက
အော်... ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးပြန်ပြီပေါ့... ပြီးတော့ ကျမကိုယ်တိုင် ရေးစပ်ထားတဲ့ “နေမ၀င်ခင်လေး” ကဗျာလေးကို ပြန်ဖတ်နေမိတယ်...

ဆန္ဒက
လွန်ဆန်မရနိုင်တဲ့ လောကသဘာဝကြီးကို တရားမျှတစွာနဲ့ ငြိမ်းချမ်းစေချင်တယ်... 
ဖြူစင်မေတ္တာ ကိုယ်စီပွားရင် နွေခေါင်ခေါင်မှာတောင် အေးချမ်းစေပါတယ်...
သစ္စာတရားဆိုတဲ့စကားလုံး နှလုံးမူရင် ကမ္ဘာပြိုလို့ တိမ်ညိုခဲ့မယ်ဆိုတောင် လမင်းကြီးက ထာဝစဉ်ထွန်းလင်းနေမှာပါ...

မျှော်လင့်နေခဲ့တဲ့ စကားသံ
မွေးနေ့ရောက်တိုင်း အသက်က ကြီးတာမြန်လိုက်တာမေမေရယ်လို့ စိတ်ပျက်အားငယ်စွာနဲ့ ပြောတက်တဲ့ကျမကို မေမေက “သမီးက မေမေတို့အမြင်မှာတော့ ဘယ်အချိန်ကြည့်ကြည့် (၁၆) နှစ်ပဲ... ဘယ်တော့မှ (၁၆) နှစ်ထက် မပိုဘူး... တစ်နှစ်ပြီးတစ်နှစ်သာ မွေးနေ့တွေ ဖြတ်ကျော်သွားပါစေ မေမေ့စိတ်ထဲမှာတော့ သမီးက အမြဲတမ်း (၁၆) နှစ်ပဲတဲ့” ဒီနှစ်မွေးနေ့မှာလည်း မေမေပြောမယ့် ကျမမျှော်လင့်နေတဲ့ စကားသံလေးပေါ့... :))))

အလိုချင်ဆုံး ဆုတောင်းက
နောင်လာမယ့် ကျမရဲ့ မေမေပြောတဲ့ (၁၆) နှစ်ပြည့် မွေးနေ့တိုင်းမှာ ကျမချစ်မြတ်နိုးရတဲ့ မိဘနှစ်ပါးကို ကျမ (၁၆) နှစ်ထက်ကြီးမလာသလို အမြဲတမ်း ကျန်းမာပါစေလို့ပေါ့... 
ကျမဘ၀ရဲ့ နောက်ဆုံးအချိန်ထိ ကျမနဲ့အတူတူ အနားမှာရှိနေပါစေလို့ပေါ့...
ပြီးတော့ မိဘတွေအတွက် ကျမက သမီးကောင်း ရတနာလေး ဖြစ်ပါရစေပေါ့...

အလိုချင်ဆုံး ဆုပေးသံ
ဘ၀နဲ့ဆန္ဒ တစ်ထပ်တည်းကျပါစေဆိုတဲ့ မိဘတွေနဲ့ သူငယ်ချင်းတွေဆီက ကျမမျှော်လင့်နေတဲ့ ဆုပေးသံလေးပါ...

အစားချင်ဆုံး အစားအစာ
သင်္ကြန်ထမင်း... မော်လမြိုင်မြို့ရဲ့ ရာသီစာ အစားအစာလေ... ကျမ အရမ်းကြိုက်နှစ်သက်တဲ့ အစားအစာတစ်မျိုးပေါ့... မေမေကပြောပြတယ် ကျမကို မွေးခါနီမှာ ဗိုက်အရမ်းနာနေတဲ့ကြားက သင်္ကြန်ထမင်းကို မရမက၀ယ်ခိုင်းပြီး အားရပါးရစားတာတဲ့လေ... စားပြီးမကြာဘူး ကျမကိုမွေးတာတဲ့... ဟုတ်မယ်နော် ကျမလည်း သင်္ကြန်ထမင်းရောင်းတဲ့ဆိုင်မြင်ရင် အငမ်းမရကို ၀င်စားတော့တာပဲသိလား... တစ်ခါတစ်ခါစားရင် နှစ်ပွဲသုံးပွဲလောက်ကို စားတာလေ :PPP

လိုချင်တဲ့ လက်ဆောင်
သူငယ်ချင်းတစ်ယောက်ဆီမှာ တောင်းထားတယ်... မပေးလို့ကတော့ သေခန်းပြတ်ပဲလို့... ဟီး

စိတ်မကောင်းဖြစ်မိတာက
ကျမချစ်သူက အဝေးကြီးမှာလေ :(                  4:39 PM

 ကျမ ၁၆ နှစ်ပြည့်မွေးနေ့တုန်းက အမှတ်တရ ရိုက်ထားတဲ့ ပုံလေးပါ...

