1. 1. 1.

Sunday, October 21, 2012

လေပြေချို (၂)

အာရုံဦးရဲ့ ရောင်ခြည်အောက်မှာ
လှပတဲ့ သံစဉ်ချိုတွေနဲ့အတူ
မပြောင်းလဲပဲ အမြဲတည်ရှိနေမယ့်သူ...

အဆုံးအစမဲ့တဲ့ ကောင်းကင်ပြာထဲ
တိမ်လွှာများအကြား ငှက်များနဲ့အတူ
သဘာဝရဲ့တေးသံတွေနဲ့ ထာဝရအသက်ဆက်နေမယ့်သူ...

လွမ်းခြုံထားတဲ့ ငွေနှင်းမှုန်လေးတွေနဲ့အတူ
ပန်းလှပျိုတို့ ယိမ်းနွဲ့စွာကစေဖို့
မငြူစူ ကြည်ဖြူစွာဖေးကူနေမယ့်သူ.....

လေပြင်းကြမ်းကြမ်း မုန်တိုင်းထန်ထန်
အပြုံးမပျက်တဲ့ နှလုံးသားနဲ့
လောကကြီးကို သာယာစေမယ့်သူ...

ကောင်းကင်ပြာပြာအောက်မှာ
လ၀ါဝါကိုမျှော်ငေးရင်း ကြယ်လေးတွေရေတွက်လို့
ကဗျာလေးများနဲ့ ပျော်မွေ့နေမယ့်သူ.....

အဖြူရောင် စာမျက်နှာထက်
ရိုးသားမှုတွေ သီကုံးလို့
မျှော်လင့်ခြင်း အလင်းရောင်တွေနဲ့
အနာဂါတ်ကို လှပစွာထုဆစ်နေမယ့်သူ.....။ 

အမှတ်တရမှတ်ချက်။     ။ဆောင်းဦးရဲ့ လေပြေချိုတွေက ကျမအနားမှာ ပျော်ရွှင်စွာနဲ့ ဝေ့၀ဲတိုက်ခတ်နေတာလေ.. ဟိုအရင်စိတ်နဲ့သာဆိုရင်တော့ ခုန်ပေါက်ပြေးဆော့နေမိမှာ အမှန်ပဲ.. ဒါဆို သူတို့တွေက ဘာပြောကြမလဲ.. ကျမကို သူငယ်ပြန်တယ်လို့ ပြောကြမှာပေါ့.. တစ်ကယ်ပါ..ကျမကိုယ်တိုင်ကလည်း သူတို့ပြောစရာဖြစ်အောင် ဆောင်းရာသီရဲ့ အငွေ့အသက်တွေနဲ့အတူ ငယ်စဉ်က ကလေးတို့ဘ၀မှာ ပျော်ပါးခဲ့တဲ့ အမှတ်တရလေးတွေကို ပြန်တမ်းတနေမိတာကိုး .....

Thursday, October 11, 2012

ထို့ကြောင့် ဝေးခဲ့ရပါသည်

          လူတစ်ယောက်ရဲ့ နှလုံးသားဆီမှာ ဘယ်အချိန် ဘယ်ကာလရယ်လို့ တိတိကျကျ သက်မှတ်လို့ မရနိုင်တဲ့ တစ်ချိန်ချိန်မှာတော့ အချစ်ဆိုတဲ့အရာက မွေးဖွားဖြစ်တည်လာနိုင်ပါတယ်.. ပျံလွင့်ချင်နေတဲ့ စိတ်ကို စုစည်းထိန်းသိမ်းတဲ့အနေနဲ့ ကျမစိတ်ဝင်စားတဲ့ စာဖတ်ခြင်း၊ စာရေးခြင်း၊ ပန်းချီဆွဲခြင်းတွေကိုပဲ တစိုက်မက်မက်လုပ်လာခဲ့တာ ကြာခဲ့ပြီပေါ့.. ဒါတွေဟာ ကျမအတွက် ကျမငယ်ငယ်လေးကတည်းက ရူးသွပ်လာခဲ့တဲ့ ကျမစိတ်ဝင်စားတဲ့ အလုပ်တွေပါပဲ.. ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေနဲ့ မြင်တွေ့ခဲ့ဖူးတဲ့ သင်္ခန်းစာတွေက ကျမကို ထိန့်လန့်ချောက်ချားစေခဲ့တယ်လေ.. ဒါ့ကြောင့် အရာရာတိုင်းမှာ ဦးနှောက်ကို ရှေ့တန်းတင်ပြီး ပြုမူဆောင်ရွက်တက်တဲ့ စိတ်က ကျမဘ၀လေးကို အထီးကျန်စွာ ဖြတ်သန်းဖို့အတွက် သက်မှတ်ပြဌာန်းပေးခဲ့ပါတယ်... တစ်ကယ်တော့ ကျမလိုပဲ ဦးနှောက်ရဲ့ အမိန့်ပေးခိုင်းစေမှုအောက်မှာ ကျမတို့နှလုံးသားလေးရဲ့ ဆန္ဒတွေအတွက် စွန့်လွှတ်ခဲ့ရသူတွေ လောကကြီးမှာ အနည်းနဲ့ အမျာတော့ ရှိကြလိမ့်မယ်ထင်တယ်နော်.... ထင်တာပါ....
     
