1. 1. 1.

Showing posts with label လျှပ်တပြက်စာမူများ. Show all posts
Showing posts with label လျှပ်တပြက်စာမူများ. Show all posts

Monday, March 11, 2013

အိပ်မက်ထဲမှ အိပ်မက်ဆုတောင်း

                           ကမ်းခြေရဲ့ သာယာလှပပုံကို နှစ်ယောက်သားငေးကြည့်ရင်း မောင်က

“သဲ ဒီမှာခဏနေခဲ့နော် မောင် အုန်းစိမ်းရည်သွားဝယ်လိုက်အုံးမယ်”

“ကြာမှာလားမောင်” ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကြည့်နေမိတဲ့ ကျမအကြည့်ကို သိနေတဲ့မောင်က

“မကြာပါဘူးသဲရယ် ဘာမှမကြောက်နဲ့ မောင် အုန်းစိမ်းမှာပြီးတာနဲ့ ပြန်လာခဲ့မယ်ဗျာ 

ဟုတ်ပြီလား”

မောင်ထွက်သွားတုန်းတခဏမှာ ကျမရဲ့အားငယ်တက်တဲ့စိတ်ကိုမေ့နိုင်ဖို့အတွက် ပင်လယ်ကြီးနဲ့ 

ကောင်းကင်ရဲ့ ဟိုး… ဝေးဝေးတစ်နေရာမှာ လှပစွာထိစပ်နေတဲ့ အနားသက်မျဉ်းကြောင်းလေးဆီ 

ကျမအာရုံကိုလွဲပြောင်းထားလိုက်ပါတယ်… ပင်လယ်ပြင်ကြီးရဲ့အလှကို မှင်သက်စွာ 

ငေးမောကြည့်နေရင်း ကျမရဲ့အမြင်မှာ ပင်လယ်ကြီးက တဖြည်းဖြည်းနဲ့ မြင့်တက်လာသလို 

ခံစားနေမိတယ်… ငါ့အမြင်တွေမှားတာပဲလေဆိုပြီး မျက်စိနှစ်ဖက်ကို ပွတ်သပ်ရင်းကြည့်ပြန်တော့ 

ဟင်… ကျမအမြင်တွေမမှားပါဘူး… ပင်လယ်ရေပြင်ကြီးက မြင့်တက်လာသလို ပုံပှန်မဟုတ်တဲ့ 

ရေလှိုင်းကြီးတွေကလည်း ဒေါနဲ့မောနဲ့ အားလုံးကိုဝါးမြိုတော့မယ့်ပုံစံအတိုင်း အသံပေးရင်း 

ကမ်းခြေဆီသို့ ဦးတည်ရင်း လာနေပါပြီး… မိနစ်ပိုင်းလေးအတွင်းက ကဗျာဆန်စွာလှပနေတဲ့ 

ကမ်းခြေတစ်ခုလုံးလည်း ၀ရုန်းသုန်းကားနဲ့ ဗြောင်းဆန်လို့နေတယ်… ကျမရဲ့ 

ထိန့်လန့်တုန်လှုပ်နေတဲ့စိတ်ကို စုစည်းထိန်းချုပ်ရင်း မျက်ဝန်းအစုံက မောင့်ကိုပဲ 

ရှာနေမိတော့တယ်… မောင်ဘယ်တွေသွားနေတာလဲ… ကျမကိုတစ်ယောက်ထဲထားခဲ့ပြီး 

ဘယ်တွေသွားနေတာလဲ… ရက်စက်လိုက်တာမောင်ရယ်… ကျမအနားကို 

ပြန်လာပါတော့ ကျမအရမ်းကြောက်နေမိတယ်… တစ်ယောက်တည်း အရူးတစ်ယောက်လို 

ပြောနေမိရင်း မကြာခင်မှာ ဒီရေလှိုင်းကြီးတွေက ကျမကို ၀ါးမျိုတော့မှာ… စိတ်ပျက်အားငယ်စွာနဲ့ 

ဘာမှမတက်နိုင်တော့တဲ့အဆုံး မောင်အန္တရာယ်ကင်းဘေးရှင်းပါစေလို့ မေတ္တာပို့ရင်း 

တဝေါဝေါလာနေတဲ့ ရေလှိုင်းတွေကို မမြင်အောင် ကျောပေးရပ်နေလိုက်တော့တယ်… 

ခဏအကြာမှာတော့ “၀ုန်း” ဆိုတဲ့အသံနဲ့အတူ တစ်ယောက်ယောက်က ဆွဲခါလိုက်သလို 

ကျမအိပ်ရာမှ လန့်နိုးလာခဲ့ပါတယ်… ကျမအိမ်မက်မက်နေတာပါလား ဟူး.. တော်သေးတာပေါ့… 

ပါးပြင်မှာလဲ မျက်ရည်အရွှဲသားနဲ့ ၀မ်းနည်းစွာငိုနေတဲ့ကျမကို မောင်ကသူ့ရင်ခွင်ထဲ ဖက်ထားရင်း

 “ဘယ်လိုအိမ်မက်မျိုးတွေမက်လို့ အခုလို ရှိုက်ကြီးတငင်ငိုရတာလဲ သဲရယ် ကိုယ်သာမနှိုးရင် 

ဘယ်အချိန်ထိ ဆက်ငိုနေမလဲမသိဘူး ကိုယ်မရှိရင် ဘယ်လိုလုပ်မလဲပြော” ဆိုပြီး အမှုမဲ့အမှတ်မဲ့ 

ပြောလိုက်ပေမယ့် “ကိုယ်မရှိရင်ဘယ်လိုလုပ်မလဲပြော” ဆိုတဲ့စကားကြောင့်

“မောင် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကျမကိုပြစ်မသွားပါနဲ့နော် ကျမကြောက်လို့ပါ့ 