Thursday, March 21, 2013

ကကြိုးမဲ့ သံစဉ်

ကံတရား ပြစ်ချရာမှာ
ခဏတာ အကျနာခဲ့လည်း
သဘာဝတရားရဲ့ လှပတဲ့ကောင်ကြောင်း
အကြောင်းရှာပြီး ပြောင်းမပြစ်ခဲ့ဘူး...။

မှိုင်းညို့နေတဲ့ နေ့ရက်တစ်ချို့မှာ
ကြည်လင်မှုတွေ ကင်းပျောက်နေခဲ့လည်း
ဆန်းပြားတဲ့ ကာလာတွေအကြောင်း
အဖြူရောင်စာမျက်နှာထက် မိတ်မဆက်ခဲ့ဘူး...။

နှလုံးသားပြဿနာ အဖြေရှာရာမှာ
အရှုံးတရားတွေနဲ့ အပြုံးပါးနေခဲ့လည်း
ကမ္ဘာဦးအစက လှခဲ့တဲ့အချစ်အကြောင်း
သံစဉ်ပြောင်းပြီး မရေးဖွဲ့ခဲ့ဘူး...။

မတည်မြဲတဲ့ ကာလယန္တရားမှာ
သုံးမျိုးရာသီက အမုန်းခါးသီးနေခဲ့လည်း
ယာမာခြုံထားတဲ့ အပြုံးလက်ဆောင်တွေအကြောင်း
တစ်စေ့တစ်စောင်းတောင် မတွေးခဲ့ဘူး...။

အပူအပင်မကင်းတဲ့ လူနေမှုစနစ်မှာ
ဒုက္ခအပေါင်းနဲ့ ခညောင်းနေလည်း
မုသားစကားရဲ့ အက္ခရာတွေအကြောင်း
အသိစိတ်က မယိုဖိတ်ခဲ့ဘူး...။

နေ့ရက်တိုင်းမှာ 
ဘ၀တာဝန်ကျေစေဖို့အတွက်
ချွေးစက်တွေကြား ဗျာများနေခဲ့လည်း
အကောင်းအဆိုး အကြောင်းအကျိုးမို့
အမုန်းမဖက် အပြုံးသက်သက်နဲ့
အရှုံးတရားတွေကို ရင်ဆိုင်ရင်း..... ..... ....။ 12:31 PM
 

Monday, March 11, 2013

အိပ်မက်ထဲမှ အိပ်မက်ဆုတောင်း

                           ကမ်းခြေရဲ့ သာယာလှပပုံကို နှစ်ယောက်သားငေးကြည့်ရင်း မောင်က

“သဲ ဒီမှာခဏနေခဲ့နော် မောင် အုန်းစိမ်းရည်သွားဝယ်လိုက်အုံးမယ်”

“ကြာမှာလားမောင်” ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကြည့်နေမိတဲ့ ကျမအကြည့်ကို သိနေတဲ့မောင်က

“မကြာပါဘူးသဲရယ် ဘာမှမကြောက်နဲ့ မောင် အုန်းစိမ်းမှာပြီးတာနဲ့ ပြန်လာခဲ့မယ်ဗျာ 

ဟုတ်ပြီလား”

မောင်ထွက်သွားတုန်းတခဏမှာ ကျမရဲ့အားငယ်တက်တဲ့စိတ်ကိုမေ့နိုင်ဖို့အတွက် ပင်လယ်ကြီးနဲ့ 

ကောင်းကင်ရဲ့ ဟိုး… ဝေးဝေးတစ်နေရာမှာ လှပစွာထိစပ်နေတဲ့ အနားသက်မျဉ်းကြောင်းလေးဆီ 

ကျမအာရုံကိုလွဲပြောင်းထားလိုက်ပါတယ်… ပင်လယ်ပြင်ကြီးရဲ့အလှကို မှင်သက်စွာ 

ငေးမောကြည့်နေရင်း ကျမရဲ့အမြင်မှာ ပင်လယ်ကြီးက တဖြည်းဖြည်းနဲ့ မြင့်တက်လာသလို 

ခံစားနေမိတယ်… ငါ့အမြင်တွေမှားတာပဲလေဆိုပြီး မျက်စိနှစ်ဖက်ကို ပွတ်သပ်ရင်းကြည့်ပြန်တော့ 

ဟင်… ကျမအမြင်တွေမမှားပါဘူး… ပင်လယ်ရေပြင်ကြီးက မြင့်တက်လာသလို ပုံပှန်မဟုတ်တဲ့ 

ရေလှိုင်းကြီးတွေကလည်း ဒေါနဲ့မောနဲ့ အားလုံးကိုဝါးမြိုတော့မယ့်ပုံစံအတိုင်း အသံပေးရင်း 