          ညင်သာစွာ တိုက်ခတ်နေတဲ့ လေပြချို တွေရဲ့ ရှိုက်နမ်းမှုကြောင့်ပဲလား.. ဟိုးဝေးဝေး ကောင်းကင်ကြီးဆီမှာ ပြုံးပြုံးကလေးသာနေတဲ့ ဖိုးရွှေလမင်းကြောင့်ပဲလား.. လမင်းလေးကို အဖေါ်ပြုလို့ ၀န်းရံကခုန်နေကြတဲ့ မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေကြောင့်လား.. ကျမရဲ့စိတ်ဝိညာဉ်က လွမ်းမောကြည်နူးစရာ ကောင်းလှတဲ့ ဆောင်းညတစ်ညရဲ့ နှောင်ဖွဲ့ရစ်ပတ်မှုတွေကို ကျေကျေနပ်နပ်ကြီး ခါးစည်းခံနေလေရဲ့.... ဒီလိုအချိန်မျိုးမှာ ကျမတစ်ယောက်တည်း အိမ်ရှေ့ကဒါန်းလေးမှာထိုင်ရင်း စိတ်ကူးတွေ ယဉ်ပြစ်နေမိတယ်လေ... အခုလိုဆောင်းညလေးရဲ့ ငွေနှင်းမှုန်တွေကို ထွေးပိုက်ရင်း တစ်ချိန်က ကျမသိပ်မြတ်နိုးရတဲ့ သူတစ်ယောက်ဆီကို စိတ်ဝိညာဉ်တွေက လေပြေချို တွေရဲ့သယ်ဆောင်မှုနဲ့အတူ ငှက်ငယ်တွေလို ပေါ့ပါးလွတ်လပ်စွာ ပျံဝဲသွားချင်တာပေါ့... ဒါဆို သူတို့တွေက ကျမကို ဘယ်လိုပြောကြမလဲ.. ကျမရူးသွပ်နေပြီလား.... သိပ်ဟုတ်တာပေါ့... ခုချိန်မှာ ကျမက အတ္တမဲ့စွာ.. ဆင်ခြင်တုံကင်းမဲ့စွာနဲ့ ရူးသွပ်နေရပြီလေ..........
          ကျမ မှားယွင်းခဲ့တာများလား... မလွန်ဆန်နိုင်ခဲ့တဲ့ ဦးနှောက်ရဲ့ ခိုင်းစေမှုကြောင့် ကျမ နောင်တရနေတာလား..မဟုတ်ဘူး..ကျမ မမှားဘူး...ကျမဆုံးဖြတ်ခဲ့တဲ့ အရာတွေအတွက် နောင်တရ မနေသင့်ဘူး... အိပ်စက်လို့မရတဲ့ ညနက်တွေကို ကုစားဖို့အတွက် ကျမဒီလောက်တောင်  ညံ့ဖျင်းနေရသလား... ကျမအမြတ်တနိုးသိမ်းဆည်းထားတဲ့ စာအုပ်တွေ၊ စိတ်ဝင်တစားရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တွေ၊ ပြီးတော့ ကျမနှစ်နှစ်ကာကာထုဆစ်ထားတဲ့ ကဗျာတွေ သူတို့တွေက ကျမကို လှောင်နေမလား... ကျမရင်ထဲက ပဲ့ကြွေနေတဲ့ အစိတ်အပိုင်းတွေကို သူတို့တွေတွေ့ရင် ကဲ့ရဲ့ကြလိမ့်မယ် နေပါစေတော့.. ကျမ တိတ်တခိုးလေးပဲ လွမ်းနေပါရစေတော့.......
                                    **************************************************
          ငါတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းတစ်လျှောက်မှာ နင့်ကိုစိတ်ညစ်အောင် ငါဘယ်နှခါလုပ်ဖူးလဲ.. ဘယ်တုန်းကများ မယုံသင်္ကာဖြစ်ခဲ့ဖူးသလဲ... တစ်ယောက်နဲ့တစ်ယောက် နားလည်ယုံကြည်မှုတွေနဲ့ နှလုံးသားချင်းပေါင်းစပ်လို့ ဘ၀ရဲ့အဖေါ်မွန်အဖြစ် ငါတို့ကိုယ်တိုင်က ဆုံးဖြတ်သဘောတူခဲ့ကြတယ်လေ.. ငါကနင့်ရဲ့ အချစ်ဦးမဟုတ်ခဲ့ပေမယ့် နင်ကငါ့ရဲ့ ပထမဦးဆုံးချစ်ခဲ့ရတဲ့ အချစ်ဦးပါ... နင်က ငါယုံကြည်လေးစားခဲ့ရတဲ့ ချစ်သူပါ.. ငါ့ရဲ့အရင်းနှီးဆုံး ချစ်သူက ငါမဟုတ်တဲ့ တစ်ခြားသူစိမ်း တစ်ယောက်ကပြောတဲ့ ငါ့ရဲ့အကြောင်းတွေကို ဘာလို့ယုံကြည်လက်ခံရတာလဲ... အဲ့ဒါကို ငါအရမ်းမုန်းတယ်.. နင့်ချစ်သူဖြစ်တဲ့ ငါ့အကြောင်း နင်သိချင်ရင် ပွင့်ပွင့်လင်းလင်း မေးနိုင်ပါတယ်.. ငါတို့နှစ်ယောက်ကြားမှာ အဲ့လိုမေးနိုင်လောက်အောင် ငါ့အကြောင်းတွေကို ဘာတစ်ခုများ ဖုံးကွယ်ထားတာရှိခဲ့လို့လဲ... ဟန်ဆောင်ခြင်းကင်းတဲ့ ငါ့ရဲ့စိတ်ကို နင်သိရဲ့သားနဲ့ဟာ... နင်နဲ့ တစ်ခြားသူတွေအမြင်မှာတော့ ငါတို့နှစ်ယောက်ကို ဝေးသွားစေတဲ့အဲ့ဒီအကြောင်းပြချက်က မခိုင်လုံဘူးဆိုပေမယ့် နင့်ကို ဘ၀ရဲ့လက်တွဲဖေါ်တစ်ယောက်အဖြစ် ရုပ်သိမ်းလိုက်ဖို့ ငါ့ဦးနှောက်က အမိန့်ပေးနေခဲ့တယ်လေ...
          