ကျမတောင်းပန်ပါတယ် ကျမလေ အခုလိုအိမ်မက်မျိုး ဘာဖြစ်လို့ ခဏခဏမက်နေတာလဲမသိဘူး 

မောင်ရယ် အိမ်မက်တိုင်းမှာလဲ မောင်ကကျမကို အမြဲတစ်ယောက်တည်း ထားခဲ့တယ်” လို့ 

ကျမ၀မ်းနည်းစွာပြောတော့ မောင်က

“အော် စိုးရိမ်တက်ပါကောသဲရယ် အဲ့ဒါအစွဲအလန်းကြောင့်ပေါ့ သူငယ်ချင်းတွေကစတာကို 

အစွဲအလန်းကြီးတဲ့ မောင့်မိန်းမက စိတ်ထဲမှာမှတ်ထားတော့ အဲ့ဒီအစွဲအလန်းကြောင့် 

မက်တာနေမှာပေါ့… မောင်ချစ်လို့ယူထားတဲ့မိန်းမကို အဲ့ဒီလို ထားသွားစရာလား 

သဲကိုဘယ်တော့မှ 

တစ်ယောက်ထည်းမထားခဲ့ဘူး မောင်ဘယ်သွားသွားခေါ်သွားမယ် ဘယ်လိုအခြေအနေဖြစ်ဖြစ် 

သဲအနားမှာ မောင်အမြဲရှိမယ် မောင်ကတိပေးတယ်… မောင့်ကိုယုံတယ်ဆို 

စိတ်ချလက်ချအိပ်နော်” လို့ပြောပေမယ့် ကျမရင်မောစွာနဲ့ အဲ့ဒီအိမ်မက်အကြောင်း 

စဉ်းစားနေမိသေးတယ်....။


***************************************

မိဘမေတ္တာရိပ်အောက် အေးချမ်းစွာနေခဲ့ရတဲ့ကျမက ၅၂၈ မေတ္တာကလွဲပြီး ၁၅၀၀ ဆိုတာကို 

ဘာမှန်းမသိခင်မှာ မိဘတွေက မောင်နဲ့ကျမကို နေရာချပေးခဲ့တယ်… မောင့်ကို တစ်ခါမှ 

မမြင်ဖူးပေမယ့် စတွေ့လိုက်တဲ့အချိန်မှာပဲ ကျမရဲ့ အရင်းနှီးဆုံး 

သွေးရင်းသားရင်းတစ်ယောက်လို ခင်မင်နေခဲ့မိတယ်… တဖြည်ဖြည်းနဲ့ အနေနီးစပ်ရင်း 

မမြင်နိုင်တဲ့ 

သံယောဇဉ်ကြိုးတွေနဲ့ မောင့်ကို ကျမ တွယ်တာနေခဲ့မိတယ်လေ… မိဘတွေနဲ့ ဝေးနေလို့ 

အားငယ်တက်တဲ့ကျမကို မောင်က အလုံးစုံသောမေတ္တာတွေနဲ့ နွေးထွေးမှုတွေ ပေးခဲ့ပါတယ်… 

တစ်ခါတစ်လေ မောင်အလုပ်ပိတ်တဲ့ရက်တွေဆို ကျမကို တစ်နေကုန် စနောက်နေတက်တယ်… 

အားငယ်ပြီး အစွဲအလန်းကြီးတက်တဲ့ ကျမစိတ်ကို သိနေတဲ့မောင်က

 “မောင်မရှိရင် ဘယ်လိုနေမလဲ… မောင်သဲကို ထားသွားရင် ဘယ်လိုလုပ်မလဲ” ဆိုပြီး 

ကျမငိုအောင်စနေမှန်းသိပေမယ့် မောင်အဲ့လိုတစ်ခါပြောတိုင်း ကျမရင်မှာ 

တစ်ခါနာကျင်ခံစားရလို့ စိတ်မကောင်းစွာနဲ့ ချုံးပွဲချငိုမိပါတော့တယ်… မောင်က 

ကျမကျေနပ်လောက်တဲ့ထိ ပြန်ချော့ပေမယ့် အဲ့ဒီစကားက ကျမရင်ထဲ စွဲကျန်နေတက်တယ်လေ…

 တစ်ခါတစ်လေ သူငယ်ချင်းတွေအိမ်လာလည်လို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေကြတဲ့ 

အိမ်ထောင်ရေးအကြောင်းတွေ ပြောမိတိုင်း ကျမစိတ်ထဲ ကိုယ်တိုင်ခံစားရသလို 

သနားနေတက်တယ်… အချိန်တန်လို့ သူငယ်ချင်းတွေပြန်သွားပေမယ့် 

သူတို့ပြောပြတဲ့အကြောင်းအရာတွေကို မေ့ပြစ်လို့မရနိုင်ပဲ တွေးနေတက်တာ 


ကျမရဲ့အစွဲအလန်းကြီးတက်တဲ့ စိတ်ကြောင့်လား… ကျမအမျိုးမျိုး ကြားဖူးနေတယ်လေ.. 

အိမ်မက်ဆိုတာ စိတ်ရဲ့အစွဲအလန်းကြောင့် မက်ရတာတဲ့ တစ်ချို့ကလည်း ရောက်မလာသေးတဲ့ 

အနာဂါတ်ကို ကြိုတင်နိမိတ်ပြတဲ့အနေနဲ့ မက်တာတဲ့… ကျမလေ အခုလိုခဏခဏမက်နေတဲ့ 

အိပ်မက်မျိုးကြောင့် ပင်ပန်းနေသလို အဲ့လိုအိပ်မက်မျိုး နောက်ထက်မက်မှာကို 

ကြောက်နေမိတယ်… အိပ်ရာဝင်တိုင်းလည်း အိပ်မက်လှလှမမက်ရင်နေပါစေ အိပ်မက်ဆိုးမျိုး 

မမက်ပါစေနဲ့လို့ အခါခါဆုတောင်းနေမိတယ်… အိပ်ရာဝင်ခါနီးမှာ ဘာမှမစဉ်းစားပဲ 

အိပ်နိုင်အောင်ကြိုးစားပေမယ့် အချိန်တန်ရင် မက်နေကျအိပ်မက်က ကျမစိတ်ကို 

အမြဲခြောက်လှန့်နေခဲ့ပါတယ်….။

**********************************************

ဖေဖေါ်ဝါရီလ (၂) ရက်နေ့

ကျမအိမ်ထောင်ကျပြီးကတည်းက မိဘတွေနဲ့ ဝေးနေခဲ့တာ ၃ နှစ်ပြည့်ခဲ့ပါပြီး… မေမေ့ကို 

လွမ်းနေတာတော့အမှန်ပါပဲ… ဒီနေ့တော့ ကျမချစ်တဲ့မောင်က ဘာစိတ်ကူးပေါက်လဲမသိဘူး 

ကျမကိုမေးတယ်

 “သဲရေ… တစ်ရက်တစ်ရက် အိမ်မှုကိစ္စတွေနဲ့ ဗျာများနေတာ ငြီးငွေ့နေတော့မှာပဲနော်… 

စိတ်ပြေလက်ပျောက်ဖြစ်အောင် သဲရဲ့မိဘတွေဆီ အလည်မပြန်ချင်ဘူးလား… 

ဖေဖေမေမေတို့လည်း သဲကို သတိရနေမှာပေါ့” တဲ့ ကျမစိတ်ကိုသိနေတဲ့အတွက် မောင့်ကို 

ပိုလို့မြတ်နိုးမိပေမယ့် “ခဏလေးဖြစ်ဖြစ် မောင်နဲ့ခွဲမနေချင်ဘူးမောင်ရယ် ကျမနဲ့အတူမောင်ရော 

မေမေ့အိမ်မှာ ခဏလိုက်နေပေးပါလားဟင်”

 “လိုက်နေချင်တာပေါ့မိန်းမရယ် မောင့်အလုပ်က ထားခဲ့လို့မှမရတာ သဲလဲအသိပဲမဟုတ်လား 

သဲမိဘအိမ်မှာ ပျော်သလောက်နေနော် မောင့်ကို ဘာမှစိတ်မပူနဲ့ သဲပြန်လာချင်တဲ့အချိန်မှ 

မောင့်ကိုဖုန်းဆက်လိုက် မောင်လာခေါ်မယ် ဟုတ်ပြီလား ”

“ဟုတ်ကဲ့ပါမောင်” လို့ ပြောလိုက်ပေမယ့် တစ်ခါမှ မောင်နဲ့ အခုလိုအကြာကြီးခွဲပြီး မနေဖူးတော့ 

ကျမရင်ထဲ ၀မ်းနည်းလာမိပြန်တယ်… ကျဆင်းလာတဲ့မျက်ရည်စတွေကို မောင်က 

တယုတယသုတ်ပေးရင်း

“မောင့်မိန်းမကလေ ခုချိန်ထိ ခလေးလေးကျနေတာပဲ” ဆိုပြီး ကြင်နာစွာ နဖူးလေးကို 

ဖွဖွလေးနမ်းတော့ ရင်ထဲကြည်နူးမိပေမယ့် ကျမကိုအကြာကြီး ပြစ်မထားပါနဲ့နော်ဆိုတဲ့ 

ကျမမျက်ဝန်းမှ စကားသံကို သိတဲ့မောင်က

“ဟုတ်ပါပြီး သဲ ပြန်လာချင်တဲ့အချိန်သာ မောင့်ကို ဖုန်းဆက်လိုက်နော်” တဲ့

ဖေဖေါ်ဝါရီလ (၃) ရက်……………………
ဖေဖေါ်ဝါရီလ (၄) ရက်……………………..
ဖေဖေါ်ဝါရီလ (၅) ရက်………………………
ဖေဖေါ်ဝါရီလ (၆) ရက်……………………
ဖေဖေါ်ဝါရီလ (၇) ရက်……………………..
ဖေဖေါ်ဝါရီလ (၈) ရက်………………………

မိဘတွေရဲ့ ရင်ခွင်ရိပ်မှာ ကျမအေးချမ်းစွာပျော်နေပေမယ့် နေ့စဉ်နဲ့အမျှ မောင့်ကို 

သတိရနေခဲ့ပါတယ်… နေ့စဉ်နေ့တိုင်းလည်း မောင်ကကျမဆီကိုဖုန်းဆက်တယ် 

စကားတွေပြောကြတယ်….

ဖေဖေါ်ဝါရီလ (၉) ရက်…………………… 

ဒီနေ့ မောင်အစောကြီး ဖုန်းဆက်လာတယ်...