ကမ်းခြေဆီသို့ ဦးတည်ရင်း လာနေပါပြီး… မိနစ်ပိုင်းလေးအတွင်းက ကဗျာဆန်စွာလှပနေတဲ့ 

ကမ်းခြေတစ်ခုလုံးလည်း ၀ရုန်းသုန်းကားနဲ့ ဗြောင်းဆန်လို့နေတယ်… ကျမရဲ့ 

ထိန့်လန့်တုန်လှုပ်နေတဲ့စိတ်ကို စုစည်းထိန်းချုပ်ရင်း မျက်ဝန်းအစုံက မောင့်ကိုပဲ 

ရှာနေမိတော့တယ်… မောင်ဘယ်တွေသွားနေတာလဲ… ကျမကိုတစ်ယောက်ထဲထားခဲ့ပြီး 

ဘယ်တွေသွားနေတာလဲ… ရက်စက်လိုက်တာမောင်ရယ်… ကျမအနားကို 

ပြန်လာပါတော့ ကျမအရမ်းကြောက်နေမိတယ်… တစ်ယောက်တည်း အရူးတစ်ယောက်လို 

ပြောနေမိရင်း မကြာခင်မှာ ဒီရေလှိုင်းကြီးတွေက ကျမကို ၀ါးမျိုတော့မှာ… စိတ်ပျက်အားငယ်စွာနဲ့ 

ဘာမှမတက်နိုင်တော့တဲ့အဆုံး မောင်အန္တရာယ်ကင်းဘေးရှင်းပါစေလို့ မေတ္တာပို့ရင်း 

တဝေါဝေါလာနေတဲ့ ရေလှိုင်းတွေကို မမြင်အောင် ကျောပေးရပ်နေလိုက်တော့တယ်… 

ခဏအကြာမှာတော့ “၀ုန်း” ဆိုတဲ့အသံနဲ့အတူ တစ်ယောက်ယောက်က ဆွဲခါလိုက်သလို 

ကျမအိပ်ရာမှ လန့်နိုးလာခဲ့ပါတယ်… ကျမအိမ်မက်မက်နေတာပါလား ဟူး.. တော်သေးတာပေါ့… 

ပါးပြင်မှာလဲ မျက်ရည်အရွှဲသားနဲ့ ၀မ်းနည်းစွာငိုနေတဲ့ကျမကို မောင်ကသူ့ရင်ခွင်ထဲ ဖက်ထားရင်း

 “ဘယ်လိုအိမ်မက်မျိုးတွေမက်လို့ အခုလို ရှိုက်ကြီးတငင်ငိုရတာလဲ သဲရယ် ကိုယ်သာမနှိုးရင် 

ဘယ်အချိန်ထိ ဆက်ငိုနေမလဲမသိဘူး ကိုယ်မရှိရင် ဘယ်လိုလုပ်မလဲပြော” ဆိုပြီး အမှုမဲ့အမှတ်မဲ့ 

ပြောလိုက်ပေမယ့် “ကိုယ်မရှိရင်ဘယ်လိုလုပ်မလဲပြော” ဆိုတဲ့စကားကြောင့်

“မောင် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကျမကိုပြစ်မသွားပါနဲ့နော် ကျမကြောက်လို့ပါ့ 