          တစ်ယောက်ကိုတစ်ယောက် မြင်တွေ့နေပေမယ့် .. အနေနီးနေပေမယ့်.. မခေါ်မပြောတော့ပဲ အရမ်းချစ်တဲ့ ချစ်သူတွေကနေ ဘာမှမဆိုင်တော့တဲ့ သူစိမ်းတွေလိုဖြစ်သွားကြတာ ဘာလိုလိုနဲ့ အတော်တောင် ကြာခဲ့ပြီနော်... ဘာမှမဆိုင်တော့ဘူးဆိုပေမယ့် ရင်းနှီးနှောင်ဖွဲ့လာခဲ့ကြတဲ့ သံယောဇဉ်တွေကြောင့် ငါလေ နင့်ကို တစ်ရာက်ကလေးမှမေ့မရအောင် သတိရနေခဲ့ပါတယ်... ကြည့်စမ်းပါအုံးနော်... ငါ့ရဲ့စိတ်က တစ်ခါတစ်ရံမှာ ချစ်စရာကောင်းလောက်အောင် နူးညံ့သိမ်မွေ့နေတက်ပြီး တစ်ခါတစ်ရံကျပြန်တော့လည်း ကြောက်စရာကောင်းလောက်အောင် ခက်ထန်မာကြောနေလိုက်တာ... ပြတ်သားနေလိုက်တာ... ငါ့ကိုယ်ငါလည်း နားလည်ရခက်ပါတယ်... ငါ့ကိုယ်ငါ လိမ်ညာခဲ့တာလား... ဒါမှမဟုတ် ဦးနှောက်ကို မလွန်ဆန်နိုင်တာလားဆိုတာ အခုချိန်မှာတော့ ဝေခွဲမရ ဖြစ်နေပြီလေ... ဟန်ဆောင်လိမ်ညာမှုတွေထဲမှာ ကိုယ့်နှလုံးသားကို ကိုယ်ကိုယ်တိုင် လိမ်ညာနေတာတော့ တစ်ကယ့်အပြင်းထန် အဆိုးဝါးဆုံးပဲဆိုတာ ငါကြားဖူးခဲ့ပါတယ်....
                                   *********************************************************
          ကျမအသာအယာလေး ဒါန်းပေါ်ကဆင်းပြီး ခြံရှေ့ကို နှေးကွေးတဲ့ခြေလှမ်းတွေနဲ့ လျှောက်လာခဲ့တယ်... အပြင်မှာ လမင်းက ထိန်ထိန်သာနေလိုက်တာ.... ကျမမျက်နှာလေးကို ညင်သာစွာနဲ့ ဖြတ်တိုက်ပြေးဆော့သွားတဲ့ လေပြေချို နဲ့အတူ ပန်းစံပယ်ရနံလေးကို နှလုံးသားထဲထိ ရှူရှိုက်မိလိုက်တယ်... ဟိုးဝေးဝေးက ကောင်းကင်ပြာပြာကြီးဆီမှာတော့ လ၀ါဝါကို အဖေါ်ပြုလို့ လင်းလက်ကခုန်နေတဲ့ ငွေကြယ်ပွင့်တွေက ကျမအတွက်တော့ ကာရံလှတဲ့ ကဗျာတစ်ပုဒ်ကို ထုဆစ်ဖို့ အခွင့်အရေးတွေ ပေးနေလေရဲ့... ပြီးတော့ သစ်ပင်တွေရဲ့ အခက်အလက်ကြားမှာ ရွှန်းလဲ့စွာ ဖြာကျနေတဲ့ လရောင်နဲ့ ဒီညလေးဟာ အရမ်းကို ချစ်စရာကောင်းနေသလို တမ်းတ လွမ်းမောဖွယ်ရာလည်း ဖြစ်နေပြန်သေးတယ်... စာအုပ်တစ်အုပ်မှာ ကျမဖတ်ဖူးတယ်.. လမင်းရဲ့အရောင်ဟာ လူတွေရဲ့စိတ်ကို ပျော့ပြောင်းနူးညံ့စေသလို လှုပ်ရှားယိမ်းယိုင် လွယ်စေတယ်တဲ့လေ... တစ်ကယ့်ကို မှန်နေတာပါပဲလားနော်.....
                             ****************************************************************
          သွားရင်းလာရင်း အမှတ်မထင်တွေ့လိုက်တိုင်း ဟိုးအရင်ကလိုပဲ နွေးထွေးတဲ့အပြုံးလေးနဲ့ နင်က နှုတ်ဆက်တော့ ငါ့ရင်ထဲ ကြည်နူးလိုက်တာဟာ... အဲ့ဒီအပြုံးလေးတွေထဲမှာ “ ငါ့ကိုရှင်းပြခွင့်ပေးပါလား ” ဆိုတဲ့ နင့်ရင်ထဲက တိုးတိတ်စွာတောင်းဆိုနေတဲ့ စကားသံတစ်ချို့ကို ငါကြားသိနေရတယ်ဆို နင်ယုံနိုင်မလား... အဲ့လိုတောင်းဆိုနေတဲ့ နင့်အကြည့်လေးတွေက နင့်ကိုမတွေ့ရတဲ့ရက်ပိုင်းမှာ ကုန်ဆုံးသွားတဲ့ အချိန်တွေနဲ့အတူေ၀၀ါးသွားပြီလို့ ငါထင်နေမိတယ်... အခုဆို ငါနင့်ကို မတွေ့တော့တာ တစ်လလောက်တောင် ရှိတော့မယ်... နင်နေမကောင်းလို့လား၊ တစ်ခုခုများဖြစ်နေလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ နင်ငါ့ကို မေ့သွားမှာလည်း စိုးထိတ်နေမိတယ်လေ... မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးလေးတွေနဲ့ ငါ့ဦးနှောက်ရဲ့ ချုပ်ချယ်မှုအောက်မှာ နလံမထူနိုင်တဲ့ နှလုံးသားလေးကို ငါအရမ်းသနားနေမိတယ်ဟာ... နေသားကျပြီလို့ ထင်ခဲ့မိပေမယ့် ရင်ထဲမှာကိန်းအောင်းနေတဲ့ ငါ့အချစ်တွေကို ဟိုးဝေးဝေးက ကောင်းကင်မှာ ပြုံးပြုံးလေးသာနေတဲ့ ဖိုးရွှေလမင်းလေးက နှလုံးသားလေးရဲ့ ညည်းတွားသံကို သူကြားသွားတယ်ထင်ပါရဲ့... ဒီတစ်ခါတော့ သူ့ကို လွတ်လပ်ခွင့်ပေးလိုက်ပါ ဆိုတဲ့ အမိန့်ပေးတဲ့အသံကို ဒီတစ်ခါတော့ ငါ့ဦးနှောက်က မလွန်ဆန်တော့ပဲ အလွယ်တကူနဲ့ လက်ခံလိုက်မိတော့တယ်ကွယ်...