“သဲ နေကောင်းလား ကျန်းမာရေးဂရုစိုက်နော် ခြင်ကိုက်မခံနဲ့” တဲ့ ငှက်ဖျားရောဂါ ခံစားဖူးတဲ့ 

ကျမကို စိုးရိမ်စိတ်နဲ့မောင်ကမေးတော့

“ဟုတ်ကဲ့ပါမောင် ကျမနေကောင်းပါတယ် စိတ်မပူနဲ့နော် မောင်ရော 

အစစအရာရာအဆင်ပြေရဲ့လား မောင်လည်း ကျန်းမာအောင်နေနော်”

 တစ်ယောက်ကိုတစ်ယောက် စိုးရိမ်စွာနဲ့ ဂရုတစိုက်မေးကြပေမယ့် “မိန်းမရေ မောင်လွမ်းလှပြီး 

မပြန်လာချင်သေးဘူးလား” လို့ မမေးခဲ့သလို ကျမကလည်း “မောင်ရေ ကျမမောင့်ကိုလွမ်းလှပြီး 

လာခေါ်ပါတော့နော်” လို့ ဘာဖြစ်လို့များ မပြောဖြစ်ကြပါလိမ့်…....။

ဖေဖေါ်ဝါရီလ (၁၀) ရက်……………………
ဖေဖေါ်ဝါရီလ (၁၁) ရက်……………………..
ဖေဖေါ်ဝါရီလ (၁၂) ရက်………………………
ဖေဖေါ်ဝါရီလ (၁၃) ရက်………………………

မောင်နဲ့ စကားမပြောရတာ ဒီနေ့ပါဆို လေးရက်တောင်ရှိသွားပြီပဲ 

မောင်နေများမကောင်းလို့လားအလုပ်များနေလို့များလား… 

မောင့်ဆီဖုန်းဆက်အုံးမှ“မောင်ကျမကိုဘာလို့ ဖုန်းမဆက်တာလဲဟင် 

နေမကောင်းလို့လားမောင့်ကို ကျမစိတ်ပူနေတာ”

 “မောင်နေကောင်းပါတယ်ကွာ အခုလေးပဲ မင်းဆီဖုန်းဆက်မလို့ပါ… ဒီနေ့ရုံးပိတ်ရက်မို့

ကားဝပ်ရှောမှာ ကားပြင်နေတာ အလုပ်ရှုပ်နေလို့ နောက်မှပြန်ခေါ်လိုက်မယ်နော်” ပြောပြီး

ဖုန်းချလိုက်တော့ ကျမစိတ်ထဲမှာ မောင့်အသံက ခါတိုင်းနဲ့မတူပဲ စိမ်းနေတယ်လို့ 

ခံစားမိနေတယ်…

ဒါပေမယ့်လည်း ကျမအထင်ကြီး လေးစားရတဲ့မောင့်အပေါ် နဲနဲလေးမှသံသယမ၀င်မိပဲ

ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားမိတာက.....
“မနက်ဖြန်ဆို ဖေဖေါ်ဝါရီလ (၁၄) ရက် ချစ်သူများနေ့ပဲ ဒီနေ့ မောင်ကားပြင်နေတယ်ဆိုတော့ 

မနက်ဖြန် ကျမကိုလာခေါ်မှာပေါ့… ပြီးရင် နှစ်ယောက်သား အရင်နှစ်တွေကလိုပဲ 

အမှတ်တရပစ္စည်းလေးတစ်ခုခု ၀ယ်ပေးကြမယ်ပေါ့… ပြီးရင် တရုတ်တန်းမှာ 

ကျမတို့ကြိုက်တာလေးတွေ လျှောက်စားကြမယ်ပေါ့… အရင်နှစ်တွေတုန်းက ကျမတို့ထိုင်နေကျ 

ဆိုင်လေးရောက်ရင် တစ်ယောက်ကိုယ်တစ်ယောက် ဘယ်သူအရင်ဦးဆုံးနမ်းမိလဲ 

ပြိုင်ကြမယ်ပေါ့… 

အရင်ဆုံးအနမ်းခံရတဲ့သူက ရှုံးတဲ့အနေနဲ့ နိုင်တဲ့သူကြိုက်နှစ်သက်ရာ 

တစ်မျိုးမျိုးဝယ်ပေးကြေးပေါ့… အဲ့ဒီလိုရိုးရှင်းတဲ့ ပျော်စရာအတွေးလေးတွေနဲ့အတူ 

ဒီနေ့ရက်လေးကို ကြည်နူးစွာ ကုန်ဆုံးစေခဲ့ပါတယ်…...။

          ဖေဖေါ်ဝါရီလ (၁၄)

ကျမမောင့်ကိုမျှော်ရင်းနဲ့ နာရီကိုကြည့်မိတော့ ဟင်… မိုးတောင်ချုပ်တော့မှာပါလား 

အချိန်တွေကုန်သွားပေမယ့် မောင်ရောက်မလာခဲ့ပါဘူး… မိန်းမသားပီပီ သို့လော 

သို့လောဆိုတဲ့အတွေးနဲ့ စိုးရိမ်စိတ်တွေက ငယ်ထိပ်ထိ ရောက်လာခဲ့ပါတယ်… အဲ့လိုစိတ်တွေကို 

ထိန်းချုပ်လို့မရနိုင်တော့တဲ့အဆုံး ကျမမောင့်ဖုန်းနံပါတ်ကို ခေါ်လိုက်မိပါတော့တယ်… 

“မောင်ဖုန်းမဆက်လို့ စိတ်ပူနေတာ မောင် နေမှကောင်းရဲ့လား အခုမောင်ဘယ်မှာလဲဟင် 

ကျမမောင့်ကိုလွမ်းနေတာ... မောင် ဒီနေ့ဘာနေ့လဲသိလား... ကျမမောင့်ကိုတစ်နေကုန် 

မျှော်နေတာ... ကျမကိုလာခေါ်တော့နော်” လို့ရင်ထဲကဆန္ဒရှိတဲ့အတိုင်း ဖွင့်ပြောလိုက်ပေမယ့် 

မောင့်ဘက်ကတော့ တိတ်ဆိတ်နေခဲ့ပါတယ်…  ခဏကြာတော့မှ ကျမမယုံနိုင်လောက်တဲ့ 

မောင့်ရဲ့ ရက်စက်တဲ့စကားသံတွေကို နားနဲ့ဆက်ဆက်ကြားလိုက်ရတယ် ...

 “ဟုတ်တယ် ဒီနေ့ချစ်သူများနေ့ဆိုတာငါသိတယ် အဲ့ဒါကြောင့် ငါချစ်တဲ့သူနဲ့ 

ခုလိုအမှတ်တရနေ့မှာ 

 အမှတ်တရဖြစ်အောင်လက်ထပ်လိုက်ပြီး... အခုငါတို့ချောင်းသာကမ်းခြေမှာ 

အရမ်းပျော်နေကြတယ်... မင်းလည်းအဆင်ပြေသလိုနေပါတော့... မင်းကိုငါလာခေါ်ဖို့ 

အစီအဉ်လုံးဝမရှိဘူး ဘယ်တော့မှ လာခေါ်မှာလည်းမဟုတ်ဘူး… အကြောင်းမရှိအကြောင်းရှာပြီ 

စိတ်ပူနေတက်တဲ့ မင်းရဲ့အနားမှာနေရတာ ပူလောင်သလို မင်းလည်းပင်ပန်းပါတယ်ကွာ… 

ငါ့ကိုမေ့လိုက်ပါတော့နော်… ထပ်ပြီးလည်း မနှောင့်ယှက်ပါနဲ့… မင်းကိုယ်မင်းပဲ ဂရုစိုက်ပါ ဒါပဲ” 

ဆိုပြီး မောင်ဖုန်းပိတ်လိုက်ပါတော့တယ်…
          
 ဟင်... ကျမကောင်းကင်ကြီး ပြိုလဲပျက်စီးသွားပြီလား ကျမချစ်တဲ့မောင်က ကျမကို 

ဒီလိုရက်စက်တဲ့စကားမျိုးပြောမှာမဟုတ်ဘူး... ခုလိုကျမကိုပြောသွားတာ မောင်မဟုတ်ဘူး...

ကျမအိပ်မက် မက်နေတာနေမှာပါ… ဟုတ်တယ် ဒါအိပ်မက်ပဲဖြစ်မှာ အိမ်မက်ပဲဖြစ်ပါစေ 

အိမ်မက်ပဲဖြစ်ပါစေ… ရင်ထဲမှာအခါခါဆုတောင်းရင်း ကျမနှလုံးသားလေး 

မောပန်းလာတဲ့ခဏမှာတော့…..........
           
ကျမဆေးခန်းတစ်ခုမှာ ရောက်နေတာပါလား… ပြီးတော့ စိုးရိမ်တဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့ 

ကျမချစ်တဲ့မောင်… သေချာပြီပေါ့ ဒီအဖြစ်အပျက်တွေက ကျမအိပ်မက်မက်နေခဲ့တာပေါ့… 

အမလေး တော်ပါသေးရဲ့ အိမ်မက်ထဲမှာပဲ အိပ်မက်ဖြစ်ပါစေလို့ ဆုတောင်းလိုက်မိတဲ့ 

ကျမဆုတောင်းလေးပြည့်တာပေါ့နော်... ဒါတစ်ကယ်ကြီး 

မဟုတ်ခဲ့ဘူးပေါ့နော်…....