ကျမတောင်းပန်ပါတယ် ကျမလေ အခုလိုအိမ်မက်မျိုး ဘာဖြစ်လို့ ခဏခဏမက်နေတာလဲမသိဘူး 

မောင်ရယ် အိမ်မက်တိုင်းမှာလဲ မောင်ကကျမကို အမြဲတစ်ယောက်တည်း ထားခဲ့တယ်” လို့ 

ကျမ၀မ်းနည်းစွာပြောတော့ မောင်က

“အော် စိုးရိမ်တက်ပါကောသဲရယ် အဲ့ဒါအစွဲအလန်းကြောင့်ပေါ့ သူငယ်ချင်းတွေကစတာကို 

အစွဲအလန်းကြီးတဲ့ မောင့်မိန်းမက စိတ်ထဲမှာမှတ်ထားတော့ အဲ့ဒီအစွဲအလန်းကြောင့် 

မက်တာနေမှာပေါ့… မောင်ချစ်လို့ယူထားတဲ့မိန်းမကို အဲ့ဒီလို ထားသွားစရာလား 

သဲကိုဘယ်တော့မှ 

တစ်ယောက်ထည်းမထားခဲ့ဘူး မောင်ဘယ်သွားသွားခေါ်သွားမယ် ဘယ်လိုအခြေအနေဖြစ်ဖြစ် 

သဲအနားမှာ မောင်အမြဲရှိမယ် မောင်ကတိပေးတယ်… မောင့်ကိုယုံတယ်ဆို 

စိတ်ချလက်ချအိပ်နော်” လို့ပြောပေမယ့် ကျမရင်မောစွာနဲ့ အဲ့ဒီအိမ်မက်အကြောင်း 

စဉ်းစားနေမိသေးတယ်....။


***************************************

မိဘမေတ္တာရိပ်အောက် အေးချမ်းစွာနေခဲ့ရတဲ့ကျမက ၅၂၈ မေတ္တာကလွဲပြီး ၁၅၀၀ ဆိုတာကို 

ဘာမှန်းမသိခင်မှာ မိဘတွေက မောင်နဲ့ကျမကို နေရာချပေးခဲ့တယ်… မောင့်ကို တစ်ခါမှ 

မမြင်ဖူးပေမယ့် စတွေ့လိုက်တဲ့အချိန်မှာပဲ ကျမရဲ့ အရင်းနှီးဆုံး 

သွေးရင်းသားရင်းတစ်ယောက်လို ခင်မင်နေခဲ့မိတယ်… တဖြည်ဖြည်းနဲ့ အနေနီးစပ်ရင်း 

မမြင်နိုင်တဲ့ 

သံယောဇဉ်ကြိုးတွေနဲ့ မောင့်ကို ကျမ တွယ်တာနေခဲ့မိတယ်လေ… မိဘတွေနဲ့ ဝေးနေလို့ 

အားငယ်တက်တဲ့ကျမကို မောင်က အလုံးစုံသောမေတ္တာတွေနဲ့ နွေးထွေးမှုတွေ ပေးခဲ့ပါတယ်… 

တစ်ခါတစ်လေ မောင်အလုပ်ပိတ်တဲ့ရက်တွေဆို ကျမကို တစ်နေကုန် စနောက်နေတက်တယ်… 

အားငယ်ပြီး အစွဲအလန်းကြီးတက်တဲ့ ကျမစိတ်ကို သိနေတဲ့မောင်က

 “မောင်မရှိရင် ဘယ်လိုနေမလဲ… မောင်သဲကို ထားသွားရင် ဘယ်လိုလုပ်မလဲ” ဆိုပြီး 

ကျမငိုအောင်စနေမှန်းသိပေမယ့် မောင်အဲ့လိုတစ်ခါပြောတိုင်း ကျမရင်မှာ 

တစ်ခါနာကျင်ခံစားရလို့ စိတ်မကောင်းစွာနဲ့ ချုံးပွဲချငိုမိပါတော့တယ်… မောင်က 

ကျမကျေနပ်လောက်တဲ့ထိ ပြန်ချော့ပေမယ့် အဲ့ဒီစကားက ကျမရင်ထဲ စွဲကျန်နေတက်တယ်လေ…

 တစ်ခါတစ်လေ သူငယ်ချင်းတွေအိမ်လာလည်လို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေကြတဲ့ 

အိမ်ထောင်ရေးအကြောင်းတွေ ပြောမိတိုင်း ကျမစိတ်ထဲ ကိုယ်တိုင်ခံစားရသလို 

သနားနေတက်တယ်… အချိန်တန်လို့ သူငယ်ချင်းတွေပြန်သွားပေမယ့် 

သူတို့ပြောပြတဲ့အကြောင်းအရာတွေကို မေ့ပြစ်လို့မရနိုင်ပဲ တွေးနေတက်တာ 


ကျမရဲ့အစွဲအလန်းကြီးတက်တဲ့ စိတ်ကြောင့်လား… ကျမအမျိုးမျိုး ကြားဖူးနေတယ်လေ.. 