    
         ဒီနေ့ အလုပ်ပိတ်ရက်မို့ အိမ်မှာ မုန့်ဟင်းခါးချက်စားမယ်လို့ စိတ်ကူးမိရင်း နင့်ကို သတိရလာမိပြန်တယ်... မုန့်ဟင်းခါးစားရင် ငါးပြုတ်ရည်ကျဲကျဲလေးနဲ့ အကြော်မပါဘဲစားတက်တဲ့ နင့်အကြိုက်တွေကို ဟိုးအရင်ကတည်းက နင်မသိအောင် ငါမှတ်ထားခဲ့တာလေ... ဒီနေ့တော့ နင်ကြိုက်တက်တာလေးတွေချက်ပြီး နင့်အိမ်ကို ငါကိုယ်တိုင်လာပို့မယ်ပေါ့... ပြီးတော့ နင့်ကိုတွေ့တိုင်း “ဖြေရှင်းခွင့်ပေးပါလား” ဆိုတဲ့ နင့်ရဲ့အကြည့်တွေကို ငါလက်ခံနားထောင်ရင်း ခွင့်လွှတ်ပေးမယ်ပေါ့... အဲ့ဒီအကြောင်းအရာတွေကို မေ့ပြစ်ကြမယ်ပေါ့... ပြီးတော့ ငါတို့နှစ်ယောက်ရဲ့စိတ်ထဲမှာ အနှောင့်အယှက် ဖြစ်စေမယ့် အရာတွေကို အဝေးဆုံးကို မောင်းထုတ်ပစ်ကြမယ်ပေါ့... ပြီးတော့ နှောင်ဖွဲ့ထားတဲ့သံယောဇဉ် ချစ်ခြင်းတွေနဲ့အတူ ငါတို့နှစ်ယောက် အေးချမ်းတဲ့ဘ၀လေးကို တည်ဆောက်ကြမယ်ပေါ့... အဲ့လိုကြည်နူးစရာ စိတ်ကူးလေးတွေနဲ့အတူ ဆွဲခြင်းလေးကိုင်လို့ ဈေးဝယ်ထွက်လာခဲ့တယ်... ဈေးနားကိုရောက်တော့ နင့်မေမေ ကိုတွေ့တယ်... 
“ဟော...သမီး... ထူးထူးဆန်းဆန်းဈေးလာဝယ်တာပေါ့... မတွေ့တာလဲကြာပြီနော်.. မေမေတို့ကော နေကောင်းကြရဲ့လား”
“ဟုတ်ကဲ့.. ဖေဖေရော မေမေပါ နေကောင်းပါတယ်အန်တီ.. ဒီနေ့ရုံးပိတ်ရက်မို့ အိမ်မှာ မုန့်ဟင်းခါး ချက်စားမလို့လေ...”
“ဟုတ်လား.. ကောင်းတာပေါ့သမီးရယ်.. သမီးသူငယ်ချင်းတောင် ပြောနေသေးတယ်... သမီးချက်တဲ့ မုန့်ဟင်းခါးက အရမ်းစားလို့ကောင်းတာတဲ့လေ.. သမီးသူငယ်ချင်းလည်း အခုတစ်လော အပြင်မထွက်ပဲ အိမ်ထဲမှာပဲ တမှိုင်မှိုင်နဲ့သမီးရေ... သားကိုအားပေးလှည့်ပါအုံး”
“သူဘာဖြစ်လို့လဲဟင်.. နေမကောင်းလို့လား.... သမီးလည်း အလုပ်မအားတာနဲ့ သူနဲ့မတွေ့ဖြစ်တာကြာပြီလေ”
“မဟုတ်ပါဘူး သမီးရယ်.... အန်တီ့မိတ်ဆွေတစ်ယောက်ရဲ့ သမီးနဲ့ သားကို နေရာချထားပေးမလို့ပါ... အဲ့ဒါ သားက အသည်းအသန်ကို ငြင်းနေတာ... အန်တီတို့မှာလည်း မျက်နှာနာစရာကိစ္စလေးက ရှိနေတော့ သားကို မနည်းနားဝင်အောင် ဖျောင်းဖျနေရတယ်ကွယ်... အခုတော့ သားက လက်ခံလိုက်ပါပြီး... မနက်ဖြန် နှစ်ဖက်မိဘတွေနဲ့ စေ့စပ်ပွဲလေးလုပ်ဖို့ ပြောထားတယ်... သမီးလဲ အချိန်ရရင် လိုက်ခဲ့ပါလား”....တဲ့
          အန်တီရဲ့ စကားသံအဆုံးမှာ ကျမနှလုံးခုန်သံက ခေတ္တခဏရပ်တန့်သွားသလို ကောင်းကင်ကြီးတစ်ခုလုံးလည်း ကျမခန္တာကိုယ်ပေါ် ပြိုကျဖိညှစ်လိုက်သလို ခံစားလိုက်ရတယ်... အဲ့ဒီအတွက်လဲ ဘယ်သူ့ကိုမှ ကျမအပြစ်မတင်ချင်ပါဘူး... ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်တုန်းက ငါ့ရဲ့ ကြောင်တောင်တောင် အတွေးအခေါ်တွေကြောင့်  နင်နဲ့ငါ ချစ်သူတွေဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူးလေ... အရာရာအားလုံးက ငါ့ရဲ့ အတ္တတွေပါ... ဒီအဖြစ်အပျက်တွေဟာ ကျမဘ၀မှာ မျှော်လင့်ထားသလို ဖြစ်မလာသလို မျှော်လင့်ချက်ခွန်အားတွေလည်း ချိနဲ့ယိမ်းယိုင်လို့ သွားခဲ့ရပါပြီး... ဘ၀မှာ မျှော်လင့်ချက်တွေ ဆုံးရှုံးလာခဲ့ရင် လူကိုလည်း အန္တရာယ်ပြုလာနိုင်တယ်ဆိုတာ ကျမနားလည်ခဲ့ရပါပြီး...  ဆုံးရှုံးလိုက်ရပြီဆိုမှ နင့်ကို မြတ်နိုးမိခဲ့တဲ့ ဟန်ဆောင်သိုဝှက်လွန်းတဲ့ ငါ့နှလုံးသားရဲ့ ရင်ခုန်သံတွေကို နာကျည်းရွံ့မုန်းလိုက်တာဟာ... အဲ့ဒီလိုဟန်ဆောင်ခြင်းတွေက ငါ့အနားကို ဘာဖြစ်လို့ ဈေးပေါပါနဲ့ ရောက်လာခဲ့ရတာလဲ... ငါ့ရဲ့ဦးနှောက်က နှလုံးသားလေးရဲ့ ကျေးကျွန်ဖြစ်မသွားဖို့အတွက် နင့်အပေါ်ထားတဲ့ အချစ်တွေကို စတေးလိုက်ရပြီလား... ငါ့ရင်ခုန်သံတွေ မှေးမှိန်စေခဲ့ရပြီလား...
          တစ်ကယ်တော့ ကျမဟာ အသွေးအသား နှလုံးသားနဲ့ ခံစားတက်တဲ့ လူသားတစ်ယောက်ပါ... ဆန့်ကျင်ဘက် သူစိမ်းနှစ်ယောက်ရဲ့ ရင်တွင်းမှာ အချစ်ဆိုတဲ့ နူးညံ့တဲ့ တွယ်တာပေါင်းစည်းမှုက ရင်ထဲမှာ တစ်ကယ်ရှိနေပါတယ်ဆိုတာကို လက်ခံယုံကြည်မိချိန်မှာတော့ အရာအားလုံးဟာ ပြန်လည်ပြင်ဆင်ခွင့် မရနိုင်လောက်အောင် ပြီးဆုံးသွားခဲ့ပြီလေ.... 
                   အိပ်ပျက်ညရဲ့ လွမ်းမောဖွယ် အာရုံတွေထဲမှာ နှလုံးသားလေးက မျက်ရည်စတွေနဲ့ပေါ့... တွယ်တာမိခဲ့တဲ့ သံယောဇဉ်တွေရဲ့ ဖိစီးနှိပ်စက်မှုဒဏ်ကို အလူးအလဲခံရင်း အသိအာရုံတွေလဲ ပြိုလဲကြေမွနေခဲ့ရတယ်... ပါးပြင်ကို လက်နှစ်ဖက်နဲ့ အသာအုပ်မိုးမိစဉ်မှာတော့ စွတ်စိုပူနွေးနေတဲ့ မျက်ရည်စတွေက လက်ဖ၀ါးပြင်မှာ စွန်းထင်ပေကျံလို့ပေါ့....
                    အမှတ်မထင် နင်နဲ့တွေ့လာခဲ့ရင် တစ်ချိန်က ငါမြတ်နိုးခဲ့ရတဲ့ နင့်မျက်ဝန်းရဲ့ အကြည့်တွေကို ရင်ဆိုင်ဖို့ သတ္တိခွန်အားမရှိတော့တဲ့အတွက် ငါဆုံးဖြတ်လိုက်ပါပြီး... နင့်ရင်ခွင်ထဲ နွေးထွေးခွင့်မရှိတော့တဲ့ ဘ၀မှာ နင့်နဲ့နီးနေဖို့သတ္တိ ငါ့မှာမရှိတော့လို့ပါ... နင်နဲ့ အဝေးဆုံးတစ်နေရာကို ထွက်သွားပြီး အဲ့ဒီအဝေးတစ်နေရာကပဲ တိတ်တခိုးနဲ့ မြတ်နိုးနေပါရစေနော်...  မျက်ရည်စက်တွေတွဲခိုလို့ လေယာဉ်ကြီးပေါ် လေးလံတဲ့ခြေလှမ်းတွေနဲ့ အားယူတက်ရင်း ပူလောင်ဆူပွက်နေတဲ့ ဒဏ်ရာတွေနဲ့ နင်မမြင်နိုင်တဲ့ တစ်နေရာကနေပဲ နှုတ်ဆက်ခဲ့ပါတယ်... 
           
        တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့မှာ၊ စာအုပ်ပုံတွေရဲ့ကြားမှာ စိတ်တွေကို နှစ်မြုပ်ရင်း ရက်လနှစ်တွေပြောင်း ပြက္ခဒိန်တွေဟောင်းလို့ အချိန်တွေကုန်သွားလိုက်တာ... ဒီနေ့ဆို ချစ်သူလက်ထပ်တာ သုံးနှစ်တိတိပြည့်တဲ့နေပေါ့... ခုချိန်ဆို ချစ်သူက ချစ်ဇနီးလေးကို တယုတယနဲ့ ဖေးမပြီး လရောင်အောက်မှာ လမ်းလျှောက်နေမှာပေါ့... မြတ်ခင်းပြင်စိမ်းစိမ်းလေးပေါ်မှာ တူနှစ်ကိုယ်ထိုင်ရင်း ချစ်စကားတွေ မမောမပန်း ပြောနေမှာပေါ့... ဘယ်လိုဖြစ်ဖြစ် ချစ်သူပျော်ရွှင်ကျေနပ်နေမှာပါ... ချစ်သူပျော်နေပါစေလို့ ကြယ်တွေစုံတဲ့ညတိုင်း ကြွေကျဆင်းသက်နေတဲ့ ကြယ်ဖြူလေးတွေကို သက်သေပြုလို့ ကျမရင်ထဲကနေ အမြဲတမ်း ဆုတောင်းပေးနေမှာပါကွယ်.................          
          