မောင့်အလုပ်ကပြန်လာတော့ အခန်းထဲမှာ သတိလစ်နေတဲ့ ကျမကိုတွေတာတဲ့... အဲ့ဒါနဲ့ 

အရမ်းစိတ်ပူပြီး 
 
ဆေးရုံရောက်လာတာပါတဲ့… ကျမအဖြစ်က အိမ်မက်ဆိုးထဲမှာ စိတ်ထိခိုက်ပြီး ငိုရလွန်းလို့ 

သတိလစ်သွားတာတဲ့… ကျမအိမ်မက်ကို ပြောပြလိုက်တော့ မောင်က သက်ပြင်းရှည်ကြီး တစ်ခုကို 

ချလိုက်တာ ကျမတွေ့လိုက်ရတယ်… အိပ်မက်ထဲမှာ မောင်ရက်စက်စွာပြောခဲ့တဲ့ 

(အကြောင်းမရှိအကြောင်းရှာပြီး

စိတ်ပူနေတက်တဲ့ မင်းရဲ့အနားမှာနေရတာ ပူလောင်သလို မင်းလည်းပင်ပန်းပါတယ်ကွာ) 

ဆိုတဲ့စကားကို ကြားယောင်မိရင်း 

ကျမသိလိုက်တယ်... အစွဲအလန်းကြီးပြီး အစိုးရိမ်လွန်တက်တဲ့ 

 ကျမရဲ့စိတ်ကို ပြုပြင်ထိန်းချုပ်ရတော့မယ်ဆိုတာ ကျမနားလည်လိုက်တယ်… အိမ်မက်ဆိုးက 

ကျမကို သတိပေးတာပါလားလို့ကျမသိလိုက်တယ်… အိမ်မက်ဆိုတာ စိတ်ရဲ့အစွဲအလန်းကြောင့် 

မက်နိုင်သလို တစ်ခါတစ်ရံမှာ အိမ်မက်ဆိုးက တစ်ကယ်ဖြစ်လာနိုင်လို့ နိမိတ်ပြတဲ့အနေနဲ့လည်း 

မက်တက်တယ်လို့ ကျမကြားဖူးတယ်... ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းလူတိုင်းက အိပ်မက်လှလှပဲ 

မက်ချင်ကြပါတယ်... တစ်ကယ်လို့များ စွဲလန်းစိတ်တစ်ခုခုကြောင့် အိပ်မက်ဆိုးမျိုး 

မက်ခဲ့မယ်ဆိုရင်လည်း ကျမလို သတိလစ်မေ့မျှောသွားတဲ့အထိ မဖြစ်စေပဲ ထိုအိပ်မက်ဆိုးမှ 

အမြန်ဆုံး လန့်နိုးနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းရင်း..........။

                                                             အားပေးသူ သူငယ်ချင်းမိတ်ဆွေများကို 
                                                           အစဉ်လေးစားချစ်ခင်လျက်
                                                             လေပြေချို (12:00PM)

Thursday, October 11, 2012

ထို့ကြောင့် ဝေးခဲ့ရပါသည်

          လူတစ်ယောက်ရဲ့ နှလုံးသားဆီမှာ ဘယ်အချိန် ဘယ်ကာလရယ်လို့ တိတိကျကျ သက်မှတ်လို့ မရနိုင်တဲ့ တစ်ချိန်ချိန်မှာတော့ အချစ်ဆိုတဲ့အရာက မွေးဖွားဖြစ်တည်လာနိုင်ပါတယ်.. ပျံလွင့်ချင်နေတဲ့ စိတ်ကို စုစည်းထိန်းသိမ်းတဲ့အနေနဲ့ ကျမစိတ်ဝင်စားတဲ့ စာဖတ်ခြင်း၊ စာရေးခြင်း၊ ပန်းချီဆွဲခြင်းတွေကိုပဲ တစိုက်မက်မက်လုပ်လာခဲ့တာ ကြာခဲ့ပြီပေါ့.. ဒါတွေဟာ ကျမအတွက် ကျမငယ်ငယ်လေးကတည်းက ရူးသွပ်လာခဲ့တဲ့ ကျမစိတ်ဝင်စားတဲ့ အလုပ်တွေပါပဲ.. ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေနဲ့ မြင်တွေ့ခဲ့ဖူးတဲ့ သင်္ခန်းစာတွေက ကျမကို ထိန့်လန့်ချောက်ချားစေခဲ့တယ်လေ.. ဒါ့ကြောင့် အရာရာတိုင်းမှာ ဦးနှောက်ကို ရှေ့တန်းတင်ပြီး ပြုမူဆောင်ရွက်တက်တဲ့ စိတ်က ကျမဘ၀လေးကို အထီးကျန်စွာ ဖြတ်သန်းဖို့အတွက် သက်မှတ်ပြဌာန်းပေးခဲ့ပါတယ်... တစ်ကယ်တော့ ကျမလိုပဲ ဦးနှောက်ရဲ့ အမိန့်ပေးခိုင်းစေမှုအောက်မှာ ကျမတို့နှလုံးသားလေးရဲ့ ဆန္ဒတွေအတွက် စွန့်လွှတ်ခဲ့ရသူတွေ လောကကြီးမှာ အနည်းနဲ့ အမျာတော့ ရှိကြလိမ့်မယ်ထင်တယ်နော်.... ထင်တာပါ....
     
          ညင်သာစွာ တိုက်ခတ်နေတဲ့ လေပြချို တွေရဲ့ ရှိုက်နမ်းမှုကြောင့်ပဲလား.. ဟိုးဝေးဝေး ကောင်းကင်ကြီးဆီမှာ ပြုံးပြုံးကလေးသာနေတဲ့ ဖိုးရွှေလမင်းကြောင့်ပဲလား.. လမင်းလေးကို အဖေါ်ပြုလို့ ၀န်းရံကခုန်နေကြတဲ့ မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေကြောင့်လား.. ကျမရဲ့စိတ်ဝိညာဉ်က လွမ်းမောကြည်နူးစရာ ကောင်းလှတဲ့ ဆောင်းညတစ်ညရဲ့ နှောင်ဖွဲ့ရစ်ပတ်မှုတွေကို ကျေကျေနပ်နပ်ကြီး ခါးစည်းခံနေလေရဲ့.... ဒီလိုအချိန်မျိုးမှာ ကျမတစ်ယောက်တည်း အိမ်ရှေ့ကဒါန်းလေးမှာထိုင်ရင်း စိတ်ကူးတွေ ယဉ်ပြစ်နေမိတယ်လေ... အခုလိုဆောင်းညလေးရဲ့ ငွေနှင်းမှုန်တွေကို ထွေးပိုက်ရင်း တစ်ချိန်က ကျမသိပ်မြတ်နိုးရတဲ့ သူတစ်ယောက်ဆီကို စိတ်ဝိညာဉ်တွေက လေပြေချို တွေရဲ့သယ်ဆောင်မှုနဲ့အတူ ငှက်ငယ်တွေလို ပေါ့ပါးလွတ်လပ်စွာ ပျံဝဲသွားချင်တာပေါ့... ဒါဆို သူတို့တွေက ကျမကို ဘယ်လိုပြောကြမလဲ.. ကျမရူးသွပ်နေပြီလား.... သိပ်ဟုတ်တာပေါ့... ခုချိန်မှာ ကျမက အတ္တမဲ့စွာ.. ဆင်ခြင်တုံကင်းမဲ့စွာနဲ့ ရူးသွပ်နေရပြီလေ..........
          ကျမ မှားယွင်းခဲ့တာများလား... မလွန်ဆန်နိုင်ခဲ့တဲ့ ဦးနှောက်ရဲ့ ခိုင်းစေမှုကြောင့် ကျမ နောင်တရနေတာလား..မဟုတ်ဘူး..ကျမ မမှားဘူး...ကျမဆုံးဖြတ်ခဲ့တဲ့ အရာတွေအတွက် နောင်တရ မနေသင့်ဘူး... အိပ်စက်လို့မရတဲ့ ညနက်တွေကို ကုစားဖို့အတွက် ကျမဒီလောက်တောင်  ညံ့ဖျင်းနေရသလား... ကျမအမြတ်တနိုးသိမ်းဆည်းထားတဲ့ စာအုပ်တွေ၊ စိတ်ဝင်တစားရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တွေ၊ ပြီးတော့ ကျမနှစ်နှစ်ကာကာထုဆစ်ထားတဲ့ ကဗျာတွေ သူတို့တွေက ကျမကို လှောင်နေမလား... ကျမရင်ထဲက ပဲ့ကြွေနေတဲ့ အစိတ်အပိုင်းတွေကို သူတို့တွေတွေ့ရင် ကဲ့ရဲ့ကြလိမ့်မယ် နေပါစေတော့.. ကျမ တိတ်တခိုးလေးပဲ လွမ်းနေပါရစေတော့.......
                                    **************************************************
          ငါတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းတစ်လျှောက်မှာ နင့်ကိုစိတ်ညစ်အောင် ငါဘယ်နှခါလုပ်ဖူးလဲ.. ဘယ်တုန်းကများ မယုံသင်္ကာဖြစ်ခဲ့ဖူးသလဲ... တစ်ယောက်နဲ့တစ်ယောက် နားလည်ယုံကြည်မှုတွေနဲ့ နှလုံးသားချင်းပေါင်းစပ်လို့ ဘ၀ရဲ့အဖေါ်မွန်အဖြစ် ငါတို့ကိုယ်တိုင်က ဆုံးဖြတ်သဘောတူခဲ့ကြတယ်လေ.. ငါကနင့်ရဲ့ အချစ်ဦးမဟုတ်ခဲ့ပေမယ့် နင်ကငါ့ရဲ့ ပထမဦးဆုံးချစ်ခဲ့ရတဲ့ အချစ်ဦးပါ... နင်က ငါယုံကြည်လေးစားခဲ့ရတဲ့ ချစ်သူပါ.. ငါ့ရဲ့အရင်းနှီးဆုံး ချစ်သူက ငါမဟုတ်တဲ့ တစ်ခြားသူစိမ်း တစ်ယောက်ကပြောတဲ့ ငါ့ရဲ့အကြောင်းတွေကို ဘာလို့ယုံကြည်လက်ခံရတာလဲ... အဲ့ဒါကို ငါအရမ်းမုန်းတယ်.. နင့်ချစ်သူဖြစ်တဲ့ ငါ့အကြောင်း နင်သိချင်ရင် ပွင့်ပွင့်လင်းလင်း မေးနိုင်ပါတယ်.. ငါတို့နှစ်ယောက်ကြားမှာ အဲ့လိုမေးနိုင်လောက်အောင် ငါ့အကြောင်းတွေကို ဘာတစ်ခုများ ဖုံးကွယ်ထားတာရှိခဲ့လို့လဲ... ဟန်ဆောင်ခြင်းကင်းတဲ့ ငါ့ရဲ့စိတ်ကို နင်သိရဲ့သားနဲ့ဟာ... နင်နဲ့ တစ်ခြားသူတွေအမြင်မှာတော့ ငါတို့နှစ်ယောက်ကို ဝေးသွားစေတဲ့အဲ့ဒီအကြောင်းပြချက်က မခိုင်လုံဘူးဆိုပေမယ့် နင့်ကို ဘ၀ရဲ့လက်တွဲဖေါ်တစ်ယောက်အဖြစ် ရုပ်သိမ်းလိုက်ဖို့ ငါ့ဦးနှောက်က အမိန့်ပေးနေခဲ့တယ်လေ...
          