အိမ်မက်ဆိုတာ စိတ်ရဲ့အစွဲအလန်းကြောင့် မက်ရတာတဲ့ တစ်ချို့ကလည်း ရောက်မလာသေးတဲ့ 

အနာဂါတ်ကို ကြိုတင်နိမိတ်ပြတဲ့အနေနဲ့ မက်တာတဲ့… ကျမလေ အခုလိုခဏခဏမက်နေတဲ့ 

အိပ်မက်မျိုးကြောင့် ပင်ပန်းနေသလို အဲ့လိုအိပ်မက်မျိုး နောက်ထက်မက်မှာကို 

ကြောက်နေမိတယ်… အိပ်ရာဝင်တိုင်းလည်း အိပ်မက်လှလှမမက်ရင်နေပါစေ အိပ်မက်ဆိုးမျိုး 

မမက်ပါစေနဲ့လို့ အခါခါဆုတောင်းနေမိတယ်… အိပ်ရာဝင်ခါနီးမှာ ဘာမှမစဉ်းစားပဲ 

အိပ်နိုင်အောင်ကြိုးစားပေမယ့် အချိန်တန်ရင် မက်နေကျအိပ်မက်က ကျမစိတ်ကို 

အမြဲခြောက်လှန့်နေခဲ့ပါတယ်….။

**********************************************

ဖေဖေါ်ဝါရီလ (၂) ရက်နေ့

ကျမအိမ်ထောင်ကျပြီးကတည်းက မိဘတွေနဲ့ ဝေးနေခဲ့တာ ၃ နှစ်ပြည့်ခဲ့ပါပြီး… မေမေ့ကို 

လွမ်းနေတာတော့အမှန်ပါပဲ… ဒီနေ့တော့ ကျမချစ်တဲ့မောင်က ဘာစိတ်ကူးပေါက်လဲမသိဘူး 

ကျမကိုမေးတယ်

 “သဲရေ… တစ်ရက်တစ်ရက် အိမ်မှုကိစ္စတွေနဲ့ ဗျာများနေတာ ငြီးငွေ့နေတော့မှာပဲနော်… 

စိတ်ပြေလက်ပျောက်ဖြစ်အောင် သဲရဲ့မိဘတွေဆီ အလည်မပြန်ချင်ဘူးလား… 

ဖေဖေမေမေတို့လည်း သဲကို သတိရနေမှာပေါ့” တဲ့ ကျမစိတ်ကိုသိနေတဲ့အတွက် မောင့်ကို 

ပိုလို့မြတ်နိုးမိပေမယ့် “ခဏလေးဖြစ်ဖြစ် မောင်နဲ့ခွဲမနေချင်ဘူးမောင်ရယ် ကျမနဲ့အတူမောင်ရော 

မေမေ့အိမ်မှာ ခဏလိုက်နေပေးပါလားဟင်”

 “လိုက်နေချင်တာပေါ့မိန်းမရယ် မောင့်အလုပ်က ထားခဲ့လို့မှမရတာ သဲလဲအသိပဲမဟုတ်လား 

သဲမိဘအိမ်မှာ ပျော်သလောက်နေနော် မောင့်ကို ဘာမှစိတ်မပူနဲ့ သဲပြန်လာချင်တဲ့အချိန်မှ 

မောင့်ကိုဖုန်းဆက်လိုက် မောင်လာခေါ်မယ် ဟုတ်ပြီလား ”

“ဟုတ်ကဲ့ပါမောင်” လို့ ပြောလိုက်ပေမယ့် တစ်ခါမှ မောင်နဲ့ အခုလိုအကြာကြီးခွဲပြီး မနေဖူးတော့ 

ကျမရင်ထဲ ၀မ်းနည်းလာမိပြန်တယ်… ကျဆင်းလာတဲ့မျက်ရည်စတွေကို မောင်က 

တယုတယသုတ်ပေးရင်း

“မောင့်မိန်းမကလေ ခုချိန်ထိ ခလေးလေးကျနေတာပဲ” ဆိုပြီး ကြင်နာစွာ နဖူးလေးကို 

ဖွဖွလေးနမ်းတော့ ရင်ထဲကြည်နူးမိပေမယ့် ကျမကိုအကြာကြီး ပြစ်မထားပါနဲ့နော်ဆိုတဲ့ 

ကျမမျက်ဝန်းမှ စကားသံကို သိတဲ့မောင်က

“ဟုတ်ပါပြီး သဲ ပြန်လာချင်တဲ့အချိန်သာ မောင့်ကို ဖုန်းဆက်လိုက်နော်” တဲ့

ဖေဖေါ်ဝါရီလ (၃) ရက်……………………
ဖေဖေါ်ဝါရီလ (၄) ရက်……………………..
ဖေဖေါ်ဝါရီလ (၅) ရက်………………………
ဖေဖေါ်ဝါရီလ (၆) ရက်……………………
ဖေဖေါ်ဝါရီလ (၇) ရက်……………………..
ဖေဖေါ်ဝါရီလ (၈) ရက်………………………

မိဘတွေရဲ့ ရင်ခွင်ရိပ်မှာ ကျမအေးချမ်းစွာပျော်နေပေမယ့် နေ့စဉ်နဲ့အမျှ မောင့်ကို 

သတိရနေခဲ့ပါတယ်… နေ့စဉ်နေ့တိုင်းလည်း မောင်ကကျမဆီကိုဖုန်းဆက်တယ် 

စကားတွေပြောကြတယ်….

ဖေဖေါ်ဝါရီလ (၉) ရက်…………………… 

ဒီနေ့ မောင်အစောကြီး ဖုန်းဆက်လာတယ်...

“သဲ နေကောင်းလား ကျန်းမာရေးဂရုစိုက်နော် ခြင်ကိုက်မခံနဲ့” တဲ့ ငှက်ဖျားရောဂါ ခံစားဖူးတဲ့ 

ကျမကို စိုးရိမ်စိတ်နဲ့မောင်ကမေးတော့

“ဟုတ်ကဲ့ပါမောင် ကျမနေကောင်းပါတယ် စိတ်မပူနဲ့နော် မောင်ရော 

အစစအရာရာအဆင်ပြေရဲ့လား မောင်လည်း ကျန်းမာအောင်နေနော်”

 တစ်ယောက်ကိုတစ်ယောက် စိုးရိမ်စွာနဲ့ ဂရုတစိုက်မေးကြပေမယ့် “မိန်းမရေ မောင်လွမ်းလှပြီး 

မပြန်လာချင်သေးဘူးလား” လို့ မမေးခဲ့သလို ကျမကလည်း “မောင်ရေ ကျမမောင့်ကိုလွမ်းလှပြီး 

လာခေါ်ပါတော့နော်” လို့ ဘာဖြစ်လို့များ မပြောဖြစ်ကြပါလိမ့်…....။

ဖေဖေါ်ဝါရီလ (၁၀) ရက်……………………
ဖေဖေါ်ဝါရီလ (၁၁) ရက်……………………..
ဖေဖေါ်ဝါရီလ (၁၂) ရက်………………………
ဖေဖေါ်ဝါရီလ (၁၃) ရက်………………………