    ကျမ ငယ်စဉ်ကတည်းက ပုံစံခွက်ဘ၀ထဲမှာ စိတ်ရဲ့အလိုဆန္ဒတွေကို ဘေးဖယ်ရင်း ဦးနှောက်တစ်ခုတည်းကိုသာ ဦးစားပေး အကွက်ချစီမံနေတက်လေ့ရှိတဲ့ ဘ၀ကြီးက ဘယ်လောက်များ စိတ်ပျက်ငြီးငွေ့ဖွယ် ကောင်းလိုက်ပါသလဲနော်... တစ်ခါတစ်လေတော့လည်းလေ ခက်ခက်ခဲခဲ ထိန်းချုပ်ထားတဲ့ကြားက ပေါက်ကွဲထွက်လာတဲ့ ချစ်သူကို တမ်းတမ်းတတ လွမ်းဆွတ်သတိရမိခြင်းကိုတော့ ကျမ တားဆီးလို့ မရနိုင်ခဲ့ဘူး... အဲ့ဒီအတွက် ခွင့်လွှတ်ပေးပါချစ်သူ... ဒါက ငြင်းပယ်သင့်တဲ့ အရာဆိုတာ ကျမနားလည်လက်ခံပါတယ်... ကျမ အသက်ရှင်နေသမျှ အလွမ်းဆိုတဲ့ မြစ်ပြင်ကြီးထဲမှာ စီးမျောလို့ ရုပ်ပိုင်းဆိုင်ရာ အောင်မြင်တိုးတက်မှုတွေကို အရယူရင်း စိတ်ပိုင်းဆိုင်ရာကတော့ အားငယ်စွာနဲ့ ချစ်သူကို သတိရတမ်းတ နေမိအုံးမှာပါ.......................
  အသစ်စက်စက် ၀တ္ထုတိုလေးပါ... 

                        စာချစ်သူ သူငယ်ချင်းမိတ်ဆွေများကို အစဉ်လေးစားချစ်ခင်လျက်

                                              လေပြေချို (2:19 PM) ကြာသာပတေးနေ့

Monday, October 8, 2012

မေးခွန်းများရဲ့ အခြားတစ်ဖက်မှာ

လောကကြီးက တရားပါတယ်
အပြစ်မမြင်သလို အပြစ်လဲမတင်ချင်ဘူး....

လူသားတွေအပေါ် ဘာ့ကြောင့်
မတူညီတဲ့ရပိုင်ခွင့်တွေ ပေးထားတာလဲ
ပြောပြပေးပါ....

လောကကြီးမှာ ဘာ့ကြောင့်
မတရားမှုတွေက တစ်အားများပြားနေရတာလဲ
ပြောပြပေးပါ.....

လောကကြီးမှာ ဘာ့ကြောင့်
အပြုံးတုတွေက အမြဲဖုံးလွှမ်းနေရတာလဲ
ပြောပြပေးပါ.....

လောကကြီးမှာ ဘာ့ကြောင့်
ဟန်ဆောင်ခြင်းတွေက အရမ်းချမ်းသာနေရတာလဲ
ပြောပြပေးပါ....

တစ်ချို့ကလည်း မေတ္တာတရားကို
စားကြွင်းစားကျန်လို သဘောထား
နေရာတစ်ကာမှာ ပကာသနတွေနဲ့
ချို့တဲ့ရင်ပူနေတဲ့ ကိုယ်ကျင့်တရားတွေကို
အရည်ဖျော်ပြစ်နေကြတာ။

တစ်ချို့ကလည်း အရိပ်ပေးတဲ့သစ်ပင်ကိုမှ
နေအ၀င်မှာ ခြေစုံကန်လို့
မညှာမတာ အခက်တွေချိုး
ရက်စက်မှုဆိုတဲ့ အလွှာတွေနဲ့
သူတို့ရဲ့အသည်းနှလုံး စုံလုံးကန်းနေလိုက်ကြတာ။

တစ်ချို့ကလည်း အတ္တတွေရှေ့မှာချလို့
သူတို့ရဲ့ ခြေဖ၀ါးတွေအောက်
အရာရာကို ငွေနဲ့ပစ်ပေါက်
သိက္ခာတရားဆိုတဲ့ တန်ဘိုးကိုလည်း
တစ်ကယ်ကို ဖြုန်းတီးနေကြတာ။

အမြင်မတော်တဲ့ သကာရုံတွေနဲ့
အလွှာတွေခြုံထားကြတဲ့ မာယာစုံကတော့
တစ်ကယ့် မိုးခါးရေတွေလိုပါပဲ.....

စိုးရမ်စိတ်နဲ့ နေ့ရက်တွေမှာ
ခရောင်းကြမ်းကြမ်း ဆူးခင်းလမ်းမှာ
သွေ့ခြောက်ကုန်ခမ်း မေတ္တာလမ်းမှာ
အဆိပ်တက်နေတဲ့ မျက်ရည်မိုးတိမ်ထဲမှာ
လရောင်ကင်းတဲ့ ညနက်နက်တွေမှာ.....

ငါစိတ်ကြိုက်ရေးဆွဲထားတဲ့ 
တန်ဖိုးမဖြတ်နိုင်တဲ့ အဖြူရောင်ပန်းချီကားလေး
သူ့ရဲ့ နှလုံးအိမ်လေးမှာ
ဒဏ်ရာအစက်အပျောက်တွေနဲ့
ရာဇ၀င် မတွင်ရစ်စေဘို့
မေ့ဆေးပေးလို့ ထားခဲ့တယ်....။
 

Thursday, October 4, 2012

ငါရေးနေတဲ့ ၀တ္ထုရှည်

ငါရေးနေတဲ့ ၀တ္ထုရှည်မှာ...
အတားအဆီးတွေလည်း မလိုချင်ဘူး
အနှောင့်အယှက်တွေလည်း မရှိချင်ဘူး
အခက်အခဲတွေလည်း မကြုံချင်ဘူး

ငါရေးနေတဲ့ ၀တ္ထုရှည်မှာ...
ဆူးခင်းလမ်းလည်း ရင်ဆိုင်မှာပဲ
ခရီးကြမ်းလည်း ဖြတ်သန်းမှာပဲ
ဘ၀ကြမ်းလည်း ဆက်လှမ်းမှာပဲ

ငါရေးနေတဲ့ ၀တ္ထုရှည်မှာ...
တစ်ခါတစ်ခါလည်း မငိုချင်ဘူး
အမြဲတမ်းပျော်ရွှင်စေမယ့် ရသမျိုး...