          တစ်ယောက်ကိုတစ်ယောက် မြင်တွေ့နေပေမယ့် .. အနေနီးနေပေမယ့်.. မခေါ်မပြောတော့ပဲ အရမ်းချစ်တဲ့ ချစ်သူတွေကနေ ဘာမှမဆိုင်တော့တဲ့ သူစိမ်းတွေလိုဖြစ်သွားကြတာ ဘာလိုလိုနဲ့ အတော်တောင် ကြာခဲ့ပြီနော်... ဘာမှမဆိုင်တော့ဘူးဆိုပေမယ့် ရင်းနှီးနှောင်ဖွဲ့လာခဲ့ကြတဲ့ သံယောဇဉ်တွေကြောင့် ငါလေ နင့်ကို တစ်ရာက်ကလေးမှမေ့မရအောင် သတိရနေခဲ့ပါတယ်... ကြည့်စမ်းပါအုံးနော်... ငါ့ရဲ့စိတ်က တစ်ခါတစ်ရံမှာ ချစ်စရာကောင်းလောက်အောင် နူးညံ့သိမ်မွေ့နေတက်ပြီး တစ်ခါတစ်ရံကျပြန်တော့လည်း ကြောက်စရာကောင်းလောက်အောင် ခက်ထန်မာကြောနေလိုက်တာ... ပြတ်သားနေလိုက်တာ... ငါ့ကိုယ်ငါလည်း နားလည်ရခက်ပါတယ်... ငါ့ကိုယ်ငါ လိမ်ညာခဲ့တာလား... ဒါမှမဟုတ် ဦးနှောက်ကို မလွန်ဆန်နိုင်တာလားဆိုတာ အခုချိန်မှာတော့ ဝေခွဲမရ ဖြစ်နေပြီလေ... ဟန်ဆောင်လိမ်ညာမှုတွေထဲမှာ ကိုယ့်နှလုံးသားကို ကိုယ်ကိုယ်တိုင် လိမ်ညာနေတာတော့ တစ်ကယ့်အပြင်းထန် အဆိုးဝါးဆုံးပဲဆိုတာ ငါကြားဖူးခဲ့ပါတယ်....
                                   *********************************************************
          ကျမအသာအယာလေး ဒါန်းပေါ်ကဆင်းပြီး ခြံရှေ့ကို နှေးကွေးတဲ့ခြေလှမ်းတွေနဲ့ လျှောက်လာခဲ့တယ်... အပြင်မှာ လမင်းက ထိန်ထိန်သာနေလိုက်တာ.... ကျမမျက်နှာလေးကို ညင်သာစွာနဲ့ ဖြတ်တိုက်ပြေးဆော့သွားတဲ့ လေပြေချို နဲ့အတူ ပန်းစံပယ်ရနံလေးကို နှလုံးသားထဲထိ ရှူရှိုက်မိလိုက်တယ်... ဟိုးဝေးဝေးက ကောင်းကင်ပြာပြာကြီးဆီမှာတော့ လ၀ါဝါကို အဖေါ်ပြုလို့ လင်းလက်ကခုန်နေတဲ့ ငွေကြယ်ပွင့်တွေက ကျမအတွက်တော့ ကာရံလှတဲ့ ကဗျာတစ်ပုဒ်ကို ထုဆစ်ဖို့ အခွင့်အရေးတွေ ပေးနေလေရဲ့... ပြီးတော့ သစ်ပင်တွေရဲ့ အခက်အလက်ကြားမှာ ရွှန်းလဲ့စွာ ဖြာကျနေတဲ့ လရောင်နဲ့ ဒီညလေးဟာ အရမ်းကို ချစ်စရာကောင်းနေသလို တမ်းတ လွမ်းမောဖွယ်ရာလည်း ဖြစ်နေပြန်သေးတယ်... စာအုပ်တစ်အုပ်မှာ ကျမဖတ်ဖူးတယ်.. လမင်းရဲ့အရောင်ဟာ လူတွေရဲ့စိတ်ကို ပျော့ပြောင်းနူးညံ့စေသလို လှုပ်ရှားယိမ်းယိုင် လွယ်စေတယ်တဲ့လေ... တစ်ကယ့်ကို မှန်နေတာပါပဲလားနော်.....
                             ****************************************************************
          သွားရင်းလာရင်း အမှတ်မထင်တွေ့လိုက်တိုင်း ဟိုးအရင်ကလိုပဲ နွေးထွေးတဲ့အပြုံးလေးနဲ့ နင်က နှုတ်ဆက်တော့ ငါ့ရင်ထဲ ကြည်နူးလိုက်တာဟာ... အဲ့ဒီအပြုံးလေးတွေထဲမှာ “ ငါ့ကိုရှင်းပြခွင့်ပေးပါလား ” ဆိုတဲ့ နင့်ရင်ထဲက တိုးတိတ်စွာတောင်းဆိုနေတဲ့ စကားသံတစ်ချို့ကို ငါကြားသိနေရတယ်ဆို နင်ယုံနိုင်မလား... အဲ့လိုတောင်းဆိုနေတဲ့ နင့်အကြည့်လေးတွေက နင့်ကိုမတွေ့ရတဲ့ရက်ပိုင်းမှာ ကုန်ဆုံးသွားတဲ့ အချိန်တွေနဲ့အတူေ၀၀ါးသွားပြီလို့ ငါထင်နေမိတယ်... အခုဆို ငါနင့်ကို မတွေ့တော့တာ တစ်လလောက်တောင် ရှိတော့မယ်... နင်နေမကောင်းလို့လား၊ တစ်ခုခုများဖြစ်နေလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ နင်ငါ့ကို မေ့သွားမှာလည်း စိုးထိတ်နေမိတယ်လေ... မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးလေးတွေနဲ့ ငါ့ဦးနှောက်ရဲ့ ချုပ်ချယ်မှုအောက်မှာ နလံမထူနိုင်တဲ့ နှလုံးသားလေးကို ငါအရမ်းသနားနေမိတယ်ဟာ... နေသားကျပြီလို့ ထင်ခဲ့မိပေမယ့် ရင်ထဲမှာကိန်းအောင်းနေတဲ့ ငါ့အချစ်တွေကို ဟိုးဝေးဝေးက ကောင်းကင်မှာ ပြုံးပြုံးလေးသာနေတဲ့ ဖိုးရွှေလမင်းလေးက နှလုံးသားလေးရဲ့ ညည်းတွားသံကို သူကြားသွားတယ်ထင်ပါရဲ့... ဒီတစ်ခါတော့ သူ့ကို လွတ်လပ်ခွင့်ပေးလိုက်ပါ ဆိုတဲ့ အမိန့်ပေးတဲ့အသံကို ဒီတစ်ခါတော့ ငါ့ဦးနှောက်က မလွန်ဆန်တော့ပဲ အလွယ်တကူနဲ့ လက်ခံလိုက်မိတော့တယ်ကွယ်...