မောင်နဲ့ စကားမပြောရတာ ဒီနေ့ပါဆို လေးရက်တောင်ရှိသွားပြီပဲ 

မောင်နေများမကောင်းလို့လားအလုပ်များနေလို့များလား… 

မောင့်ဆီဖုန်းဆက်အုံးမှ“မောင်ကျမကိုဘာလို့ ဖုန်းမဆက်တာလဲဟင် 

နေမကောင်းလို့လားမောင့်ကို ကျမစိတ်ပူနေတာ”

 “မောင်နေကောင်းပါတယ်ကွာ အခုလေးပဲ မင်းဆီဖုန်းဆက်မလို့ပါ… ဒီနေ့ရုံးပိတ်ရက်မို့

ကားဝပ်ရှောမှာ ကားပြင်နေတာ အလုပ်ရှုပ်နေလို့ နောက်မှပြန်ခေါ်လိုက်မယ်နော်” ပြောပြီး

ဖုန်းချလိုက်တော့ ကျမစိတ်ထဲမှာ မောင့်အသံက ခါတိုင်းနဲ့မတူပဲ စိမ်းနေတယ်လို့ 

ခံစားမိနေတယ်…

ဒါပေမယ့်လည်း ကျမအထင်ကြီး လေးစားရတဲ့မောင့်အပေါ် နဲနဲလေးမှသံသယမ၀င်မိပဲ

ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားမိတာက.....
“မနက်ဖြန်ဆို ဖေဖေါ်ဝါရီလ (၁၄) ရက် ချစ်သူများနေ့ပဲ ဒီနေ့ မောင်ကားပြင်နေတယ်ဆိုတော့ 

မနက်ဖြန် ကျမကိုလာခေါ်မှာပေါ့… ပြီးရင် နှစ်ယောက်သား အရင်နှစ်တွေကလိုပဲ 

အမှတ်တရပစ္စည်းလေးတစ်ခုခု ၀ယ်ပေးကြမယ်ပေါ့… ပြီးရင် တရုတ်တန်းမှာ 

ကျမတို့ကြိုက်တာလေးတွေ လျှောက်စားကြမယ်ပေါ့… အရင်နှစ်တွေတုန်းက ကျမတို့ထိုင်နေကျ 

ဆိုင်လေးရောက်ရင် တစ်ယောက်ကိုယ်တစ်ယောက် ဘယ်သူအရင်ဦးဆုံးနမ်းမိလဲ 

ပြိုင်ကြမယ်ပေါ့… 

အရင်ဆုံးအနမ်းခံရတဲ့သူက ရှုံးတဲ့အနေနဲ့ နိုင်တဲ့သူကြိုက်နှစ်သက်ရာ 

တစ်မျိုးမျိုးဝယ်ပေးကြေးပေါ့… အဲ့ဒီလိုရိုးရှင်းတဲ့ ပျော်စရာအတွေးလေးတွေနဲ့အတူ 

ဒီနေ့ရက်လေးကို ကြည်နူးစွာ ကုန်ဆုံးစေခဲ့ပါတယ်…...။

          ဖေဖေါ်ဝါရီလ (၁၄)

ကျမမောင့်ကိုမျှော်ရင်းနဲ့ နာရီကိုကြည့်မိတော့ ဟင်… မိုးတောင်ချုပ်တော့မှာပါလား 

အချိန်တွေကုန်သွားပေမယ့် မောင်ရောက်မလာခဲ့ပါဘူး… မိန်းမသားပီပီ သို့လော 

သို့လောဆိုတဲ့အတွေးနဲ့ စိုးရိမ်စိတ်တွေက ငယ်ထိပ်ထိ ရောက်လာခဲ့ပါတယ်… အဲ့လိုစိတ်တွေကို 

ထိန်းချုပ်လို့မရနိုင်တော့တဲ့အဆုံး ကျမမောင့်ဖုန်းနံပါတ်ကို ခေါ်လိုက်မိပါတော့တယ်… 

“မောင်ဖုန်းမဆက်လို့ စိတ်ပူနေတာ မောင် နေမှကောင်းရဲ့လား အခုမောင်ဘယ်မှာလဲဟင် 

ကျမမောင့်ကိုလွမ်းနေတာ... မောင် ဒီနေ့ဘာနေ့လဲသိလား... ကျမမောင့်ကိုတစ်နေကုန် 

မျှော်နေတာ... ကျမကိုလာခေါ်တော့နော်” လို့ရင်ထဲကဆန္ဒရှိတဲ့အတိုင်း ဖွင့်ပြောလိုက်ပေမယ့် 

မောင့်ဘက်ကတော့ တိတ်ဆိတ်နေခဲ့ပါတယ်…  ခဏကြာတော့မှ ကျမမယုံနိုင်လောက်တဲ့ 

မောင့်ရဲ့ ရက်စက်တဲ့စကားသံတွေကို နားနဲ့ဆက်ဆက်ကြားလိုက်ရတယ် ...