တစ်ခါတစ်ခါလည်း မလွမ်းချင်ဘူး
ရင်နာစရာတွေဆို မုန်းတက်လို့ပါ....

တစ်ခါတစ်ခါလည်း မဆွေးချင်ဘူး
ရင်ခုန်သံတွေ အကျည်းတန်မှာဆိုးလို့ပါ...

တစ်ခါတစ်ခါလည်း မဝေးချင်ဘူး
ခွဲခွါခြင်းဆိုတာကို မခံစားနိုင်လို့ပါ...

တစ်ခါတစ်ခါလည်း မညာချင်ဘူး
အမှန်တရားကို မြတ်နိုးတက်သူမို့ပါ...

ငါရေးနေတဲ့ ၀တ္ထုရှည်မှာ...
မုသားတွေလည်း မပါသလို
မာယာတွေလည်း သုံးမထားလို့
အများမုန်းလည်း အပြုံးများနဲ့
ဆုံးခန်းတိုင်အောင် ငါရေးနေမယ်။

ငါရေးနေတဲ့ ၀တ္ထုရှည်မှာ...
လှပတဲ့ စိတ်ဝိဥာဉ်ရဲ့ခံစားချက်များ
ချိုသာနက်နဲတဲ့ အပြုံးလေးများ
နူးညံ့ကြင်နာတဲ့ ကိုယ်ချင်းစာတရားများ
ဖြူစင်သန့်ရှင်းတဲ့ ရိုးသားမှုများ
အဆုံးအစမဲ့ မျှော်လင့်ချက်များနဲ့
ဇာတ်သိမ်းပိုင်းလေး ခမ်းနားစေဖို့
ကြိုးစားလို့ ထုဆစ်နေမှာ...။

မှတ်ချက်။     ။ ကြိုးစားပမ်းစား အလုပ်လုပ်နေရင်း မျက်စိညောင်းလို့ အပြင်ခဏထွက်.. အပြာရောင်ကောင်းကင်ကို အကြည့်လေးခဏရောက်တော့ ဒီကဗျာလေး ရေဖို့ အတွေးကရောက်လာတာ.. ကဗျာလေးက ရိုးရိုးလေးပါ.. ပုံရှာနေရင်း ညနေစောင်းသွားရော..:)
အဲ့လိုပဲ ၀တ္ထုတစ်ပုဒ်က ပြီးကိုမပြီးတော့ဘူး... ဟူး..... 

Monday, October 1, 2012

"မင်းကွတ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ"


မင်းကွတ်သီးကို အာရှမှာ ''သစ်သီးတို့ရဲ့ မိဖုရား'' ၊ ပြင်သစ်မှာ ''ဘုရားသခင်ရဲ့ အာဟာရ'' စသဖြင့် ခေါ်ဆိုကြတယ် ဆိုတာ သင် သိပါရဲ့လား။ မင်းကွတ်သီးကို နာမကျန်းမှုတွေကို ကုသဖို့ သုံးနိုင်ပြီး ထူးကဲတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တာကြောင့် အရှေ့တောင် အာရှမှာ နှစ်ပေါင်း လေးရာကျော်လောက် ကတည်းက လက်ခံ လာခဲ့ ကြပါတယ်။ မင်း
ကွတ်သီးမှာ Xanthone လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုး ပါဝင်တယ်လို့ သိပြီး နောက်ပိုင်းမှာ လူကြိုက် များလာခဲ့ ပါတယ်။

၁) မင်းကွတ်သီးရဲ့ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိကို လေ့လာ တွေ့ရှိပြီးတဲ့ နောက်မှာ ORAC လို့ အမည်ရတဲ့ ဓာတ်ခွဲခန်း လေ့လာ စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။ အဲဒီအခါမှာ တွေ့ရှိခဲ့ ရတာက မင်းကွတ်သီးမှာ ''မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက် နိုင်တဲ့ အစွမ်းထက်တွေကို အာနိသင်'' ရှိနေတယ် ဆိုတဲ့ အချက်ပါ။

၂) မင်းကွတ်သီး ထဲမှာ ပါတဲ့ Xanthone ဟာ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်မှို၊ ဘက်တီးရီးယားနဲ့ အသည်း အဆိပ်သင့်စေတဲ့ အရာတွေကို ဆန့်ကျင် ပေးနိုင်တဲ့ အကောင်းဆုံး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ဖြစ်ပါတယ်။

၃) မင်းကွတ်သီးရဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်တွေကြောင့် တင်ပါးရိုး အာရုံကြော နာကျင်မှုကို သက်သာစေ ပါတယ်။

၎) မင်းကွတ်သီး အရည်ဟာ နှလုံးသွေးကြော မာကျော ကျဉ်းမြောင်းတာ၊ သွေးတိုးတာနဲ့ သွေးခဲပိတ်တာ အပါအဝင် နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေကို ထိထိရောက်ရောက် ကုသမှု ပေးနိုင် ပါတယ်။

၅) နေ့စဉ် အသုံးဝင်ပုံ အနေနဲ့ မင်းကွတ်သီးကို မာလ်တီ ဗီတာမင်နဲ့ သတ္တုဓာတ် အားဆေးနဲ့ တွဲသောက်ရင် အကောင်းဆုံး အားဖြည့် ပေးနိုင်ပါတယ်။