    
         ဒီနေ့ အလုပ်ပိတ်ရက်မို့ အိမ်မှာ မုန့်ဟင်းခါးချက်စားမယ်လို့ စိတ်ကူးမိရင်း နင့်ကို သတိရလာမိပြန်တယ်... မုန့်ဟင်းခါးစားရင် ငါးပြုတ်ရည်ကျဲကျဲလေးနဲ့ အကြော်မပါဘဲစားတက်တဲ့ နင့်အကြိုက်တွေကို ဟိုးအရင်ကတည်းက နင်မသိအောင် ငါမှတ်ထားခဲ့တာလေ... ဒီနေ့တော့ နင်ကြိုက်တက်တာလေးတွေချက်ပြီး နင့်အိမ်ကို ငါကိုယ်တိုင်လာပို့မယ်ပေါ့... ပြီးတော့ နင့်ကိုတွေ့တိုင်း “ဖြေရှင်းခွင့်ပေးပါလား” ဆိုတဲ့ နင့်ရဲ့အကြည့်တွေကို ငါလက်ခံနားထောင်ရင်း ခွင့်လွှတ်ပေးမယ်ပေါ့... အဲ့ဒီအကြောင်းအရာတွေကို မေ့ပြစ်ကြမယ်ပေါ့... ပြီးတော့ ငါတို့နှစ်ယောက်ရဲ့စိတ်ထဲမှာ အနှောင့်အယှက် ဖြစ်စေမယ့် အရာတွေကို အဝေးဆုံးကို မောင်းထုတ်ပစ်ကြမယ်ပေါ့... ပြီးတော့ နှောင်ဖွဲ့ထားတဲ့သံယောဇဉ် ချစ်ခြင်းတွေနဲ့အတူ ငါတို့နှစ်ယောက် အေးချမ်းတဲ့ဘ၀လေးကို တည်ဆောက်ကြမယ်ပေါ့... အဲ့လိုကြည်နူးစရာ စိတ်ကူးလေးတွေနဲ့အတူ ဆွဲခြင်းလေးကိုင်လို့ ဈေးဝယ်ထွက်လာခဲ့တယ်... ဈေးနားကိုရောက်တော့ နင့်မေမေ ကိုတွေ့တယ်... 
“ဟော...သမီး... ထူးထူးဆန်းဆန်းဈေးလာဝယ်တာပေါ့... မတွေ့တာလဲကြာပြီနော်.. မေမေတို့ကော နေကောင်းကြရဲ့လား”
“ဟုတ်ကဲ့.. ဖေဖေရော မေမေပါ နေကောင်းပါတယ်အန်တီ.. ဒီနေ့ရုံးပိတ်ရက်မို့ အိမ်မှာ မုန့်ဟင်းခါး ချက်စားမလို့လေ...”
“ဟုတ်လား.. ကောင်းတာပေါ့သမီးရယ်.. သမီးသူငယ်ချင်းတောင် ပြောနေသေးတယ်... သမီးချက်တဲ့ မုန့်ဟင်းခါးက အရမ်းစားလို့ကောင်းတာတဲ့လေ.. သမီးသူငယ်ချင်းလည်း အခုတစ်လော အပြင်မထွက်ပဲ အိမ်ထဲမှာပဲ တမှိုင်မှိုင်နဲ့သမီးရေ... သားကိုအားပေးလှည့်ပါအုံး”
“သူဘာဖြစ်လို့လဲဟင်.. နေမကောင်းလို့လား.... သမီးလည်း အလုပ်မအားတာနဲ့ သူနဲ့မတွေ့ဖြစ်တာကြာပြီလေ”
“မဟုတ်ပါဘူး သမီးရယ်.... အန်တီ့မိတ်ဆွေတစ်ယောက်ရဲ့ သမီးနဲ့ သားကို နေရာချထားပေးမလို့ပါ... အဲ့ဒါ သားက အသည်းအသန်ကို ငြင်းနေတာ... အန်တီတို့မှာလည်း မျက်နှာနာစရာကိစ္စလေးက ရှိနေတော့ သားကို မနည်းနားဝင်အောင် ဖျောင်းဖျနေရတယ်ကွယ်... အခုတော့ သားက လက်ခံလိုက်ပါပြီး... မနက်ဖြန် နှစ်ဖက်မိဘတွေနဲ့ စေ့စပ်ပွဲလေးလုပ်ဖို့ ပြောထားတယ်... သမီးလဲ အချိန်ရရင် လိုက်ခဲ့ပါလား”....တဲ့
          အန်တီရဲ့ စကားသံအဆုံးမှာ ကျမနှလုံးခုန်သံက ခေတ္တခဏရပ်တန့်သွားသလို ကောင်းကင်ကြီးတစ်ခုလုံးလည်း ကျမခန္တာကိုယ်ပေါ် ပြိုကျဖိညှစ်လိုက်သလို ခံစားလိုက်ရတယ်... အဲ့ဒီအတွက်လဲ ဘယ်သူ့ကိုမှ ကျမအပြစ်မတင်ချင်ပါဘူး... ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်တုန်းက ငါ့ရဲ့ ကြောင်တောင်တောင် အတွေးအခေါ်တွေကြောင့်  နင်နဲ့ငါ ချစ်သူတွေဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူးလေ... အရာရာအားလုံးက ငါ့ရဲ့ အတ္တတွေပါ... ဒီအဖြစ်အပျက်တွေဟာ ကျမဘ၀မှာ မျှော်လင့်ထားသလို ဖြစ်မလာသလို မျှော်လင့်ချက်ခွန်အားတွေလည်း ချိနဲ့ယိမ်းယိုင်လို့ သွားခဲ့ရပါပြီး... ဘ၀မှာ မျှော်လင့်ချက်တွေ ဆုံးရှုံးလာခဲ့ရင် လူကိုလည်း အန္တရာယ်ပြုလာနိုင်တယ်ဆိုတာ ကျမနားလည်ခဲ့ရပါပြီး...  ဆုံးရှုံးလိုက်ရပြီဆိုမှ နင့်ကို မြတ်နိုးမိခဲ့တဲ့ ဟန်ဆောင်သိုဝှက်လွန်းတဲ့ ငါ့နှလုံးသားရဲ့ ရင်ခုန်သံတွေကို နာကျည်းရွံ့မုန်းလိုက်တာဟာ... အဲ့ဒီလိုဟန်ဆောင်ခြင်းတွေက ငါ့အနားကို ဘာဖြစ်လို့ ဈေးပေါပါနဲ့ ရောက်လာခဲ့ရတာလဲ... ငါ့ရဲ့ဦးနှောက်က နှလုံးသားလေးရဲ့ ကျေးကျွန်ဖြစ်မသွားဖို့အတွက် နင့်အပေါ်ထားတဲ့ အချစ်တွေကို စတေးလိုက်ရပြီလား... ငါ့ရင်ခုန်သံတွေ မှေးမှိန်စေခဲ့ရပြီလား...
          တစ်ကယ်တော့ ကျမဟာ အသွေးအသား နှလုံးသားနဲ့ ခံစားတက်တဲ့ လူသားတစ်ယောက်ပါ... ဆန့်ကျင်ဘက် သူစိမ်းနှစ်ယောက်ရဲ့ ရင်တွင်းမှာ အချစ်ဆိုတဲ့ နူးညံ့တဲ့ တွယ်တာပေါင်းစည်းမှုက ရင်ထဲမှာ တစ်ကယ်ရှိနေပါတယ်ဆိုတာကို လက်ခံယုံကြည်မိချိန်မှာတော့ အရာအားလုံးဟာ ပြန်လည်ပြင်ဆင်ခွင့် မရနိုင်လောက်အောင် ပြီးဆုံးသွားခဲ့ပြီလေ.... 
                   အိပ်ပျက်ညရဲ့ လွမ်းမောဖွယ် အာရုံတွေထဲမှာ နှလုံးသားလေးက မျက်ရည်စတွေနဲ့ပေါ့... တွယ်တာမိခဲ့တဲ့ သံယောဇဉ်တွေရဲ့ ဖိစီးနှိပ်စက်မှုဒဏ်ကို အလူးအလဲခံရင်း အသိအာရုံတွေလဲ ပြိုလဲကြေမွနေခဲ့ရတယ်... ပါးပြင်ကို လက်နှစ်ဖက်နဲ့ အသာအုပ်မိုးမိစဉ်မှာတော့ စွတ်စိုပူနွေးနေတဲ့ မျက်ရည်စတွေက လက်ဖ၀ါးပြင်မှာ စွန်းထင်ပေကျံလို့ပေါ့....
                    အမှတ်မထင် နင်နဲ့တွေ့လာခဲ့ရင် တစ်ချိန်က ငါမြတ်နိုးခဲ့ရတဲ့ နင့်မျက်ဝန်းရဲ့ အကြည့်တွေကို ရင်ဆိုင်ဖို့ သတ္တိခွန်အားမရှိတော့တဲ့အတွက် ငါဆုံးဖြတ်လိုက်ပါပြီး... နင့်ရင်ခွင်ထဲ နွေးထွေးခွင့်မရှိတော့တဲ့ ဘ၀မှာ နင့်နဲ့နီးနေဖို့သတ္တိ ငါ့မှာမရှိတော့လို့ပါ... နင်နဲ့ အဝေးဆုံးတစ်နေရာကို ထွက်သွားပြီး အဲ့ဒီအဝေးတစ်နေရာကပဲ တိတ်တခိုးနဲ့ မြတ်နိုးနေပါရစေနော်...  မျက်ရည်စက်တွေတွဲခိုလို့ လေယာဉ်ကြီးပေါ် လေးလံတဲ့ခြေလှမ်းတွေနဲ့ အားယူတက်ရင်း ပူလောင်ဆူပွက်နေတဲ့ ဒဏ်ရာတွေနဲ့ နင်မမြင်နိုင်တဲ့ တစ်နေရာကနေပဲ နှုတ်ဆက်ခဲ့ပါတယ်... 
           
        တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့မှာ၊ စာအုပ်ပုံတွေရဲ့ကြားမှာ စိတ်တွေကို နှစ်မြုပ်ရင်း ရက်လနှစ်တွေပြောင်း ပြက္ခဒိန်တွေဟောင်းလို့ အချိန်တွေကုန်သွားလိုက်တာ... ဒီနေ့ဆို ချစ်သူလက်ထပ်တာ သုံးနှစ်တိတိပြည့်တဲ့နေပေါ့... ခုချိန်ဆို ချစ်သူက ချစ်ဇနီးလေးကို တယုတယနဲ့ ဖေးမပြီး လရောင်အောက်မှာ လမ်းလျှောက်နေမှာပေါ့... မြတ်ခင်းပြင်စိမ်းစိမ်းလေးပေါ်မှာ တူနှစ်ကိုယ်ထိုင်ရင်း ချစ်စကားတွေ မမောမပန်း ပြောနေမှာပေါ့... ဘယ်လိုဖြစ်ဖြစ် ချစ်သူပျော်ရွှင်ကျေနပ်နေမှာပါ... ချစ်သူပျော်နေပါစေလို့ ကြယ်တွေစုံတဲ့ညတိုင်း ကြွေကျဆင်းသက်နေတဲ့ ကြယ်ဖြူလေးတွေကို သက်သေပြုလို့ ကျမရင်ထဲကနေ အမြဲတမ်း ဆုတောင်းပေးနေမှာပါကွယ်.................          
          
    ကျမ ငယ်စဉ်ကတည်းက ပုံစံခွက်ဘ၀ထဲမှာ စိတ်ရဲ့အလိုဆန္ဒတွေကို ဘေးဖယ်ရင်း ဦးနှောက်တစ်ခုတည်းကိုသာ ဦးစားပေး အကွက်ချစီမံနေတက်လေ့ရှိတဲ့ ဘ၀ကြီးက ဘယ်လောက်များ စိတ်ပျက်ငြီးငွေ့ဖွယ် ကောင်းလိုက်ပါသလဲနော်... တစ်ခါတစ်လေတော့လည်းလေ ခက်ခက်ခဲခဲ ထိန်းချုပ်ထားတဲ့ကြားက ပေါက်ကွဲထွက်လာတဲ့ ချစ်သူကို တမ်းတမ်းတတ လွမ်းဆွတ်သတိရမိခြင်းကိုတော့ ကျမ တားဆီးလို့ မရနိုင်ခဲ့ဘူး... အဲ့ဒီအတွက် ခွင့်လွှတ်ပေးပါချစ်သူ... ဒါက ငြင်းပယ်သင့်တဲ့ အရာဆိုတာ ကျမနားလည်လက်ခံပါတယ်... ကျမ အသက်ရှင်နေသမျှ အလွမ်းဆိုတဲ့ မြစ်ပြင်ကြီးထဲမှာ စီးမျောလို့ ရုပ်ပိုင်းဆိုင်ရာ အောင်မြင်တိုးတက်မှုတွေကို အရယူရင်း စိတ်ပိုင်းဆိုင်ရာကတော့ အားငယ်စွာနဲ့ ချစ်သူကို သတိရတမ်းတ နေမိအုံးမှာပါ.......................
  အသစ်စက်စက် ၀တ္ထုတိုလေးပါ... 

                        စာချစ်သူ သူငယ်ချင်းမိတ်ဆွေများကို အစဉ်လေးစားချစ်ခင်လျက်

                                              လေပြေချို (2:19 PM) ကြာသာပတေးနေ့

Wednesday, September 19, 2012

နံရံတွေလည်း ခြားခဲ့ပြီလေ

         ဒီနေ့ကျမ စူပါမားကတ်တစ်ခုမှာ ဈေးဝယ်ထွက်ရင်း မလှမ်းမကမ်းမှ ကျမကိုလူတစ်ယောက် စူးစိုက်ကြည့်နေမှန်း ကျမသိတာပေါ့... ကျမစိတ်က အလိုလိုကိုသိနေတာ... ဒါနဲ့ ကျမလည်း ကိုယ့်ကိုကြည့်နေတဲ့သူ ဘယ်သူဆိုတာ မသိမသာလေး သတိထားကြည့်မိလိုက်တော့ ဟောတော့...သူပါလား.. ကျမပုံမှန်မဟုတ်တဲ့ ခြေလှမ်းတွေနဲ့ ခပ်သွက်သွက်လေးလှမ်းရင်း ကျမကားဆီကို ရောက်လာခဲ့တယ်.. ကားပေါ်တက် စက်နှိုးပြီး ဘက်ကြည့်မှန်ထဲ ကျမအကြည့်က အလိုလိုရောက်သွားခဲ့တယ်လေ..သူပေါ့ ကျမကို မမှိတ်မသုန်ကြည့်နေပြန်တယ်လေ...သူ့အကြည့်တွေကို ဖယ်ပြီး အိမ်အပြန်လမ်းမှာတော့ အတိတ်ကအရိပ်တစ်ချို့ အတွေးထဲမှာ စီးမျောလို့ပေါ့...
       သူဆိုတာက ကျမတို့ အထက်တန်းကျောင်းသူဘ၀ နယ်မှာတုန်းကပေါ့.. ကျမတို့ရဲ့ ခြံနဲ့ကပ်ရပ်နေတဲ့သူလေ.. ကျောင်းသွားတော့လည်း အတူတူ.. အတန်းတော့မတူပါဘူး.. ကျူရှင်သွားတော့လည်း အတူတူ.. ကျောင်းပြန်လည်းအတူတူ.. ကျောင်းက လေ့လာရေးခရီးသွားတော့လည်း အတူတူပေါ့... တစ်ခါတစ်လေ အကြည့်ချင်းဆုံလို့ ရင်ခုန်ရတာလည်း အတူတူပဲလေ.. အဲ့ဒီလို အတိတ်ရဲ့ အတွေးလေးထဲစီးမျောရင်း ကျမရဲ့ မသိစိတ်ထဲမှာ သံသယတစ်ပိုင်းတစနဲ့ တစ်ချက်ကလေး နောက်ကို စောင်းငဲ့ကြည့်မိတော့ ကားအဖြူရောင်လေးတစ်စီးက နောက်ကနေ လိုက်လာမှန်း သတိထားမိလိုက်တယ်... 
သိပ်သေချာတာပေါ့.. ကျမဘ၀မှာ ပထမဦးဆုံး ရင်ခုန်ခဲ့ရတဲ့သူလေ.. ကျမသိပ်မှတ်မိတာပေါ့.. သူမှန်းသေချာသိတော့ ကျမစိတ်ထဲ ကျိတ်ပြုံးမိတယ်.. သူဒီလို ကျမနောက်လျှောက်လိုက်နေတာ ကျမအကြောင်း မသိသေးလို့ပါ... ကျမ ပြောပြချင်ပါတယ်.. ကျမရဲ့အကြောင်းအကုန်လုံးကိုပေါ့.. ဒါပေမယ့် သူက ကျမကို စကားစမပြောတော့ ခက်ပါတယ်... ဘယ်လိုလုပ်ရမလဲ.. ကျမဘက်က စပြောရအောင်လည်း အရင်ကတည်းက သူနဲ့ ကျမက စကားပြောဖူးတာမှမဟုတ်တာ.. ပြီးတော့ ကျမက မိန်းကလေးပါ...
         ဟော..ကြည့် သူ ကျမကားကို မှီလာပြီ...ကျမကားနဲ့ ဘေးချင်းယှဉ်မောင်းရင်း သူ ကျမကိုကြည့်နေမယ်ဆိုတာ ကျမသိတာပေါ့..ဒီလိုကိစ္စတွေက ကျမအတွက် အစိမ်းသက်သက်မှမဟုတ် တာလေ.. ဒါပေမယ့် ရင်ခုန်သံကတော့ တစ်မျိုးကြီးပဲ...