 “ဟုတ်တယ် ဒီနေ့ချစ်သူများနေ့ဆိုတာငါသိတယ် အဲ့ဒါကြောင့် ငါချစ်တဲ့သူနဲ့ 

ခုလိုအမှတ်တရနေ့မှာ 

 အမှတ်တရဖြစ်အောင်လက်ထပ်လိုက်ပြီး... အခုငါတို့ချောင်းသာကမ်းခြေမှာ 

အရမ်းပျော်နေကြတယ်... မင်းလည်းအဆင်ပြေသလိုနေပါတော့... မင်းကိုငါလာခေါ်ဖို့ 

အစီအဉ်လုံးဝမရှိဘူး ဘယ်တော့မှ လာခေါ်မှာလည်းမဟုတ်ဘူး… အကြောင်းမရှိအကြောင်းရှာပြီ 

စိတ်ပူနေတက်တဲ့ မင်းရဲ့အနားမှာနေရတာ ပူလောင်သလို မင်းလည်းပင်ပန်းပါတယ်ကွာ… 

ငါ့ကိုမေ့လိုက်ပါတော့နော်… ထပ်ပြီးလည်း မနှောင့်ယှက်ပါနဲ့… မင်းကိုယ်မင်းပဲ ဂရုစိုက်ပါ ဒါပဲ” 

ဆိုပြီး မောင်ဖုန်းပိတ်လိုက်ပါတော့တယ်…
          
 ဟင်... ကျမကောင်းကင်ကြီး ပြိုလဲပျက်စီးသွားပြီလား ကျမချစ်တဲ့မောင်က ကျမကို 

ဒီလိုရက်စက်တဲ့စကားမျိုးပြောမှာမဟုတ်ဘူး... ခုလိုကျမကိုပြောသွားတာ မောင်မဟုတ်ဘူး...

ကျမအိပ်မက် မက်နေတာနေမှာပါ… ဟုတ်တယ် ဒါအိပ်မက်ပဲဖြစ်မှာ အိမ်မက်ပဲဖြစ်ပါစေ 

အိမ်မက်ပဲဖြစ်ပါစေ… ရင်ထဲမှာအခါခါဆုတောင်းရင်း ကျမနှလုံးသားလေး 

မောပန်းလာတဲ့ခဏမှာတော့…..........
           
ကျမဆေးခန်းတစ်ခုမှာ ရောက်နေတာပါလား… ပြီးတော့ စိုးရိမ်တဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့ 

ကျမချစ်တဲ့မောင်… သေချာပြီပေါ့ ဒီအဖြစ်အပျက်တွေက ကျမအိပ်မက်မက်နေခဲ့တာပေါ့… 

အမလေး တော်ပါသေးရဲ့ အိမ်မက်ထဲမှာပဲ အိပ်မက်ဖြစ်ပါစေလို့ ဆုတောင်းလိုက်မိတဲ့ 

ကျမဆုတောင်းလေးပြည့်တာပေါ့နော်... ဒါတစ်ကယ်ကြီး 

မဟုတ်ခဲ့ဘူးပေါ့နော်…....

မောင့်အလုပ်ကပြန်လာတော့ အခန်းထဲမှာ သတိလစ်နေတဲ့ ကျမကိုတွေတာတဲ့... အဲ့ဒါနဲ့ 

အရမ်းစိတ်ပူပြီး 
 
ဆေးရုံရောက်လာတာပါတဲ့… ကျမအဖြစ်က အိမ်မက်ဆိုးထဲမှာ စိတ်ထိခိုက်ပြီး ငိုရလွန်းလို့ 

သတိလစ်သွားတာတဲ့… ကျမအိမ်မက်ကို ပြောပြလိုက်တော့ မောင်က သက်ပြင်းရှည်ကြီး တစ်ခုကို 

ချလိုက်တာ ကျမတွေ့လိုက်ရတယ်… အိပ်မက်ထဲမှာ မောင်ရက်စက်စွာပြောခဲ့တဲ့ 

(အကြောင်းမရှိအကြောင်းရှာပြီး

စိတ်ပူနေတက်တဲ့ မင်းရဲ့အနားမှာနေရတာ ပူလောင်သလို မင်းလည်းပင်ပန်းပါတယ်ကွာ) 

ဆိုတဲ့စကားကို ကြားယောင်မိရင်း 

ကျမသိလိုက်တယ်... အစွဲအလန်းကြီးပြီး အစိုးရိမ်လွန်တက်တဲ့ 

 ကျမရဲ့စိတ်ကို ပြုပြင်ထိန်းချုပ်ရတော့မယ်ဆိုတာ ကျမနားလည်လိုက်တယ်… အိမ်မက်ဆိုးက 

ကျမကို သတိပေးတာပါလားလို့ကျမသိလိုက်တယ်… အိမ်မက်ဆိုတာ စိတ်ရဲ့အစွဲအလန်းကြောင့် 

မက်နိုင်သလို တစ်ခါတစ်ရံမှာ အိမ်မက်ဆိုးက တစ်ကယ်ဖြစ်လာနိုင်လို့ နိမိတ်ပြတဲ့အနေနဲ့လည်း 