၆) မင်းကွတ်သီးမှာပါတဲ့ ဖိုင်တိုနျူးထရီးရန့်တွေက ခုခံအား စနစ် ကောင်းစေတဲ့ အရာတွေ ဖြစ်ပါတယ်။

၇) မင်းကွတ်သီးမှာ ကင်ဆာ ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ Garcinone E လို့ ခေါ်တဲ့ သဘာဝ ဒြပ်ပေါင်းတစ်မျိုး ပါဝင်နေလို့ပါ။ ဒီဒြပ်ပေါင်းဟာ မင်းကွတ်သီး တစ်မျိုးထဲ မှာပဲ တွေ့ရပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။

၈) မင်းကွတ်သီးဟာ ဗိုင်းရပ်စ်တွေကို တားဆီးနိုင်စွမ်း ရှိတယ်လို့ စင်ကာပူ အမျိုးသား တက္ကသိုလ်က ဆိုပါတယ်။ မင်းကွတ်သီးထဲမှာ ပါတဲ့ Xanthone ဟာ HIV ဗိုင်းရပ်စ်တွေ ပွားများနိုင်စွမ်း မရှိအောင် ဟန့်တား ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။

၉) မင်းကွတ်သီးမှာ အစွမ်းထက် ကင်ဆာ ဆန့်ကျင်ပေးတဲ့ Polysaccharides နဲ့ ဘက်တီးရီးယား ဆန့်ကျင်ပေးတဲ့ အပင်ထွက် ဒြပ်ပေါင်းတွေလည်း ပါဝင်နေ ပါတယ်။

၁ဝ) မင်းကွတ်သီးမှာ ပါတဲ့ ဘက်တီးရီးယား ဆန့်ကျင် ဂုဏ်သတ္တိနဲ့ ဟစ်စတာမင်း တားဆီး နိုင်စွမ်းကြောင့် ဓာတ်မတည့်မှု ဖြစ်တတ်တဲ့ သူတွေ အတွက် ကောင်းကျိုး ရှိပါတယ်။

၁၁) မင်းကွတ်သီးမှာ Xanthone လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းက ၄ဝကျော် ပါဝင်ပါတယ်။ Xanthone မှာ အနာကျက် စွမ်းအင် ရှိတာကြောင့် လူ့ ခန္ဓာကိုယ်ထဲက အင်္ဂါ စနစ်တိုင်းကို ကျန်းမာစေ ပါတယ်။

၁၂) မင်းကွတ်သီး ထဲက အစွမ်းထက် ဒြပ်တွေက အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းစေပြီး ခုခံအားစနစ်ကို သန်စွမ်း စေကာ အရိုးနုတွေကို ထောက်ပံ့ ပေးနိုင် ပါတယ်။ ဒါ့အပြင် အသက်ရှူ လမ်းကြောင်းစနစ်ကို ကျန်းမာစေ ပါတယ်။

၁၃) မင်းကွတ်သီးမှာ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှု အမျိုးမျိုးကို တွန်းလှန်နိုင်တဲ့ အာနိသင် ရှိတယ်လို့ အိန္ဒိယ လေ့လာသူတွေက ဆိုပါတယ်။ ရုတ်တရက် ဖြစ်ပေါ်တဲ့ ရောင်ရမ်းမှုကော တာရှည် ဖြစ်တတ်တဲ့ ရောင်ရမ်းမှုကိုပါ လျော့ကျစေ ပါတယ်။

၁၄) မင်းကွတ်သီးထဲက ကွီနုံးဟာ ဘက်တီးရီးယားတွေကို ဆန့်ကျင် ပေးနိုင်စွမ်း ရှိပါတယ်။

၁၅) မင်းကွတ်သီးရဲ့ အိုမင်းမှု တားဆီးပေးတဲ့ အစွမ်းရှိကာ အဆစ်ကို ပျော့ပျောင်း နိုင်စွမ်း ရှိစေပြီး မူးဝေတာကို သက်သာစေ ပါတယ်။ ဝမ်းလျှောတာကနေ ကင်ဆာအထိ သက်သာစေတဲ့ အာနိသင် ရှိပါတယ်။

၁၆) မင်းကွတ်သီးဟာ သွေးခဲတဲ့ ဖြစ်စဉ်ကို အဟန့်အတား မဖြစ်စေဘဲ အစာအိမ် အနာကို သက်သာစေ ပါတယ်။

၁၇) မင်းကွတ်သီးမှာ အယ်လ်ဇိုင်းမား ရောဂါနဲ့ ပါကင်ဆန် ရောဂါတို့ကို ကာကွယ် ပေးနိုင်စွမ်းလည်း ရှိနေပါတယ်။
 

မှတ်ချက်။      ။ Facebook မှာတွေ့လို့ share ထားတာပါ .. ရေးသူမသိ သိသူ ပြောပြပေးပါနော်.. ။
          ကျမက မင်းကွတ်သီးဆို အရမ်းကြိုက်တယ်..  ခြံထဲမှာလဲ မင်းကွတ်ပင်တွေရှိတယ်လေ.. 
ဟီး (ကြွားတာ)...မင်းကွတ်သီး သီးတဲ့ရာသီဆို အရမ်းပျော်တယ်.. မှည့်ရင်လည်း စားမလောက်ပဲ ကြိုက်လို့သာစားတာ ဘာမှန်းမသိဘူး... အခုမှပဲ သူ့ရဲ့အကျိုးအာနိသင်နဲ့ ဆေးဖက်ဝင်ပုံကို သိရတော့တယ်.. ကျန်းမာရေးအတွက်ရော ဗဟုသုတရစေလို့ရော ဒီပိုစ်လေးကို ကိုယ်တိုင်ကလည်း သိမ်းထားရင်း၊ သူငယ်ချင်းတွေကိုလည်း ပြန်လည်မျှဝေပေးရလို့ ဘယ်သူတင်တာမှန်း မသိပေမယ့်လည်း ပိုစ်တင်တဲ့သူကို ကျေးဇူးတင်မိပါတယ်။