           **********************************************
         
          သူမကတော့ ဘယ်လိုနေမလဲမသိဘူး.. ကျတော်ကတော့ တစ်ကိုယ်လုံး ထူပူပြီး လေထဲမြောက်တက်နေသလို ခံစားနေရတယ်.. သူမမျက်နှာကို သတိထားမိတာက သူမက ငယ်ငယ်တုန်းကလို မျက်နှာထားက တင်းမနေတော့တာပဲ...ကျောင်းတုန်းကဆို သူမရဲ့မျက်နှာက အမြဲတင်းနေတာဗျ... ဘယ်သူနဲ့မှလည်း သိပ်မရောဘူး..အမြဲတမ်း တည်တည်ကြီးနေတာ... သူမရဲ့ အမူအယာကသာ ခက်ထန်မာကျောတာ.. အတွင်းစိတ်ထားလေးက အရမ်းကိုကျင်နာ သနားတက်တာ ပြီးတော့ သူမရဲ့ အသံလေးက နူးညံ့သာယာသလို သူမရဲ့ လက်လေးတွေ သူမရဲ့ခြေဖ၀ါးလေးတွေကို ဘယ်သူမှမသိအောင် ကျတော် တိတ်တဆိတ်မြတ်နိုးမိခဲ့တာပါ...
        အခုလိုမျိုး စကားမပြောသေးပဲ လျှောက်လိုက်နေလို့မဖြစ်သေးဘူးဆိုတာ ကျတော်သိတာပေါ့.. ခက်တာက တစ်ခြားနေရာတွေမှာသာ စကားသွက်သလောက် သူမနဲ့ပတ်သက်လာရင်တော့ ကျတော့ပါးစပ်က မရဲဘူးဗျ.. ပြီးတော့ ခုလို သူမနောက်ကို လိုက်ပြီး သူမကိုမြင်နေရုံနဲ့တင် ပြောစရာမလိုအောင် ကျတော် ကြည်နူးနေမိတာ..ကျတော် အမှန်အတိုင်းပြောရရင် အခုလို သူ့ကားနဲ့ ယှဉ်မောင်းနေမယ့်အစား ချစ်သူစုံတွဲတွေလို သူနဲ့ကျတော် လက်ချင်းချိတ်ပြီး ယှဉ်တွဲလျှောက်ချင်တာပါ.. သူမကိုကျတော် ကြည့်မိတော့ သူမမျက်နှာက ကျတော့်ကို စိတ်ဆိုးဟန်မရှိသလို ကြည်ဖြူဟန်လဲမပြပဲ ငယ်စဉ်ကအတိုင်း သူမက တည်ငြိမ်စွာပဲဗျ...
      သူမရဲ့ကားလေး လမ်းချိုးကွေ့လေးတစ်ခုထဲသို့ကွေ့အ၀င် ဟော..ဒါသူမတို့ရပ်ကွက်ပဲထင်ပါတယ်. အခုချိန်မှာ ကျတော်သတိထားမိတာက သူမရဲ့မျက်နှာလေး အနည်းငယ်ပျက်နေသလိုပါပဲ.. ကျတော်လဲ အလိုက်သိစွာပဲ ခပ်ခွာခွာကနေပဲ လိုက်ပါတော့တယ်.. ရင်ထဲကစကားသံချင်း ပြင်းထန်စွာတုံ့ပြန်ရင်း သူမနဲ့ကျတော် တိတ်တဆိတ်ပဲပေါ့...
        ဒီလိုနဲ့ သူမက စတိုးဆိုင်လေးတစ်ခုရှေ့မှာ ကားလေးခဏရပ်ပြီး မုန့်လေးတစ်ထုပ် ဆင်းဝယ်တယ်ဗျ.. ကျတော်လည်း ခပ်တည်တည်ပဲ စီးကရက်တစ်လိပ်ဝယ်ပြီး မီးညှိလိုက်တယ်.. သူမလည်း ၀ယ်စရာရှိတာတွေဝယ်ပြီး ကားဆက်မောင်းလာခဲ့တယ်.. လမ်းတွေလည်း တစ်လမ်းပြီးတစ်လမ်း ကျော်လာပါတယ်.. ကျတော်သိချင်နေမိတယ်.. သူမရဲ့အကြောင်းနဲ့ သူမတို့အိမ် ဘယ်အိမ်ဆိုတာကိုလေ..တဖြည်းဖြည်းနဲ့ သူမရဲ့ကားလေး အရှိန်လျှော့လာတယ်.. ပြီးတော့ သူမက ကားထဲကနေပြီး ကျတော့်ကို မျက်စိတစ်ချက်စွေကြည့်တယ်.. “ဘာလဲ ဆက်လိုက်မလို့လား”ဆိုတဲ့အကြည့်ပေါ့..  ဒီလိုနဲ့ ကျတော်လည်း အလိုက်သိစွာပဲရပ်နေလိုက်တယ်..သူမကားလေးလဲ တဖြည်းဖြည်းနဲ့ အိမ်တစ်အိမ်ရှေ့အရောက်မှာ တုံ့ကနဲ့အရပ် “ငါတို့မေမေ ပြန်လာပြီဟေ့” ဆိုပြီး တီတီတာတာနဲ့ ချစ်စရာကောင်းတဲ့ ခလေးငယ်လေးတစ်ယောက် ပြေးအကြိုမှာ သူမလည်း ထိုခလေးငယ်လေးကို ပွေ့ချီပြီး ခုနလေးက၀ယ်လာတဲ့ မုန့်ထုပ်ကလေးကို ပေးလိုက်တယ်...
         ခလေးငယ်လေးလက်ထဲက လှုပ်တုန့် လှုပ်တုန့်နဲ့ မုန့်ထုပ်ကလေးကိုင်ရင်း ပေကလပ် ပေကလပ်နဲ့ကြည့်နေတဲ့ မျက်လုံးလေးတွေက ကျတော့်ကို လှောင်ပြောင်နေသယောင်.. ပြီးတော့ တည်ငြိမ်နေတဲ့ မျက်နှာလေးနဲ့ စောင်းငဲ့ကြည့်လာတဲ့ သူမရဲ့ မျက်ဝန်းက ပြောတဲ့ “အာနာပါတယ်” ဆိုတဲ့ စကားသံလေးကို ကျတော့်နှလုံးသားက ရင်နာနာနဲ့ပဲ လက်ခံမိလိုက်တော့တယ်......************။  

မှတ်ချက်။     ။ ၀ါသနာက တားမရလို့ မအားတဲ့ကြားက အပြေးအလွှား ရေးသားထားခြင်း ဖြစ်ပါသည်။ စိတ်ကူးယဉ်သက်သက်သာ... မည်သူ့ကိုမှ ရည်ရွယ်ခြင်းမဟုတ်ပါ။ တိုက်ဆိုင်မှုလေးများ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေ။ ဆီနီးယာ(Senior)ဘလော့ဂါ မောင်နှမတွေကို အားကျလို့ ရေးသားမိခြင်း ဖြစ်ပါသည်။.. အချိန်ပေးပြီး လာရောက်ဝေဖန်အားပေးတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးအထူးတင်ပါသည်။
                   
                        စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများကို လေးစားချစ်ခင်လျှက်
                                                  လေပြေချို         10:18 PM