မက်တက်တယ်လို့ ကျမကြားဖူးတယ်... ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းလူတိုင်းက အိပ်မက်လှလှပဲ 

မက်ချင်ကြပါတယ်... တစ်ကယ်လို့များ စွဲလန်းစိတ်တစ်ခုခုကြောင့် အိပ်မက်ဆိုးမျိုး 

မက်ခဲ့မယ်ဆိုရင်လည်း ကျမလို သတိလစ်မေ့မျှောသွားတဲ့အထိ မဖြစ်စေပဲ ထိုအိပ်မက်ဆိုးမှ 

အမြန်ဆုံး လန့်နိုးနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းရင်း..........။

                                                             အားပေးသူ သူငယ်ချင်းမိတ်ဆွေများကို 
                                                           အစဉ်လေးစားချစ်ခင်လျက်
                                                             လေပြေချို (12:00PM)

Tuesday, February 19, 2013

ခွဲခွာချိန်


သီချင်းတစ်ပုဒ်ရဲ့ နောက်ဆုံးအပိုဒ်ကို
စွဲလန်းလို့အဖန်ဖန်ဆို ထပ်တလဲလဲသီဆိုနေလည်း
ရင်ထဲမှာပြည့်ကျပ်နေတဲ့ စာသားတစ်ချို့က
ဘာလို့များ နှုတ်ဖျားထိ
ရောက်ရှိလို့ မလာရတာလဲ…..။

ပဉ္စလက်ဆန်တဲ့ ဂီတာတစ်လက်နဲ့
ဒီသီချင်းလေးကို ရူးသွပ်စွာသီဆို
သီဆိုရင်း အသံပျောက်တော့
အားတင်းကာဆိုခွင့်ရဲ့ နောက်ကွယ်က
ကြွေတစ်ချို့ဝေတစ်ချို့ နေ့ရက်တို့ကြား
ဖြေသိမ့်မရခဲ့တဲ့ ရှိုက်သံသဲ့သဲ့ကို
ဘယ်သူကများ ကြားနိုင်မလဲလေ…..။

ဝေဒနာတွေ သိုဝှက်ထားရာ
ဟင်းလင်းပြင် ကောင်းကင်ဆီက
မိုးသားတွေ ရန်ညှိုးဖွဲ့တော့
အနာဂါတ်သံစဉ်တွေလည်း အကျည်းတန်
မလိုလားမှုတွေလည်း အနှေးနဲ့အမြန်
အခုလို မနက်ခင်းလေးလည်း
ပိုပြီးတော့ အလင်းမဲ့နေပြန်…..။

ဟန်ဆောင်မှုတွေ ဆူညံနေတဲ့
အလွမ်းသွန်ရာ ကမ်းလွန်ပင်လယ်ပြင်ကြီးဆီမှ
ကူးစက်လွယ်တဲ့ ဝေဒနာလှိုင်းတွေက
နောက်ပြောင်သလို ကျီဆယ်လေတော့
ခပ်ပါးပါး အမုန်းနောက်ကွယ်က
အပြုံးမဲ့နေတဲ့ ငါ့ရယ်သံတွေလည်း
အသက်မဲ့နေခဲ့တယ်…..။

တိတ်ဆိတ်တဲ့ နေ့ရက်တွေမှာ
ရွေးသီခဲ့တဲ့ မျှော်လင့်ချက်တွေက
မျက်ဝန်းထဲမှာပဲ အကြိမ်ကြိမ်သေဆုံးခဲ့ပြီ….

အေးစက်လွန်းတဲ့ ညနက်တွေမှာလည်း
တိမ်ဖြိုမိုးက ရင်ဘက်မှာငိုလို့
ခွဲခွာချိန်ရဲ့ တစ်ခဏမှာ
ငါလေ….
ဖိုးလမင်းနဲ့ ရန်တွေဖြစ်လိုက်
ကြယ်စင်တွေနဲ့ ရန်ဖြစ်လိုက်
တိမ်တိုက်တွေနဲ့ ရန်ဖြစ်လိုက်
နေ့ရက်တွေနဲ့ ရန်ဖြစ်လိုက်
နာရီလက်တံတွေနဲ့ ရန်ဖြစ်လိုက်ပေါ့
ဒီကြားထဲ…
ရောက်မလာသေးတဲ့ အနာဂါတ်သန္ဓေသားလောင်းက
ငါတို့ ခွဲခွာရမယ့်အကြောင်း
အပ်ကြောင်းထပ် လှမ်းပြောနေလိုက်သေးတယ်…။